ချမ်းသာကြွယ်ဝသောကမ္ဘာတွင် အဘယ်ကြောင့် ဤမျှဆင်းရဲနွမ်းပါးရ
ချမ်းသာကြွယ်ဝသောကမ္ဘာတွင် အဘယ်ကြောင့် ဤမျှဆင်းရဲနွမ်းပါးရ
အေဒီ ပထမရာစုတွင် ယေရှုခရစ်က “ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၁၁) ယေရှုအချိန်မှစ၍ လက်ရှိအချိန်အထိ ဆင်းရဲနွမ်းပါးသူများ အမြဲလိုလိုပင် ရှိလေသည်။ သို့သော် ဤမျှချမ်းသာကြွယ်ဝလှသည့် ကမ္ဘာတွင် လူများစွာသည် အဘယ်ကြောင့် ဆင်းရဲနွမ်းပါးနေရသနည်း။
လူတို့ ဆင်းရဲနွမ်းပါးရခြင်းမှာ သူတို့၏ မှားယွင်းသည့်ဆုံးဖြတ်ချက်များကြောင့်ဟု အချို့က ယူမှတ်ကြ၏။ အချို့သောကိစ္စများတွင် ထိုသို့ဖြစ်နိုင်ပါသည်။ အရက်အလွန်အကျွံသောက်စားရန်၊ မူးယစ်ဆေးဝါးသုံးစွဲရန်၊ လောင်းကစားရန် ရွေးချယ်ကြသူတို့သည် မိမိတို့၏ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။ သို့သော် ဆင်းရဲနွမ်းပါးသူအားလုံးသည် မှားယွင်းသောဆုံးဖြတ်ချက်များချမိ၍ မွဲတေကြသည်မဟုတ်ပါ။
စက်မှုလုပ်ငန်းအပြောင်းအလဲများကြောင့် လူများစွာ အလုပ်လက်မဲ့ဖြစ်သွားကြသည်။ အလုပ်သမားများစွာသည် တရိပ်ရိပ်တက်နေသည့် ဆေးကုသစရိတ်များကြောင့် မိမိတို့စုဆောင်းထားသော ချွေးနှဲစာများ ကုန်သွားကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သန်းပေါင်းများစွာသော ဆင်းရဲနွမ်းပါးသူအများစုမှာ အမှားတစ်ခုခု ပြုလုပ်ခဲ့ကြ၍ ဆင်းရဲနွမ်းပါးနေရခြင်းမဟုတ်ချေ။ ဆင်းရဲနွမ်းပါးရခြင်းမှာ မထိန်းချုပ်နိုင်သော အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့်ဖြစ်သည်။
အတိတ်မှသင်ခန်းစာ
၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းက ရုတ်တရက်ဖြစ်ပွားသော ငွေကြေးပြဿနာကြောင့် ကမ္ဘာတစ်ဝန်း စီးပွားပျက်ကပ်ဆိုက်ခဲ့၏။ နိုင်ငံတစ်နိုင်ငံတွင် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး မိသားစုထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ တစ်ချိန်တည်းတွင် လူအများ ဆာလောင်မွတ်သိပ်နေစဉ် လယ်သမားများသည် များပြားလှသည့်ပမာဏရှိ နွားနို့များကို ရေမြောင်းထဲ သွန်ပစ်ခဲ့ကြပြီး ကျွဲနွားတိရစ္ဆာန် သန်းပေါင်းများစွာကို သတ်ပစ်ရန် လယ်သမားများကို အာဏာပိုင်များက ဖိအားပေးခဲ့ကြသည်။
အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ လယ်ယာထွက်ကုန်များနှင့် အခြားသောကုန်ပစ္စည်းများကို အမြတ်တင်ရောင်းရန် သတ်မှတ်ခဲ့သည့် စီးပွားရေးစနစ်ကြောင့်ဖြစ်၏။ နွားနို့၊ အသားနှင့် ဂျုံ၊ စပါးတို့သည် ဆင်းရဲနွမ်းပါးသူတို့အတွက် အလွန်တန်ဖိုးရှိသည်။ သို့သော် အဆိုပါစားသောက်ကုန်များကို အမြတ်တင်ရောင်း၍ မရတော့သည့်အခါ တန်ဖိုးမဲ့သွားပြီဟု သတ်မှတ်ကာ လွှင့်ပစ်လိုက်ကြတော့၏။
မြို့ကြီးများစွာတွင် အစားအသောက်အတွက် ရုန်းရင်းခတ်မှုများ ဖြစ်ပွားခဲ့သည်။ မိမိတို့မိသားစုအတွက် အစာရေစာမဝယ်နိုင်သော ပြည်သူအချို့သည် သေနတ်ဖြင့်ခြိမ်းခြောက်၍ အစားအစာများ လုယူခဲ့ကြသည်။ အခြားသူတို့မူ မွတ်သိပ်မှုဒဏ်ကို ခံစားခဲ့ကြရသည်။ အဆိုပါဖြစ်ရပ်များသည် အမေရိကန်နိုင်ငံတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ စီးပွားပျက်ကပ်အစပိုင်းတွင် အဆိုပါနိုင်ငံ၏ အင်အားကြီးမားသော ငွေကြေးစနစ်သည် ဝင်ငွေအနည်းဆုံးရရှိသူတို့ကို ချည့်နဲ့စေခဲ့၏။ အဆိုပါစီးပွားရေးစနစ်သည် နိုင်ငံသားအားလုံး၏လိုအပ်ရာများဖြစ်သော စားဝတ်နေရေးနှင့် အလုပ်အကိုင်တို့ကို အဓိကဦးစားပေးမည့်အစား အကျိုးအမြတ်များများရရှိရေးနှင့်နှိုင်းယှဉ်ကာ ယင်းလိုအပ်ရာများကို ပဓာနမကျသောကိစ္စဟု ရှုမြင်ခဲ့သည်။
ယနေ့ခေတ် စီးပွားရေးအခြေအနေ
ကမ္ဘာ့စီးပွားရေးသည် စီးပွားပျက်ကပ်မှ ပြန်နာလန်ထူလာခဲ့ရာ ယခု လူများစွာမှာ ပို၍ချမ်းသာကြွယ်ဝလာ၊ ပို၍လုံခြုံစိတ်ချမှုရှိလာပုံရ၏။ သို့သော် ဥစ္စာဓနကြွယ်ဝလာသော်လည်း ဆင်းရဲနွမ်းပါးသူတို့မှာ မိမိတို့ဘဝကိုတိုးတက်စေသည့် အခွင့်အလမ်းများ လုံးဝမရကြချေ။ နိုင်ငံအချို့တွင် အစာရေစာခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုတို့သည် ကြားနေကျသတင်းများဖြစ်နေရာ လူအများက ယင်းသတင်းများကိုဖတ်ရှုရန် ငြီးငွေ့လာကြသည်။ သို့သော် စစ်ကြောင့် စစ်ဘေးဒုက္ခသည်များ ငတ်မွတ်လာသည့်အခါ၊ နိုင်ငံရေးကြိုးကိုင်မှုကြောင့် သိုလှောင်ထားသည့် စားသုံးကုန်များ ပျက်စီးသွားသောအခါ၊ ဈေးကွက်တွန်းအားက ဆင်းရဲနွမ်းပါးသူတို့မတတ်နိုင်သည်အထိ ဘဝလိုအပ်ရာများ၏တန်ဖိုးကို တိုးမြှင့်လိုက်သောအခါ စီးပွားရေးစနစ်၏ရလဒ်များသည် ဆင်းရဲနွမ်းပါးသူအများစုကို ကူညီပေးနိုင်စွမ်းမရှိကြောင်း တွေ့မြင်နေရသည်။ ကမ္ဘာ့စီးပွားရေးစီစဉ်ဖွဲ့စည်းပုံသည် ဆင်းရဲနွမ်းပါးသူ သန်းပေါင်းများစွာကို လျစ်လျူရှုထားသည်။
အမှန်ဆိုရလျှင် လူတို့တည်ထောင်ထားသော မည်သည့်စီးပွားရေးစနစ်ကမျှ လူသားအားလုံး၏ ရုပ်ပစ္စည်းလိုအပ်ရာများကို လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်ခဲ့ချေ။ လွန်ခဲ့သောအနှစ် ၃,၀၀၀ ခန့်က လူ့ဘဝကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သူတစ်ဦးဤသို့ကောက်ချက်ချခဲ့၏– “နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။” (ဒေ. ၄:၁) ရုပ်ပစ္စည်းအလျှံပယ် ကြွယ်ဝချမ်းသာနေသည့် ဤခေတ်ကာလတွင် မရိုးသားသော စီးပွားရေးအမူအကျင့်များ ပြည့်နှက်နေဆဲရှိသည်။
လက်ရှိအချိန်တွင်မူ သန်းပေါင်းများစွာသည် ဆင်းရဲတွင်းမှ မရုန်းထွက်နိုင်ကြချေ။ သို့သော် များစွာသောသူတို့မူ စီးပွားရေးပြဿနာများကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းတတ်ခဲ့ကြပြီ။ ထိုသူတို့သည် အနာဂတ်တွင်ရရှိမည့် ပိုကောင်းသောဘဝအသက်တာကိုလည်း မျှော်လင့်စောင့်စားနေကြ၏။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
အသက်ရှင်ရန် ရုန်းကန်နေရ
စာရေးဆရာနှင့် သတင်းစာဆရာဖြစ်သူ ဒေးဗစ် ကေရှစ်ပလာသည် The Working Poor—Invisible in America ဟူသော ၎င်း၏စာအုပ်တွင် အမေရိကန်နိုင်ငံမှ လူအချို့ ဆင်းရဲတွင်းနက်ပုံကိုသိမြင်ရန် ဤသို့ဖော်ပြထားသည်– “ပျက်စီးဟောင်းနွမ်းနေသည့် လူနေတိုက်ခန်းတစ်ခုသည် ကလေးငယ်တစ်ဦး၏ ရင်ကျပ်ရောဂါကို ပိုမိုဆိုးဝါးစေသည်၊ ယင်းက ဆေးရုံ၌ အရေးပေါ်ကုသဖို့ဖြစ်စေ၏၊ ယင်းက ဆေးဖိုးဝါးခ မရှင်းနိုင်ဘဲဖြစ်စေ၏၊ ယင်းက နာမည်ပျက်စာရင်းဝင်စေ၏၊ ယင်းက မော်တော်ယာဉ်အတွက် ချေးငွေအတိုးနှုန်းကို ထိုးတက်စေ၏၊ ယင်းက တစ်ပတ်ရစ်ကားဝယ်စီးစေ၏၊ ယင်းက မိခင်အား အလုပ်ခွင်သို့ အချိန်မှန်ရောက်ရှိရန် အနှောင့်အယှက်ဖြစ်စေ၏၊ ယင်းက ရာထူးတိုးဖို့၊ လစာကောင်းဖို့ အခွင့်အလမ်းနည်းပါးစေ၏၊ ယင်းတို့ကြောင့် သူသည် ပျက်စီးဟောင်းနွမ်းနေသည့် လူနေတိုက်ခန်းထဲမှ ရုန်းမထွက်နိုင်တော့ချေ။” အဆိုပါကလေးငယ်နှင့် ၎င်း၏မိခင်တို့သည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွင် နေထိုင်နေကြသော်လည်း သူတို့အပေါ် ဘေးဆိုးကြီးကအုပ်မိုးနေသည့်အလား အမြဲထိတ်လန့်ကြောက်ရွံ့နေရရှာသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ရည်ရွယ်ချက်ကောင်းရုံနှင့် လုံလောက်ပါသလော
၁၉၉၃၊ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီရှိ အစိုးရအဆောက်အအုံတစ်ခုအတွင်း၌ အရာရှိအုပ်စုတစ်စုသည် အရေးကြီးသောပြဿနာတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်ကြိုးပမ်းနေကြသည်။ အဆိုပါအရာရှိများသည် အမေရိကန်နိုင်ငံရှိ အိုးမဲ့အိမ်မဲ့များကိုကူညီရန် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲလိုကြသည်။ ၎င်းတို့ ဆွေးနွေးပြောဆိုနေကြစဉ် ရဲများ၊ မီးသတ်သမားများနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာလုပ်သားများက လမ်းတစ်ဖက်ရှိ ဘတ်စကားမှတ်တိုင်တွင် စုရုံးခဲ့ကြသည်။ လူနာတင်ယာဉ်အမှုထမ်းများသည် အိုးမဲ့အိမ်မဲ့အမျိုးသမီးတစ်ဦး၏အလောင်းကို ကောက်နေကြ၏။ သူသည် အိုးမဲ့အိမ်မဲ့များကို ကူညီပေးရန်တာဝန်ရှိသည့် အစိုးရအေဂျင်စီတစ်ခုဖြစ်သော အမေရိကန်အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးဌာန (အိပ်ခ်ျယူဒီ) ရှေ့တွင် သေဆုံးခဲ့သည်။
နောက်ပိုင်းတွင် The New York Times မဂ္ဂဇင်းမှ သတင်းထောက်တစ်ဦးက အိပ်ခ်ျယူဒီမှ လုပ်သားတစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့၏။ အဆိုပါလုပ်သားက အခင်းဖြစ်ပွားရာနေရာတွင်ရှိနေကြသည့် အရေးပေါ်အမှုထမ်းများ၊ ယာဉ်များနှင့်ပတ်သက်၍ ဤသို့ဝေဖန်ခဲ့သည်– “မသေခင်က ဘာအကူအညီမှမရခဲ့တဲ့သူဟာ သေဆုံးပြီးနောက်မှ အကူအညီအများကြီးရသွားတာကို တွေ့လိုက်ရတာ အတော်ထူးဆန်းတယ်။”
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
၁၉၃၀ ပြည့်လွန်နှစ်များက စီးပွားပျက်ကပ်အတွင်း တိုင်းတစ်ပါးမှပြောင်းရွှေ့လာသည့် မိခင်နှင့် ၎င်း၏ကလေးသုံးဦး
[Credit Line]
Dorothea Lange, FSA Collection, Library of Congress
[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]
လခနည်းပြီး ပင်ပန်းကြီးစွာလုပ်ရသည့် ဤကဲ့သို့သောစက်ရုံတစ်ရုံတွင် ပျမ်းမျှလုပ်အားခမှာ တစ်လလျှင် ၁၄ ဒေါ်လာဖြစ်ပြီး အလုပ်သမားများသည် တစ်ပတ်လျှင် နာရီ ၇၀ အလုပ်လုပ်ရန် အတင်းအကျပ် စေခိုင်းခံရကြပေမည်
[Credit Line]
© Fernando Moleres/Panos Pictures