မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲနွမ်းပါးသူတို့အတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း

ဆင်းရဲနွမ်းပါးသူတို့အတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း

ဆင်းရဲ​နွမ်းပါး​သူတို့​အတွက် အဘယ်​မျှော်လင့်ချက် ရှိ​သနည်း

အလုပ်​ကြိုးစား​သူတို့သည် သင့်လျော်​သော​လုပ်ခ ရ​နေသရွေ့ အသက်ရှင်ရေး​အတွက် အလုပ်​ကြိုးစား​ခြင်း​သည် မမှား​ချေ။ ကျမ်း​ရေးသူ​တစ်ဦး၏ ဤ​မှတ်ချက်များ​ကို သတိပြု​ကြည့်​ပါ– “လူသည် အသက်ရှင်စဉ်​တွင် ရွှင်လန်းခြင်း . . . ထက် မိမိ​အဖို့ သာ၍​ကောင်းသော​အမှုအရာ​မရှိကြောင်း​ကို ငါ​သိမြင်​၏။ လူတိုင်း စားသောက်ခြင်း၊ မိမိ​ပင်ပန်း​စွာ​လုပ်ကိုင်​သမျှ​သော​အမှု၌ ပျော်မွေ့ ခြင်း​များသည် မုချ​အားဖြင့် ဘုရားသခင်​၏​ဆုကျေးဇူး​တော်​ဖြစ်၏။”—ဒေ. ၃:၁၂၊ ၁၃သမ္မာ။

သို့သော် ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရသည့်​အတိုင်း ကမ္ဘာ့​စီးပွားရေး​စနစ်​သည် အလုပ်သမား​များ​ကို တရားလွန် ခိုင်းစေ​သော်လည်း လုပ်အားခ​ကို​မူ မဖြစ်​စ​လောက်​သာ ပေးလေ့​ရှိ၏။ လူ​များစွာမှာ ဆင်းရဲ​မြဲ​ဆင်းရဲ​နေပြီး နေ့စဉ်​အသက်ဆက်​ဖို့​အရေး ကြိုးစား​ရုန်းကန်​နေရ​ရှာ​သည်။ မိမိတို့​ဖြတ်သန်း​နေရ​သည့် ဘဝ​ပုံစံ​ကြောင့် ‘ပျော်မွေ့​လို​စိတ်၊ ကောင်းသော​အရာ​ကို ကြည့်ရှု​ခံစား​လို​စိတ်’ မရှိကြ​တော့​ချေ။ ကမ္ဘာကြီး​သည် အလွန်​ကြွယ်ဝ​ချမ်းသာ​လာ​သော်လည်း ကမ္ဘာ့​လူသားထု​၏​ထက်ဝက်​သည် အဆိုပါ​ကြွယ်ဝမှု​မှ အကျိုး​ခံစားခွင့် မရ​ကြ​ချေ။

ဘုရားသခင်​သည် ဆင်းရဲ​နွမ်းပါး​သူတို့ကို စိတ်ဝင်စား​တော်​မူ

လူသား​တို့၏​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​သည် ဤ​အခြေအနေ​ကို နှစ်မြို့​တော်​မ​မူ​ချေ။ ယေဟောဝါ​သည် ဆင်းရဲ​နွမ်းပါး​သူတို့ကို သနား​ကြင်နာ​စွာ ကြည့်ရှု​တော်​မူ​၏။ သမ္မာကျမ်းစာ​တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “[ဘုရားသခင်​သည်] နိမ့်ကျ​သူတို့၏ အော်ဟစ်သံ​ကို မေ့လျော့​တော်​မ​မူ​တတ်​ပါ။” (ဆာလံ ၉:၁၂သမ္မာ) ယေဟောဝါ​သည် ဆင်းရဲ​နွမ်းပါး​သူတို့ကို ဂရုစိုက်​တော်​မူ​သော ဘုရားသခင်​ဖြစ်​တော်​မူ​သည်။

ယေဟောဝါ​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ခိုကိုးရာ​မဲ့​သော​သူသည် ကိုယ်တော်၌ ကိုယ်ကို​အပ်​ပါ​၏။ ကိုယ်တော်​သည် အဘ​မရှိသော​သူကို မစ​သော​အရှင်ဖြစ်​တော်​မူ​၏။” (ဆာလံ ၁၀:၁၄သမ္မာ) ဤ​ကျမ်းချက်​တွင် ဆင်းရဲ​ဝေဒနာ​ခံစား​နေရသူ တစ်ဦးချင်း​စီ​အား ဘုရားသခင် မည်သို့​ယူမှတ်​ကြောင်း ဖော်ပြ​သည်ကို သတိပြု​ကြည့်​ပါ။ * မှန်ပါသည်၊ ဘုရားသခင်​သည် တစ်ဦးချင်း​စီ​ကို ကြည့်ရှု​တော်​မူ​ပြီး ထို​သူ၏​လိုအပ်ရာ​များ​ကို ထည့်သွင်း​စဉ်းစား​ပေး​တော်​မူ​သည်။ ကိုယ်တော်​အတွက် လူတစ်ဦး​စီ​သည် တန်ဖိုး​ရှိပြီး ကြည့်ရှု​စောင်မ​ထိုက်​၏။ ယေဟောဝါ​သည် စီးပွားရေး​အဆင့်အတန်း​အမျိုးမျိုး​မှ လူ​တို့အား ကိုယ်တော်​အကြောင်း သင်ယူ​သိရှိ​စေပြီး ကိုယ်တော်​နှင့်​မိတ်ဖွဲ့​ရန် ဖိတ်ခေါ်​တော်​မူ​၏။

ဘုရားသခင်​ထံ​မှ လူ​တို့​သင်ယူ​သိရှိ​နိုင်​သည့်​အရာတစ်ခု​မှာ အခြား​သူများကို သနား​ကြင်နာ​ပြီး စာနာမှု​ပြ​ခြင်း​ဖြစ်သည်။ ယေဟောဝါသက်သေ​များသည် မိမိတို့​ကိုယ်ကို ဝိညာဉ်​ရေး​မိသားစုကြီး​အဖြစ် ယူမှတ်​ကြသည်။ သူတို့သည် အချင်းချင်း တစ်ဦး​ကိုတစ်​ဦး တန်ဖိုး​ထား​ကြ​ရာ ၎င်း​တို့​အလယ်တွင် စစ်မှန်သော​ခရစ်ယာန်​မေတ္တာ ရှင်သန်​တိုးပွားလျက်​ရှိ၏။ တစ်ချိန်​တွင် သခင်​ယေရှု​ခရစ်​က မိမိ၏​နောက်လိုက်​များ​အား “သင်တို့​အပေါင်း​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၃:၈) သို့​နှင့် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​တွင် ပါဝင်​ကြ​သူအား​လုံး​သည် ဆင်းရဲ​ချမ်းသာ၊ အဆင့်အတန်း​မခွဲခြား​ဘဲ ညီအစ်ကို​အသင်းအပင်းဝင် ဖြစ်လာ​ကြ​လေ​သည်။ သူတို့သည် အခက်အခဲ​ကြုံ​သောအခါ တစ်ဦး​ကိုတစ်​ဦး​ဂရုစိုက်​၍ အားပေး​ကြ​လေ​သည်။

သမ္မာကျမ်းစာ​တွင် ဆင်းရဲ​နွမ်းပါး​မှု​ဒဏ်​ကို လျော့ပါး​စေနိုင်​သည့် မူများ​ပါရှိ​၏။ ဘုရားသခင်​သည် ဆေး​ရွက်​ကြီး​အသုံးပြုခြင်း​နှင့် အရက်​သေ​စာ​သောက်​စားခြင်း​တို့​ကြောင့် ကိုယ်ခန္ဓာ​ညစ်ညူး​ခြင်း​ကို ပြစ်တင်​ရှုတ်ချ​တော်​မူ​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (သု. ၂၀:၁; ၂ ကောရိန္သု ၇:၁) ကျမ်းစာ​မူများ​အတိုင်း အသက်ရှင်နေ​ထိုင်​သူသည် အကျိုးမပြု​သည့်​အလေ့အထ​များ​တွင် အလဟဿ​ဖြစ်သွား​မည့်​ငွေ​ကို သက်သာ​စေမည်​ဖြစ်သည်။ ဆေးလိပ်​မ​သောက်၊ အရက်​သေ​စာ​မ​သောက်ကြူး​ခြင်း​ကြောင့် ဖျားနာ​မှု​နှင့်​ကင်းဝေး​ကာ ဆေး​ဖိုး​ဝါး​ခ​မကုန်​တော့​ချေ။ ထို့ ပြင် သမ္မာကျမ်းစာ​သည် လူ​တို့ကို ရုပ်ပစ္စည်း​မတပ်မက်​ရန်၊ လို​ဘ​မကြီး​ရန် သွန်သင်ပေး​၏။ (မာကု ၄:၁၉; ဧဖက် ၅:၃) ဤ​ကိစ္စ​များ​တွင် သမ္မာကျမ်းစာ​ကို အလေးဂရုပြု​ခြင်း​အားဖြင့် လူတစ်ဦး​သည် မိမိ၏​ငွေ​များ​ကို လောင်းကစားခြင်း​တွင် ဖြုန်းတီး​ပစ်​မည်​လည်း မဟုတ်​ချေ။

ဆင်းရဲ​တွင်း​နက်​နေချိန်​၌​ပင် နေ့စဉ်​အသက်ရှင်​နေထိုင်​ရေး​အတွက် လက်တွေ့ကျ​သော​မူများ​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည်။ အောက်ပါ​တွေ့ ကြုံ​မှု​ကို ဂရုပြု​ကြည့်​ပါ။

အလုပ်​လက်မဲ့​နှုန်း မြင့်တက်​လာ​သည့် နိုင်ငံ​တစ်နိုင်ငံ​တွင် စက်ရုံ​အလုပ်​သ​မ​တစ်ဦး​သည် ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်​ရန် အလုပ်​နား​ရက်​တောင်းဆိုခြင်း​ဖြင့် အလုပ်ပြုတ်​မည့်​ကိန်း​ရှိခဲ့​သည်။ သူ၏​ကြီးကြပ်ရေးမှူး​သည် သူ့ကို အလွယ်တကူ အလုပ်​ဖြုတ်​၍​ရသည်။ သို့သော် အလုပ်​ဖြုတ်​မည့်​အစား ကြီးကြပ်ရေးမှူး​သည် သူ၏​တောင်းဆိုမှု​ကို သဘောတူ​ခွင့်ပြု​လိုက်ခြင်း​ဖြင့် သူနှင့် အခြားသော​အလုပ်သမား​များ​ကို အံ့အားသင့်​စေ​ခဲ့​၏။ ထို့​ပြင် သူ့​အား စက်ရုံ​တွင် ဆက်​အလုပ်လုပ်​စေ​လို​ကြောင်း ကြီးကြပ်ရေးမှူး​က​ပြော​ပြီး သူ့ကို “စံပြ​အလုပ်​သ​မ” အဖြစ် ချီးမွမ်း​ပြောဆို​ခဲ့​သည်။ အဘ​ယ့်​ကြောင့်​နည်း။

ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သော ထို​အလုပ်​သ​မ​သည် ကျမ်းစာ​မူများ​အတိုင်း အသက်ရှင်နေ​ထိုင်​ခဲ့​၏။ ‘အရာရာ၌ ရိုးသား’ လို​သဖြင့် သူသည် မ​လိမ်ညာ​ခဲ့၊ မခိုး​ဝှက်​ခဲ့​ပေ။ သို့​နှင့် ရိုးသား​သူ​ဟူ၍ နာမည်​ကောင်း​ရခဲ့​၏။ (ဟေဗြဲ ၁၃:၁၈က​ဘ) သူသည် ကောလောသဲ ၃:၂၂၊ ၂၃ ပါ​ကျမ်းစာမူ​ကို နာခံ​လိုက်လျှောက်​ကာ အလုပ်ကို “စေတနာ​စိတ်” ဖြင့်​လုပ်ဆောင်ခဲ့​၏။ ဆိုလိုသည်မှာ သူသည် မိမိ၏​အလုပ်ရှင်​ကို နာခံ​ပြီး နေ့စဉ်​လုပ်ဆောင်​ရမည့် မိမိ၏​တာဝန်​ကို ဝီရိယ​ရှိ​ရှိ လုပ်ကိုင်​ခဲ့​သည်။

ကျွန်ုပ်​တို့သည် တစ်ကိုယ်ကောင်း​စိတ်​ပျံ့နှံ့​နေပြီး အကျိုးအမြတ်​ရ​ရေး​ကို​သာ အဓိက​ထားသော စီးပွားရေး​စနစ်​တွင် အသက်ရှင်နေ​ထိုင်​ကြသည်။ ကျမ်းစာ​မူများ​ကို အလွန်​လေးစား​သူ​အချို့​သည် အစားအစာ၊ အဝတ်​အထည်​နှင့် အိုးအိမ်​ရရှိရန် ရုန်းကန်​လှုပ်ရှား​နေရ​ဆဲ​ပင်​ဖြစ်​မည်။ သို့သော် ထို​သူတို့သည် မိမိတို့​ဖန်ဆင်း​ရှင်​၏ မျက်မှောက်​တော်​တွင် ကိုယ်ကိုကိုယ်သိစိတ်​ကြည်လင်​ပြီး ရှေ့​လာ​မည့်​အချိန်​အခါ​ကောင်း​ကို ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် မျှော်လင့်​စောင့်စား​နေကြ​သည်။ အကြောင်း​မှာ ယေဟောဝါ​သည် “မျှော်လင့်ခြင်း​၏​အရှင်၊ ဘုရားသခင်” ဖြစ်​တော်​မူ​သောကြောင့်​တည်း။—ရောမ ၁၅:၁၃

ဆင်းရဲ​နွမ်းပါး​မှု​အတွက် တည်မြဲသော​ဖြေရှင်း​နည်း

ဆင်းရဲ​နွမ်းပါး​သူတို့အား မတရား​ဖိနှိပ်​ချုပ်ချယ်​ရန် ထောက်ခံ​အားပေးသူ​တို့ကို ယေဟောဝါ အလွန်​ရွံမုန်း​တော်​မူ​ကြောင်း သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​၏။ ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​က ဤသို့​ဆို​သည်– “ငတ်မွတ်​သော​သူတို့ကို တရား​ရှုံး​စေခြင်း​ငှာ​လည်းကောင်း၊ ငါ​၏​လူမျိုး​တွင် ဆင်းရဲသား​တို့၏​အခွင့်အရာကို ရုပ်သိမ်းခြင်း​ငှာ​လည်းကောင်း၊ မုဆိုးမ​တို့ကို ညှဉ်းဆဲ​၍ မိဘ​မရှိသော​သူတို့၏​ဥစ္စာ​ကို လုယူခြင်း​ငှာ​လည်းကောင်း၊ မတရား​သဖြင့်​စီရင်​သော​သူ၊ ကျပ်တည်း​စွာ​သော​မှတ်ချက်​ကို မှတ်သား​သော​စာရေး​တို့သည် အမင်္ဂလာ​ရှိကြ​၏။” (ဟေရှာယ ၁၀:၁၊ ၂) ဆင်းရဲ​နွမ်းပါး​သူတို့ကို စိတ်လို​ကိုယ်​လျောက် လျစ်လျူရှု​သည်​ဖြစ်စေ၊ အမှုမဲ့​အမှတ်မဲ့ လျစ်လျူရှု​မိ​သည်​ဖြစ်စေ ယနေ့ခေတ် လူ့​အဖွဲ့အစည်း​၏ စီးပွားရေး​လုပ်ဆောင်မှုများ​ကို ထိန်းချုပ်​သူတို့သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင် ဖယ်ရှား​တော့​မည့် ဆိုးရွား​သော​စနစ်​၏ အစိတ်အပိုင်း​များ​ဖြစ်​ကြသည်။

ထိုသို့​သော မတရား​ဖိနှိပ်​သူများကို ပရောဖက်​ဟေရှာယ​က “ရပ်​ဝေး​ဒေသ​မှ ဘေးအန္တရာယ်​ဆိုး​နှင့် တွေ့ကြုံ​စေတော်မူ​သောအခါ သင်တို့ အဘယ်​သို့​ပြု​ကြ​ပါ​မည်​နည်း” ဟု အရေးတကြီး​မေးမြန်း​လေ​သည်။ (ဟေရှာယ ၁၀:၃ခ​မ) ယေဟောဝါ​သည် ဖိနှိပ်​သူများ​ဖြစ်ပေါ်​စေသည့် မတရားသော​စနစ်​ကို ဖျက်ဆီး​လိုက်ခြင်း​ဖြင့် ထိုသို့​သော​သူတို့အား ဖယ်ရှားပစ်​တော်​မူ​မည်။

သို့သော် ဘုရားသခင့်​ရည်ရွယ်တော်မူချက်တွင် ဖိနှိပ်​သူတို့ကို အရေးယူ​ခြင်း​ထက်မက​ပါဝင်​သည်။ ကိုယ်တော်​သည် ရိုးသား​ဖြောင့်မတ်​သူတို့အား မတရားမှု​ကင်း​သည့်​ဘဝ​ပုံစံ​ကို ပေးသနား​တော်​မူ​မည်။ ကိုယ်တော်​သည် မြင့်မြတ်​သည့်​အုပ်ချုပ်မှု​ပုံစံ​ဖြင့် လူသား​အားလုံး​ကို ဆင်းရဲ​နွမ်းပါး​မှု​ကင်း​သော ကျေနပ်​ပျော်ရွှင်ဖွယ်​ကောင်း​သည့် အသက်တာ​သို့ ပို့ဆောင်​တော်​မူ​မည်။ ထို​အချိန်တွင် ချမ်းသာ​ကြွယ်ဝ​ရန် သင်သည် ငွေ​အများအပြား အမွေဆက်ခံ​စ​ရာ၊ စီးပွားရေး​အဆက်အသွယ်​ကောင်း​ရှိ​စ​ရာ၊ စီးပွားရေး​ကျွမ်းကျင်​စ​ရာ မလို​တော့​ချေ။ ထိုသို့​သော​အပြောင်းအလဲ​များ ဖြစ်ပျက်​လာ​မည်​ဟု ကျွန်ုပ်​တို့ မည်သို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

လူသား​တို့ကို​အုပ်ချုပ်​ရန် ယေဟောဝါ​ခန့်အပ်​တော်​မူ​သော ယေရှု​ခရစ်​သည် ထို​ထူးမြတ်​လှ​သည့်​အနာဂတ်​ကို ‘အသစ်​ပြုပြင်မှု’ ဟု​ရည်ညွှန်းခဲ့​၏။ (မဿဲ ၁၉:၂၈) ဤ​စကားလုံး​သည် လူ့​ဘဝ​အား အသစ်​ပြန်​စတင်ခြင်း​ကို ဖော်ပြ​သည်။ ‘အသစ်​ပြုပြင်မှု’ ဟူသော​အသုံးအနှုန်း​ကို အသုံးပြုခြင်း​အားဖြင့် ယေဟောဝါ​သည် ဖြောင့်မတ်​သော​လူသား​တို့ကို မေတ္တာ​ပြည့်ဝ​သည့် ဖန်ဆင်း​ရှင်​၏​အလိုတော်အတိုင်း အသက်ရှင်​နေထိုင်ခွင့်​ပြု​မည်​ဖြစ်​ကြောင်း ယေရှု အလေးပေး​ဖော်ပြ​ခဲ့​၏။ ထို​အချိန်တွင် လူသားတို့​အတွက် ကိုယ်တော်​ဆောင်ကြဉ်း​ပေး​မည့် အကျိုးကျေးဇူး​များစွာ​အနက်​တစ်ခု​မှာ လူများစွာ​အပေါ် ဝန်ပိနေ​စေသည့် စီးပွားရေး​အခက်အခဲ​များ​ကို ထာဝစဉ်​ဖယ်ရှားခြင်း​ဖြစ်သည်။

ယေရှု​ခရစ်​၏​အုပ်ချုပ်မှု​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ပရောဖက်ပြု​ထား​သည်– “နွမ်းပါး​သူ​အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ခိုကိုးရာ​မရ​သော​ဆင်းရဲသူ​ကိုလည်း​ကောင်း ကယ်လွှတ်​တော်​မူ​၏။ ဆင်းရဲသူ​နှင့် နွမ်းပါး​သူကို သနား​၍ နွမ်းပါး​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​၏။ သူတို့​အသွေးကို နှမြော​တော်​မူ​သဖြင့် အသက်ကို​ညှဉ်းဆဲခြင်း​နှင့် ကြမ်းကြုတ်ခြင်း​၏​လက်​မှ ရွေးနုတ်​တော်​မူ​၏။”—ဆာလံ ၇၂:၁၂-၁၄သမ္မာ။

နှစ်​လို့​ဖွယ်​ကောင်းသော ဤ​အနာဂတ်​ကို သင်​ပိုင်ဆိုင်​နိုင်​ပါ​သည်။ သို့သော် ထို​ကမ္ဘာသစ်​အသက်တာ​အတွက် ဘုရားသခင့်​တောင်းဆိုချက်​များ​ကို ပြည့်မီ​ရန် သင်သည် ဦးစွာ စစ်မှန်သော​ဘုရားသခင်​၏​အလိုတော်ကို သင်ယူပြီး ထို​အတိုင်း​လုပ်ဆောင်ဖို့ အရေးကြီး​သည်။ သမ္မာကျမ်းစာ​အသိပညာကို​အခြေခံ​ပြီး ပညာ​ရှိသော​ဆုံးဖြတ်ချက်​များ​ချပါ​လေ။ လူသား​အားလုံး​အတွက် ဘုရားသခင်​ပြင်ဆင်​ပေး​ထား​သည့် ထူးမြတ်​လှ​သော​အနာဂတ်​ကို မျှော်လင့်​စောင့်စား​ရင်း အသက်ရှင်​နေထိုင်ပါ။ သင် စိတ်ပျက်​ရ​လိမ့်​မည်​မဟုတ်​ချေ။ “နွမ်းပါး​သော​သူတို့ကို အစဉ်​မေ့လျော့​တော်​မ​မူ။ ဆင်းရဲသော​သူတို့သည် မျှော်လင့်​၍​မရဘဲ အစဉ်​နေရ​ကြ​မည်​မဟုတ်” ဟူ၍ သမ္မာကျမ်းစာ​တွင် ကတိပြု​ထား​၏။—ဆာလံ ၉:၁၈သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဆင်းရဲ​ဝေဒနာ​ခံစား​နေရသူ​တို့ကို ဘုရားသခင်​စိုးရိမ်မကင်း​ဖြစ်​ကြောင်း အသားပေး​ဖော်ပြ​သည့် ကျမ်းချက်​နှစ်ချက်မှာ ဆာလံ ၃၅:၁၀ နှင့် ဆာလံ ၁၁၃:၇ တို့​ဖြစ်သည်။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

နှစ်​လို့​ဖွယ်​ကောင်းသော​အနာဂတ်​ကို သင်​ပိုင်ဆိုင်​နိုင်

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စီးပွားရေး​အခြေအနေ ပို​ကောင်းသော​ဒေသ​သို့ ကျွန်ုပ်​ပြောင်းရွှေ့​သင့်​သလော

လူတို့သည် မည်သည့်​နေရာ၌​နေထိုင်ပြီး မည်သည့်​အလုပ်လုပ်​ရမည်ဟု သမ္မာကျမ်းစာ​တွင် မဖော်​ပြ​ထား​ချေ။ သို့သော် စီးပွားရေး​အခြေအနေ​ကြောင့် အခြား​နိုင်ငံ​တစ်နိုင်ငံ​သို့ ပြောင်းရွှေ့​သွားခြင်းက သင့်လျော်​မသင့်​လျော်​ဟူသည်​ကို လူတစ်ဦး​ဆုံးဖြတ်​နိုင်​ရန် ကျမ်းစာ​မူများ​က ကူညီ​ပေး​နိုင်​ပါ​သည်။ အောက်​ဖော်ပြ​ပါ​မေးခွန်းများ​နှင့် ကျင့်သုံး​ရမည့်​ကျမ်းစာ​မူများ​ကို ဂရုပြု​ကြည့်​ပါ​လေ။

၁။ အခြေအမြစ်​မရှိသည့်​စကား​များ​ကြောင့် ကျွန်ုပ်​လှည့်ဖြား​ခံ​နေရ​သလော။ သု. ၁၄:၁၅ တွင် ဤသို့​ဖော်ပြ​ထား​သည်– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” အရှေ့​ဥရောပ​မှ အမျိုးသား​တစ်ဦး​သည် ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​တစ်နိုင်ငံ​သို့ ပြောင်းရွှေ့​သွားပြီး​နောက် ဤသို့​ဆို​ခဲ့​သည်– “ဒီ​နိုင်ငံ​မှာ ရွှေ​ပင်​ငွေ​ပင်​တွေ ပေါက်​နေတယ်လို့ ကြားသိ​ခဲ့​ရတယ်။ အဲလို​အပင်​တွေ​ကို အခုထက်ထိ ကျွန်တော် ရှာ​လို့​မ​တွေ့​သေး​ဘူး။”

၂။ ကျွန်ုပ်​၏ မိသားစု​လိုအပ်ရာ​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တွင် မျှတသော​အမြင်​ရှိ၏​လော။ လိုအပ်ရာ​များနှင့် လက်တွေ့​မကျ​သော လိုချင်ရာ​များ​ကြား​တွင် ကျွန်ုပ်​ခေါင်းရှုပ်​နေ​သလော။ အိမ်ထောင်ဦးစီး​များသည် မိမိ​ဇနီး​နှင့် သားသမီး​များ​အတွက် ရုပ်ပစ္စည်း​လိုအပ်ရာ​များ စီမံ​ပေး​ရန် တာဝန်​ရှိကြသည်။ (၁ တိမောသေ ၅:၈) သို့သော် ဖခင်​များသည် မိမိတို့၏​သားသမီး​များ​ကို ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​အရ သွန်သင်ပေး​ရန်​လည်း ဘုရားသခင်​ရှေ့တော်တွင် တာဝန်ရ​ရှိ​ထား​ကြသည်။ (တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄) ဖခင်​တစ်ဦး​သည် ရပ်​ဝေး​သို့​သွား​၍ အလုပ်လုပ်​မည်​ဆိုလျှင် ရုပ်ပစ္စည်း​များ ပို​၍​ထောက်ပံ့​ပေး​ကောင်း ပေး​နိုင်​ပေမည်။ သို့သော် သူသည် မိသားစု​နှင့် အချိန်ကြာကြာ ခွဲနေ​မည်​ဆိုလျှင် သားသမီး​များ​၏ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေးရာ​တို့ကို လိုအပ်​သလို မ​သွန်သင်ပေး​နိုင်​တော့​ချေ။

၃။ ဇနီးသည်​နှင့် အချိန်ကြာကြာ​ခွဲနေ​ခြင်း​က အိမ်ထောင်ရေး​ဖောက်ပြန်​ဖို့​အကြောင်း ရှိသည်​ကို ကျွန်ုပ် သဘောပေါက်​၏​လော။ အိမ်ထောင်သည် ဇနီး​မောင်နှံ​များသည် အချင်းချင်း​၏​လိင်ဆိုင်ရာ လိုအပ်ရာ​များ​ကို ထည့်​စဉ်းစား​ရန် ကျမ်းစာ​က သတိပေး​ထား​သည်။—၁ ကောရိန္သု ၇:၅

၄။ နိုင်ငံ​တစ်နိုင်ငံ​ထဲ​သို့ တရား​မဝင် ဝင်ရောက်​နေထိုင်ခြင်း​က အာဏာပိုင်​များ​၏ အရေးယူ​မှု ခံရ​နိုင်​ကြောင်း ကျွန်ုပ်​သဘောပေါက်​၏​လော။ စစ်မှန်သော ခရစ်ယာန်​များသည် နိုင်​ငံ့​ဥပဒေ​များ​ကို​နာခံ​ရန် တာဝန်​ရှိကြသည်။—ရောမ ၁၃:၁-၇

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ကျမ်းစာမူ​များသည် ဆင်းရဲ​ချမ်းသာ​မရွေး အားလုံး​အတွက် လက်တွေ့ကျ

[Picture Credit Line on page 7]

Top: © Trygve Bolstad/​Panos Pictures