မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

▪ ကနေဒါ​လူမျိုးများ​၏ အိမ်တွင်း​လျှပ်စစ်​ဓာတ်အား​ခ​၏ ပျမ်းမျှ ၅ ရာခိုင်နှုန်း​ခန့်​မှာ အသုံးမပြု​ဘဲ အရန်​သင့်​ဖွင့်​ထားသော လျှပ်စစ်ပစ္စည်း​ကိရိယာ​များ​အတွက် ကုန်ကျ​ခြင်း​ဖြစ်သည်။—NATIONAL POST သတင်းစာ၊ ကနေဒါ။

▪ အစိုးရ​မှ အရေးယူ​ဖြေရှင်း​ရမည့် အရေးကြီးဆုံး​ပြဿနာ​တွင် “လာဘ်​စား​မှု​ကို တိုက်ဖျက်​ခြင်း” နှင့် “ကုန်​ဈေးနှုန်း​ထိုး​တက်​မှု​ကို ထိန်းချုပ်ခြင်း” တို့​ပါဝင်​သည်​ဟု ရုရှား​လူမျိုးများ ယူဆကြ​ကြောင်း သဘောထား​စစ်တမ်း​တစ်ခု​၏ ရလဒ်​က​ဖော်ပြ​သည်။—PRAVDA ရုရှား။ လ့​လာ​မှု​တစ်ခု​အရ ထိုင်ဝမ်​တွင် ငါး​တန်း​နှင့် ခြောက်​တန်း​ကလေး ၂၆.၄ ရာခိုင်နှုန်း​ခန့်​သည် “ကိုယ့်​ကိုယ်ကို သတ်​သေ​ရန် စိတ်ကူး​နေကြ​သည်။”—THE CHINA POST သတင်းစာ၊ ထိုင်ဝမ်။

▪ “နည်း​ပညာ​သည် အနှစ်​တစ်​ရာ​အတွင်း အမေရိကန်​နိုင်ငံ​၏​တစ်ပတ်တာ​အလုပ်ချိန်​ကို ပျမ်းမျှ ၃၈% လျှော့ချ​လိုက်​သော်လည်း နေ့စဉ်​ခရီး​ဝေး အလုပ်ဆင်း​ရခြင်း၊ ထပ်ဆင့်​သင်တန်း​များ​တက်​ရခြင်း​နှင့် အိမ်မှုကိစ္စ​များ​တိုးများ​လာ​ခြင်း​တို့​ကြောင့် အလုပ်သမား​များ​မှာ အားလပ်ချိန်​မရှိဘဲ​ဖြစ်နေ​သည်။”—FORBES မဂ္ဂဇင်း၊ အမေရိကန်​နိုင်ငံ။

▪ စက်​မှု​နိုင်ငံ​များ​မှ မှန်​လုံ​အိမ်​ဓာတ်ငွေ့​ထုတ်လွှတ်​မှု​သည် ၂၀၀၃ ခုနှစ်​နှင့် ၂၀၀၄ ခုနှစ်​များ​တွင် ၁.၆ ရာခိုင်နှုန်း​တိုးလာ​ရာ “ဆယ်နှစ်​ကျော်​အတွင်း အမြင့်ဆုံး” သို့​ရောက်​ခဲ့​သည်။—REUTERS အော့စ်​လို၊ နော်​ဝေး။

တရုတ်​ပြည်​၏​ရေ​ပြဿနာ

တရုတ်​ပြည်​သည် “ရေ​ညစ်ညမ်းမှု​နှင့် ရေ​သန့်​ပြတ်လပ်မှု ဒဏ်​များ​ကို” ခံစား​နေရ​၏။ မြို့ကြီး​အများစု​တွင် စွန့်ထုတ်​လိုက်​သော​ရေ​များ​ကို သန့်စင်​သည့် ရေ​ဆိုး​သန့်စင်စက်​ရုံ​များ​ရှိသော်လည်း ယင်း​တို့ကို​လည်ပတ်​ရန် ငွေကြေး​အလုံအလောက်​မရှိ​ချေ။ “တိုင်းပြည်​၏ မြစ်များ၊ ရေကန်​များနှင့် တူးမြောင်း​များသည် စက်ရုံ​နှင့် အိမ်များ​မှ စွန့်ထုတ်​လိုက်​သော​ရေ​ဆိုး​များ​အပြင် လယ်ယာ​စိုက်ပျိုးရေး​ခြံ​များ​မှ စီး​ထွက်​လာသော ပိုးသတ်ဆေး​များ​ပါဝင်​နေသည့် ရေ​ဆိုး​များ​ကြောင့် ညစ်ညမ်း​လျက်​ရှိသည်” ဟု The Wall Street Journal က​ဖော်ပြ​သည်။ ထို့​ပြင် “လူဦးရေ​သန်း ၃၀၀ ခန့်​သည် သောက်​ရေ​သန့်​မရရှိ​ကြ​ချေ။” အခြေအနေ​မှာ ဆိုးရွား​လျက်​ရှိပြီး “ရင်​လေး​ဖွယ်” ဖြစ်သည်ဟု အဆိုပါ Journal က​ဆို​သည်။

“ခင်ဗျား​တို့​က ဘယ်သူတွေလဲ၊ ယေဟောဝါသက်သေ​တွေ​လား”

မာ​ဆ​မာရိ​တီ​မာ ပီယန်​ဘီ​နို​ဒေသ​ကို အုပ်ချုပ်​သည့် ခရစ်ယာန်​ဂိုဏ်းအုပ်​၏ ဖိတ်ခေါ်ချက်​အရ ကက်သလစ်​လူငယ်များသည် လွန်ခဲ့သော​နှစ်​တွင် အီတလီ​ကမ်းခြေ အဲလ်​ဘာ​၌ ကမ္ဘာ​လှည့်​ခရီးသည်​များ​ထံ ချဉ်းကပ်​ခဲ့​ကြသည်။ ဂိုဏ်းအုပ်​က လူငယ်များ​အား ခရစ်ယာန်​ဖြစ်​လိုလျှင်၊ ခရစ်ယာန်​တစ်ဦး​အဖြစ် ဆက်​ရပ်တည်​လိုလျှင် မိမိတို့၏​ယုံကြည်ချက်ကို လူသိရှင်ကြား​ကြေညာ​ရမည်ဟု ပြော​ခဲ့​သည်။ ယင်းက ခရီးသည်​များ​အား အံ့အားသင့်​စေ​ခဲ့​၏။ Il Tempo သတင်းစာ​အဆို​အရ လူငယ်​အများစုမှာ “ခင်ဗျား​တို့​က ဘယ်သူတွေလဲ၊ ယေဟောဝါသက်သေ​တွေ​လား” ဟု တုံ့ပြန်​ခံ​ခဲ့​ရ၏။

လိင်မှု​ကိစ္စ​နှင့် ဆက်နွှယ်​နေသော​တေးဂီတ

“ညစ်ညမ်း​သော လိင်ဆိုင်ရာ​သီချင်း​စာသား​များ” ပါဝင်​သည့် တေးဂီတ​ကို​နားထောင်​သော ဆယ်ကျော်သက်​များသည် “အခြား​တေးဂီတ​ကို​နားထောင်​သော လူငယ်များ​ထက် ပို​၍ စောစော​လိင်ဆက်ဆံ” ကြဖို့​အကြောင်း​များသည်​ဟု အေ​ပီသ​တင်း​ပါ လေ့လာမှု​တစ်ခု​က ဖော်ပြ​ခဲ့​သည်။ “ယောက်ျား​များ​ကို ‘လိင်စိတ်​ပြင်းထန်​သူ’ အဖြစ်၊ မိန်းမ​များ​ကို လိင်​၏​သားကောင်​အဖြစ် ရုပ်လုံးဖော်​ထားပြီး လိင်ဆိုင်ရာ​အပြု​အမူ​များ​ကို ကွက်ကွက်ကွင်းကွင်း ဖော်ကျူး​ထားသော​တေးသီချင်း​များသည် လိင်ဆိုင်ရာ​ရည်ညွှန်း​ဖော်ပြချက်များ​ကို သွယ်ဝိုက်​ဖော်ပြ​ပြီး ပို​၍​ခိုင်မြဲ​ပုံ​ရသည့် အချစ်ဇာတ်​လမ်းများ​အကြောင်း ဖော်ကျူး​ထားသော​တေး​သီချင်းများ​ထက် လိင်ဆိုင်ရာ​အပြု​အမူ​များ စောစောစီးစီး​ပြုမူ​ရန် ပို​၍​နှိုး​ဆွပေး​နိုင်​ဖွယ်​ရှိသည်။ မိဘများ၊ ဆရာ၊ ဆရာမ​များနှင့် ဆယ်ကျော်သက်​များသည် တေးသီချင်း​စာသား​များ​ကို အထူး​ဂရုစိုက်​ရန်လို​၏” ဟု သတင်းက​ဖော်ပြ​သည်။

ဖြုန်းတီးသော​စားသုံး​သူများ

ဩစတြေးလျ​လူမျိုးများ​သည် ၂၀၀၄ ခုနှစ်​အတွင်း​တွင် ၅.၃ ဘီလီယံ​ဒေါ်လာ (အမေရိကန်​ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုး​ရှိ အစားအသောက်​များ​ကို မစားသုံး​ဘဲ ပစ်လိုက်​ကြသည်​ဟု ဩစတြေးလျ​သုတေသန​အဖွဲ့​တစ်ဖွဲ့​က ဆို​သည်။ ယင်း​ပမာဏ​သည် ၂၀၀၃ ခုနှစ်​အတွင်း ဩစတြေးလျ​မှ နိုင်ငံ​ရပ်​ခြား​သို့​လှူဒါန်း​သော အလှူငွေ​ထက် ၁၃ ဆ​ပို​များသည်။ စုစုပေါင်း​လိုက်​လျှင် ဩစတြေးလျ​လူမျိုး​တို့သည် နှစ်စဉ် ဒေါ်လာ ၁၀.၅ ဘီလီယံ (အမေရိကန်​ဒေါ်လာ ၈.၁ ဘီလီယံ) ထက် တန်ဖိုး​ပို​များသော ကုန်ပစ္စည်း​နှင့် အသုံးအဆောင်​များ​ကို လုံးဝ​မ​သုံး​ဘဲ သို့​မဟုတ် အနည်းငယ်​သာ​သုံး​ခြင်း​ဖြင့် ဖြုန်းတီး​လျက်​ရှိသည်။ ယင်း​ပမာဏ​သည် တက္ကသိုလ်​များနှင့် လမ်းများ​အတွက် တိုင်းပြည်​က အသုံးပြု​သော​ငွေ​ပမာဏ​ထက် ပို​များ​၏။