ဤလောက အဘယ်သို့ ဦးတည်နေသနည်း
ဤလောက အဘယ်သို့ ဦးတည်နေသနည်း
သမ္မာကျမ်းစာသည် ယနေ့ခေတ် ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်စပ်လျဉ်း၍ ဤသို့ နှစ်ပေါင်းများစွာကြိုပြောခဲ့၏– ‘နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်။ အကြောင်းမူကား လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိစုံမက်ခြင်းနှင့်ကင်းသောသူ၊ . . . ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ ခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။’—၂ တိမောသေ ၃:၁-၅၊ သမ္မာ။
ဤကျမ်းစာပရောဖက်ပြုချက်သည် ယနေ့ကမ္ဘာလောကကို တိတိကျကျဖော်ညွှန်းနေကြောင်း သင်သဘောတူပေမည်။ သို့သော် ဤကျမ်းစာပရောဖက်ပြုချက်ကို လွန်ခဲ့သည့် အနှစ် ၂,၀၀၀ နီးပါးက မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ရာ ယင်း၏နိဒါန်းပိုင်းတွင်ဖော်ပြထားသော “နောက်ဆုံးသောနေ့ရက်များ” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
မည်သည့်အရာ၏ “နောက်ဆုံးသောနေ့ရက်များ” နည်း
“နောက်ဆုံးသောနေ့ရက်များ” ဟူသည့်ဖော်ပြချက်ကို လူအများ သိရှိလာကြပြီဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း၌ပင် ယင်းသည် ရာပေါင်းများစွာသောစာအုပ်များ၏ ခေါင်းစဉ်ဖြစ်နေပြီ။ မကြာသေးမီက ထုတ်ဝေခဲ့သော The Last Days of Innocence—America at War, 1917-1918 ဟူသည့်စာအုပ်ကို ဥပမာအနေနှင့် သုံးသပ်ကြည့်ပါ။ “နောက်ဆုံးသောနေ့ရက်များ” ဟူသောအသုံးအနှုန်းကို အသုံးပြုသည့်အခါ ကိုယ်ကျင့်တရားအလွန်အမင်း ပျက်ပြားနေသည့် တိကျသော အချိန်ကာလတစ်ခုကို ရည်ညွှန်းကြောင်း ယင်းစာအုပ်၏စကားချီးက အတိအလင်းဖော်ပြသည်။
“၁၉၁၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသည် ယင်း၏သမိုင်းကြောင်းတွင် မည်သည့်အချိန်အခါနှင့်မျှမတူအောင် ပို၍လျင်မြန်စွာ ပြောင်းလဲသွားသည်” ဟု ထိုစာအုပ်၏စကားချီးတွင် ရှင်းပြထား၏။ အမှန်မှာ ၁၉၁၄ ခုနှစ်သည် တစ်ခါမျှမကြုံဖူးသည့် ကမ္ဘာချီစစ်ပွဲသို့ တစ်ရှိန်ထိုးဝင်ရောက်ခဲ့ခြင်းကို အမှတ်သညာပြုသည်။ အဆိုပါစာအုပ်တွင် ဤသို့ဆိုထား၏– “ယင်းသည် အားကုန်လောင်းသည့်စစ်ပွဲကြီးဖြစ်ကာ စစ်တပ်ချင်းမဟုတ်ဘဲ နိုင်ငံချင်း တိုက်ခိုက်ခဲ့သောစစ်ပွဲဖြစ်သည်။” ကျွန်ုပ်တို့သိရှိရမည့်အတိုင်း ဤစစ်ပွဲသည် ကျမ်းစာအသုံးအနှုန်းများဖြစ်သော “နောက်ဆုံးသောနေ့ရက်များ” ၏အစပိုင်း၌ ဖြစ်ပွားခဲ့သည်။
ဤလောကသည် “နောက်ဆုံးသောနေ့ရက်များ” ဟုခေါ်ဆိုထားသည့် တိကျသောအချိန်ကာလတစ်ခု၏အဆုံးသို့ အမှန်တကယ်မကျရောက်မီ ထိုသို့တွေ့ ကြုံရမည်ဟု သမ္မာကျမ်းစာက သွန်သင်သည်။ အမှန်မှာ တစ်ချိန်ကရှိခဲ့သော လောကတစ်ခုသည် အဆုံးတိုင်သွားကြောင်း၊ “ထိုကာလ၌ရှိသောလောကသည် ရေနှင့်လွှမ်းမိုး၍ ပျက်စီး” သွားကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။ ယင်းသည် မည်သည့်ကာလဖြစ်သနည်း။ အဆုံးတိုင်သွားသော ထိုလောကကား အဘယ်နည်း။ ယင်းသည် နောဧခေတ်တွင် တည်ရှိခဲ့သည့် ‘ဘုရားတရား၊ ဘာသာတရားမဲ့သော လောကသားများ’ နှင့်ပြည့်နေသော ရှေးလောကဖြစ်သည်။ အလားတူ ယနေ့လောကလည်း အဆုံးတိုင်တော့မည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်သောသူတို့မှာမူ နောဧနှင့်သူ၏မိသားစုကဲ့သို့ ကပ်ကျော်ကျန်ရစ်မည်ဖြစ်သည်။—၂ ပေတရု ၂:၅; ၃:၆; ကမ္ဘာဦး ၇:၂၁-၂၄; ၁ ယောဟန် ၂:၁၇။
အဆုံးနှင့်ပတ်သက်၍ ယေရှုမိန့်ဆိုခဲ့သည့်အရာ
“ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်း” ခဲ့သည့် နောဧခေတ်အကြောင်းကိုလည်း ယေရှုခရစ် ပြောဆိုခဲ့၏။ “ဤလောကစနစ်ကုန်ဆုံးခြင်း” ဟူ၍ ကိုယ်တော်ရည်ညွှန်းခဲ့သည့်ကာလအတွင်း ပျံ့နှံ့နေမည့် အခြေအနေများကို ရေလွှမ်းမိုးဘေးမတိုင်မီ—ထိုလောကအဆုံးမသတ်မီအချိန်—က တည်ရှိခဲ့သောအခြေအနေများနှင့် ကိုယ်တော်နှိုင်းယှဉ်ခဲ့သည်။ (မဿဲ ၂၄:၃၊ ၃၇-၃၉၊ ကဘ) အခြားဘာသာပြန်ကျမ်းများတွင်မူ “ကမ္ဘာကုန်ခြင်း” သို့မဟုတ် “ခေတ်ကာလကုန်ဆုံးခြင်း” ဟူ၍သုံးနှုန်းဖော်ပြထားသည်။—သမ္မာကျမ်းစာတော်၊ သမာကျမ်း။
ဤလောကအဆုံးမတိုင်မီ မြေကြီးပေါ်ရှိ အသက်တာသည် မည်သို့ဖြစ်မည်ကို ယေရှုကြိုပြောခဲ့၏။ စစ်ပွဲနှင့်စပ်လျဉ်း၍ ကိုယ်တော်က “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ ယင်းသည် ၁၉၁၄ ခုနှစ်တွင် စတင်ဖြစ်ပျက်ခဲ့ကြောင်း သမိုင်းပညာရှင်များ သတိပြုမိကြသည်။ ထို့ကြောင့် အစပိုင်း၌ဖော်ပြခဲ့သည့် စာအုပ်၏စကားချီးတွင် ၁၉၁၄ ခုနှစ်သည် “စစ်တပ်ချင်းမဟုတ်ဘဲ နိုင်ငံချင်းတိုက်ခိုက်ကြသည့် အားကုန်လောင်းသော စစ်ပွဲကြီး” ၏အစကို အမှတ်သညာပြုကြောင်း ဖော်ပြထားသည်။
ယေရှုသည် မိမိ၏ပရောဖက်ပြုချက်တွင် ဤသို့ထပ်လောင်းမိန့်ဆိုခဲ့သည်– ‘အရပ်ရပ်၌ အစာခေါင်းပါးခြင်း၊ မြေကြီးလှုပ်ခြင်းများသည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာအလုံးစုံသည် ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။’ ‘မတရားမှု များပြား’ လာမည်ဟုလည်း ကိုယ်တော်ဆက်၍ မိန့်တော်မူခဲ့၏။ (မဿဲ ၂၄:၇-၁၄၊ သမ္မာ) ကျွန်ုပ်တို့ခေတ်တွင် ယင်းသို့ ဖြစ်ပျက်နေကြောင်း အမှန်ပင် တွေ့ မြင်နေရ၏။ ယနေ့ခေတ် ကိုယ်ကျင့်တရားပျက်ပြားမှုမှာ အလွန်ဆိုးဝါးလှရာ ယင်းသည် ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေခြင်းပင်ဖြစ်သည်။
ဤအကျင့်ယိုယွင်းနေသော ခေတ်ကာလတွင် ကျွန်ုပ်တို့၏အသက်တာသည် မည်သည့်အရာနှင့်တူမည်နည်း။ ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်ပတ်သက်၍ ရောမမြို့ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလု မည်သို့စာရေးခဲ့ကြောင်း သတိပြုကြည့်ပါ။ အရှက်အကြောက်မရှိ လိင်စိတ်ပြင်းပြနေသူတို့အကြောင်း ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ထို့အတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ . . . ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် အပြစ်ဒဏ်ကို ကိုယ်တိုင်၌ခံရကြ၏။”—ရောမ ၁:၂၆၊ ၂၇၊ သမ္မာ။
ပထမရာစုရှိ လူ့ဘောင်အဖွဲ့အစည်းသည် ကိုယ်ကျင့်တရားပျက်ပြားမှုနွံထဲ နစ်သည်ထက်နစ်နေစဉ် “ခရစ်ယာန်အသိုင်းအဝိုင်းငယ်များသည် ၎င်းတို့၏ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် အကျင့်စင်ကြယ်ခြင်းတို့ဖြင့် အပျော်မက်သော အယူမှားသည့်လောကကို စိတ်အနှောင့်အယှက်ဖြစ်စေနေသည်” ဟုသမိုင်းပညာရှင်များက ဆိုကြသည်။ ယင်းကြောင့် ကျွန်ုပ်တို့ ဤသို့ မေးမြန်းသင့်သည်– “ငါနဲ့ ငါ့အပေါင်းအသင်းတွေကကော ဘယ်လိုလဲ။ အကျင့်ယိုယွင်းနေသူတွေနဲ့မတူဘဲ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူအဖြစ် ရပ်တည်နေသလား။”—၁ ပေတရု ၄:၃၊ ၄။
ကျွန်ုပ်တို့တိုက်လှန်နေရ
ကျွန်ုပ်တို့ပတ်ပတ်လည်တွင် အကျင့်ယိုယွင်းမှုဝိုင်းရံနေသော်လည်း “အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ ကောက်ကျစ်ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား” သမီးများဖြစ်ရန်လိုကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သွန်သင်သည်။ ဤသို့ ဖြစ်ရန် ‘အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်မြွက်တရားတော်ကို’ စွဲမြဲစွာ ဆက်လက်ဆုပ်ကိုင်ထားဖို့လိုသည်။ (ဖိလိပ္ပိ ၂:၁၅၊ ၁၆၊ သမ္မာ) ခရစ်ယာန်များသည် အကျင့်ယိုယွင်းဖောက်ပြန်မှုနှင့် မည်သို့ကင်းစင်နိုင်သနည်းဟူမူ သူတို့သည် သမ္မာကျမ်းစာသွန်သင်ချက်များကို လိုက်လျှောက်ဖို့လိုအပ်ပြီး ယင်း၏ကိုယ်ကျင့်တရားစံနှုန်းများအတိုင်း အသက်ရှင်နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အသိအမှတ်ပြုဖို့လိုသည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။
“ဤလောကကိုအစိုးရသော” သခင် စာတန်သည် လူတို့အား သူ့ဘက်သိမ်းသွင်းရန် ကြိုးစားလျက်ရှိ၏။ (၂ ကောရိန္သု ၄:၄) သူသည် “လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်” နေကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ သူ့အတိုင်းလုပ်ဆောင်ခြင်းဖြင့် သူ၏အမှုကိုဆောင်ရွက်နေကြသူတို့လည်း အလားတူဖြစ်သည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅) သူတို့သည် လွတ်လပ်မှုနှင့် ပျော်ရွှင်မှုပေးမည်ဟု ကတိပြုကြသော်လည်း သမ္မာကျမ်းစာဆိုသည့်အတိုင်း ၎င်းတို့ “ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ကျွန်ဖြစ်ကြ၏။”—၂ ပေတရု ၂:၁၉၊ သမ္မာ။
ယင်းနှင့်ပတ်သက်၍ အလှည့်ဖြားမခံပါနှင့်။ ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားသခင်၏စံနှုန်းများကို လျစ်လျူရှုသူတို့သည် ဆိုးကျိုးခံစားကြရမည်။ ကျမ်းရေးသူ ဆာလံဆရာက ဤသို့ရေးသားခဲ့၏– “မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ကယ်တင်ခြင်းနှင့်ဝေးကြပါ၏။” (ဆာလံ ၁၁၉:၁၅၅; သု. ၅:၂၂၊ ၂၃) ယင်းကို ကျွန်ုပ်တို့ ယုံကြည်ပါသလော။ သို့ဆိုလျှင် အကျင့်ယိုယွင်းစေသည့် ဝါဒဖြန့်မှု ကျွန်ုပ်တို့၏စိတ်နှလုံးထဲ မဝင်လာရန် ကာကွယ်ကြပါစို့။
သို့သော် လူအများက ‘ငါလုပ်နေတဲ့အရာက ဥပဒေနဲ့မဆန့်ကျင်ဘူးဆိုရင် မမှားပါဘူး’ ဟူ၍ ပညာမဲ့စွာ ဆင်ခြေပေးကြသည်။ ထိုသို့ ဆင်ခြေပေးခြင်းက မှား၏။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် သင့်ဘဝကို ငြီးငွေ့စေရန် ချုပ်ချယ်သည့်သဘောဖြင့်မဟုတ်ဘဲ သင့်ကို ကာကွယ်ပေးရန် ကိုယ်ကျင့်တရားလမ်းညွှန်မှုကို မေတ္တာပါစွာစီမံပေးထားသည်။ ကိုယ်တော်သည် “သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်” ပေးတော်မူ၏။ ကိုယ်တော်သည် သင့်အား ဘေးဆိုးမှ ကင်းလွတ်စေလိုတော်မူပြီး ပျော်ရွှင်သည့်ဘဝကို ခံစားစေလိုသည်။ အမှန်မှာ သမ္မာကျမ်းစာက ဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် ‘ယခုအသက်တာ၊ အနာဂတ်အသက်တာနှင့်စပ်ဆိုင်သော ကတိတော်ကိုရ’ စေသည်ဟု သွန်သင်၏။ ယင်းမှာ ကိုယ်တော်ကတိပြုထားသည့် ကမ္ဘာသစ်တွင်ရရှိမည့် ထာဝရအသက်ဖြစ်သော “မှန်သောအသက်” ဖြစ်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ၁ တိမောသေ ၄:၈; ၆:၁၉။
သို့ဖြစ်၍ ကျမ်းစာသွန်သင်ချက်များကို လိုက်လျှောက်ခြင်း၏ အကျိုးကျေးဇူးများကို မလိုက်လျှောက်သူတို့ အဆုံးတွင်ခံစားကြရသည့် စိတ်နှလုံးပူဆွေးမှုနှင့် နှိုင်းယှဉ်ကြည့်ပါလေ။ ဘုရားသခင်၏စကားတော်ကို နားထောင်ခြင်းအားဖြင့် ကိုယ်တော့်မျက်နှာသာတော်ရရှိခြင်းက အမှန်ပင် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သည်။ “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟုဘုရားသခင် ကတိပြုတော်မူ၏။—သု. ၁:၃၃။
ကိုယ်ကျင့်တရားကောင်းမွန်သည့် လူ့ဘောင်အဖွဲ့အစည်း
ဤလောက ပျောက်ကွယ်သွားသည့်အခါ “မတရားသောသူသည် မရှိရ” တော့ဟု သမ္မာကျမ်းစာကဆို၏။ ထို့ ပြင် ဤသို့လည်းဆိုထား၏– ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ လူဆိုးတို့မူကား ပြည်တော်မှ ပယ်ရှင်းခြင်းခံရကြလိမ့်မည်။’ (ဆာလံ ၃၇:၁၀၊ ၁၁; သု. ၂:၂၀-၂၂) ထို့ကြောင့် ဖန်ဆင်းရှင်၏ အကျိုးပြုသွန်သင်ချက်များကို လိုက်နာကျင့်သုံးရန် ငြင်းဆန်သူအားလုံးအပါအဝင် အကျင့်ယိုယွင်းသူအားလုံးကို အစအနပင်မကျန်အောင် မြေကြီးပေါ်မှ ရှင်းပစ်မည်ဖြစ်သည်။ ထို့နောက် ကနဦးလူသားမောင်နှံအတွက် ဘုရားသခင်စီမံပေးခဲ့သည့် နေရာနှင့်ဆင်တူသော မြေကြီးပရဒိသုတစ်ခုတွင် ဘုရားသခင်အား ချစ်မြတ်နိုးသူတို့ဖြင့် ပြည့်နေပေတော့မည်။—ကမ္ဘာဦး ၂:၇-၉။
ပရဒိသုတမျှ လှပသည့် သန့်စင်သောကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရသည့် ပျော်ရွှင်ချမ်းမြေ့မှုကို သုံးသပ်ကြည့်ပါ။ ယင်းသို့သော ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရမည့်သူတို့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်လာကြသည့် သန်းပေါင်းများစွာသောသူတို့လည်း ပါဝင်ကြမည်။ ထို့ကြောင့် ဘုရားသခင်၏ ဤကတိတော်များ၌ ရွှင်မြူးဝမ်းမြောက်ပါလေ– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဆာလံ ၃၇:၂၉; ဗျာ. ၂၁:၃၊ ၄။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
ဤလောကအဆုံးတိုင်သောအခါ ဘုရားသခင်အား ကြောက်ရွံ့သူတို့သာ ကပ်ကျော်လွတ်မြောက်ကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဤလောကအဆုံးတိုင်ပြီးနောက် မြေကြီးသည် ပရဒိသုဖြစ်လာမည်