မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား

ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား

လူငယ်များ​အမေး . . .

ဒီ​လူဟာ ငါ​နဲ့​သင့်တော်​ပါ့​မလား

အချိန်ခဏ​ယူ၍ အောက်ပါ​မေးခွန်းများကို ဖြေဆိုပါ–

သင်၏​အိမ်ထောင်ဖက်​လောင်း​တစ်ဦး​တွင် မည်သည့်​အရည်အချင်းများ မရှိမဖြစ်​လိုအပ်​သည်​ဟု သင် လောလောဆယ်​ရှုမြင်​သနည်း။ အောက်တွင်​ဖော်ပြ​ထား​သည့်​စာရင်း​တွင် အရေးပါဆုံး​ဟု သင်ယူ​ဆ​သည့် အရည်အချင်း​လေးခု​ဘေး​တွင် ✔ မှတ်သား​ပေး​ပါ။

․․․․․ ချောမော​လှပ–ဝိညာဉ်​ရေး​ကောင်း

․․․․․ ဖော်ရွေ–ယုံကြည်​စိတ်ချ​ရ

․․․․․ ရေပန်းစား–ကိုယ်ကျင့်တရား​ကောင်း

․․․․․ ပျော်ပျော်​နေတတ်–ပန်းတိုင်​ရှိသူ

သင်​ငယ်ရွယ်စဉ်​က တစ်ဦး​တစ်ယောက်ကို အရူးအမူး​စွဲလမ်း​ခဲ့​ဖူး​သလော။ ထို​အချိန်​က ထို​သူနှင့်​ပတ်သက်​၍ သင်​အနှစ်သက်ဆုံး​ဖြစ်​ခဲ့​သည့် အရည်အသွေး​တစ်ခု​ကို အထက်ပါ​စာရင်း​များ​ထဲ​မှ တစ်ခု​၏​ဘေး​တွင် X မှတ်သား​ပြ​ပါ။

အထက်ပါ အရည်အသွေးများ​အားလုံး ကောင်း​ပါ​သည်။ ယင်း​တို့​တစ်ခုစီ​သည် နှစ်သက်စရာ​ဖြစ်၏။ သို့သော် သင်သည် တစ်စုံ​တစ်ဦး​ကို အရူးအမူး​စွဲလမ်း​နေသော​အခါ ဘယ်ဘက်​ကော်လံ​တွင်​ပါ​သည့် အပြင်ပန်း​အသွင်အပြင်​များ​ကို​သာ အာရုံစိုက်​လေ့​ရှိကြောင်း သဘောမတူ​ပေ​လော။

သို့သော် သင်သည် ရင့်ကျက်​လာ​သည်​နှင့်​အမျှ ညာဘက်​ကော်လံ​တွင်​ပါရှိ​သည့် ပို​အရေးပါသော​အရည်အသွေးများ​ကို ဆန်းစစ်​ရန် ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို စတင်​အသုံးပြု​ပေမည်။ ဥပမာ၊ အနီး​ဝန်းကျင်ရှိ ဆွဲဆောင်မှု​အရှိဆုံး မိန်းကလေး​တစ်ဦး​သည် ယုံကြည်​စိတ်ချ​၍​မရသူ ဖြစ်နေ​ပေမည်။ သို့​မဟုတ် အတန်း​ထဲ​တွင် ရေပန်း​အစား​ဆုံး​ယောက်ျားလေး​တစ်ဦး​သည် ကိုယ်ကျင့်တရား​မကောင်း​သူ ဖြစ်နေ​ပေမည်။ သင်သည် လိင်စိတ်​ပြင်းပြ​စ​အချိန်​ဖြစ်သည့် “လူငယ့်​အပွင့်​လန်း​ဆုံး​အရွယ်​ကျော်လွန်” ပြီ​ဆိုလျှင် ဒီ​လူဟာ ငါ​နဲ့​သင့်တော်​ပါ့​မလား ဟူ​သည့် မေးခွန်း​ကို​ဖြေ​ရန် အပြင်ပန်း​ထူးခြားချက်​ကို ကျော်လွန်​၍​ကြည့်​ပေမည်။—၁ ကောရိန္သု ၇:၃၆က​ဘ။

မည်သူ​မဆို သင့်တော်​မည်​လော

အချိန်ကာလ​တစ်ခု​အတွင်း ဆန့်ကျင်ဘက်​လိင်​ရှင်​အချို့​ကို သင် မျက်စိကျ​နေ​ပေမည်။ သို့သော် သူတို့​တစ်ဦးမျှ သင်​နှင့်​သင့်တော်​မည်​မဟုတ်ပေ။ အမှန်ဆိုလျှင် သင်သည် တစ်ဦး​ကိုတစ်​ဦး အပြန်အလှန်​အားပေး​ထောက်မ​နိုင်​မည့် ထာဝရ​အဖော်​တစ်ဦး​ကို အလိုရှိ​ပေမည်။ (မဿဲ ၁၉:၄-၆) မည်သူသည် ထိုသို့​သော​သူ​ဖြစ်​နိုင်​သနည်း။ ထို​မေးခွန်း​ကို သင်​မဖြေ​ဆို​မီ သင့်ကိုယ်​သင် ‘မှန်​၌​ကြည့်’ ၍ ရိုးသား​စွာ ဝေဖန်​ဆန်းစစ်​ဖို့​လို​သည်။—ယာကုပ် ၁:၂၃-၂၅

သင့်​အကြောင်း​သင် ပိုမို​သိရှိ​ရန် အောက်ပါ​မေးခွန်းများကို ဖြေဆိုပါ–

ကျွန်ုပ်​၏ အားသာချက်​များ​ကား အဘယ်နည်း။

․․․․․

ကျွန်ုပ်​၏ အားနည်းချက်များ​ကား အဘယ်နည်း။

․․․․․

ကျွန်ုပ်​တွင် အဘယ်​စိတ်ပိုင်း​ဆိုင်ရာ​နှင့် ဝိညာဉ်​ရေး​ဆိုင်ရာ လိုအပ်ချက်​များ​ရှိ​သနည်း။

․․․․․

သင့်​အကြောင်း​သင် သိကျွမ်းဖို့​ဟူသည် မလွယ်ကူ​သော်လည်း ထိုသို့​သော​မေးခွန်းများ​က သင့်​အကြောင်းကို သင်​စတင်​သိကျွမ်း​နိုင်​စေ​သည်။ * သင့်ကိုယ်​သင် ပိုမို​သိ​နားလည်​လာ​လေ သင့်​အားနည်းချက်များ​ကို​မဟုတ်ဘဲ သင့်​အရည်အသွေးကောင်း​များ​ကို တိုးများ​လာ​စေရန် ကူညီ​ပေး​မည့်​သူ​တစ်ဦး​အား ရှာတွေ့​ဖို့​အသင့်ရှိ​လေ​ဖြစ်​မည်။ သို့သော် သင်​နှင့် သင့်တော်​သူ​တစ်ဦး​ကို တွေ့ရှိ​ထားပြီ​ဟု သင်ယူ​ဆ​မည်​ဆိုလျှင်​ကော အသို့နည်း။

တွင်​ရှု။

ဤ​ဆက်ဆံ​ရေး​သည် အောင်မြင်​မည်​လော

ထို​မေးခွန်း​ကို​ဖြေဆို​ရန် သင်​မျက်စိကျ​နေ​သူအား အရှိ​ကို​အရှိအတိုင်း ရှုမြင်ပါ။ သို့သော် သတိထား​ပါ! သင် ကြည့်​ချင်​ရာ​ကို​သာ ကြည့်မိ​ပေမည်။ ထို့​ကြောင့် အချိန်​ယူပါ။ သင်​မျက်စိကျ​နေ​သူ၏ ဇာတိရုပ်​မှန်​ကို​မြင်​ရန် ကြိုးစား​ပါ။

သမီး​ရည်းစား​များသည် အပြင်ပန်း​ကို​သာ​ကြည့်​ကြ​၏။ ‘ငါ​တို့ တေးဂီတ​အကြိုက်​ချင်း​တူတယ်၊’ ‘ဝါသနာ​ချင်း​လည်း​တူတယ်၊’ ‘အရာရာမှာ သဘောချင်း​တိုက်ဆိုင်​တယ်’ စ​သည်​ဖြင့် အကြိုက်​ချင်း​တူ​သည့်​အရာများ​ကို​သာ အလျင်စလို​အာရုံစိုက်​ကြသည်။ သို့သော် အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့်​အတိုင်း သင်သည် လူငယ့်​အပွင့်​လန်း​ဆုံး​အရွယ်​ကျော်လွန်​ပြီ​ဆိုလျှင် အပြင်ပန်း​အသွင်အပြင်​များ​ကို​ကျော်လွန်​၍ ကြည့်ရှု​ပေမည်။ သင်သည် “စိတ်နှလုံး​၏​အတွင်းလူ” ကို​ပိုင်းခြား​သိမြင်ဖို့​လို​သည်။—၁ ပေတရု ၃:၄; ဧဖက် ၃:၁၆

ဥပမာ၊ သဘောချင်း​မည်မျှ​တိုက်ဆိုင်​သည်​ဟူသော​အရာ​အပေါ် အာရုံစိုက်​မည့်​အစား သင်တို့ သဘောထား​ကွဲလွဲ သည့်​အခါ ဖြစ်လာ​သော​အရာ​ကို ဂရုပြု​ခြင်း​ဖြင့် ထို​သူ​အကြောင်း သင် ပိုမို​သိရှိ​နိုင်​ပေမည်။ တစ်နည်း​အားဖြင့် သဘောထား​ကွဲလွဲ​သည့်​အခါ သူ မည်သို့​တုံ့ပြန်​သနည်း။ သူ့​သဘော​အတိုင်း​လုပ်​ရမည်ဟု ဇွတ်​ပြော​သလော။ “အမျက်ထွက်” သို့​မဟုတ် “အသရေပျက်​အောင်​ပြောဆို” သလော။ (ဂလာတိ ၅:၁၉၊ ၂၀; ကောလောသဲ ၃:၈) သို့​မဟုတ် အမှားအမှန်​ဆိုင်ရာ​မူများ​ကို မချိုးဖောက်​သရွေ့ ငြိမ်သက်မှု​ရှိ​ရန် အလျှော့ပေး​လိုက်လျော​လို​သည့် အကျိုးသင့်အကြောင်းသင့်​သဘော သူ​တင်ပြ​သလော။—ယာကုပ် ၃:၁၇

နောက်ထပ်​သုံးသပ်​စ​ရာ​တစ်ခု​မှာ ထို​သူသည် ချုပ်ချယ်​သူ​လော၊ သဝန်တို​သူ​လော ဟူ၍​ဖြစ်၏။ သင်​လုပ်သမျှကို သူ့​အား​အသိပေး​ဖို့ တောင်းဆို​သလော။ “ပိုင်စိုးပိုင်နင်း​သဘောထား​နှင့် သဝန်တို​စိတ်​သည် ပြဿနာ​ပေါ်​စေသော​အရာများ​ဖြစ်သည်” ဟု နီ​ကို​လ် အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​က​ဆို​၏။ “သမီး​ရည်းစား​အတွဲ​တွေ တစ်ဦး​နဲ့​တစ်ဦး ဖုန်း​မ​ဆက်​ကြ​လို့ ရန်ဖြစ်တာကို ကျွန်မ​ကြား​ရတာ ကြောက်​ဖို့​ကောင်းတယ်။ တစ်ဦး​ကိုတစ်​ဦး ဘယ်​နေရာမှာ​ရောက်နေတယ်​ဆိုတာ သတင်း​မ​ပို့​တာ​ကို သည်းမခံ​နိုင်​ဖြစ်​ပြီ​ဆိုရင် ပြဿနာ​တက်​တော့​မယ်​လို့ ကျွန်မ​ထင်​တယ်။”

သင့်​ရည်းစား​ကို အခြားသူများ မည်သို့​ရှုမြင်​သနည်း။ သူ့​အား အချိန်​အတန်ကြာ သိကျွမ်း​ထား​သည့် သူ၏​အသင်းတော်​မှ ရင့်ကျက်သူများ​နှင့် ပြောဆို​ဆွေးနွေးခြင်း​က သင့်အတွက်​အကျိုးရှိ​ပေမည်။ သူသည် “နာမည်​ကောင်း” ရှိမရှိ သင့်ကို သူတို့​အသိပေး​ပါ​လိမ့်​မည်။—တမန်​တော် ၁၆:၁၊ ၂က​ဘ။ *

သင် အဆက်ဖြတ်​သင့်​သလော

သင်​နှင့်​တွဲ​နေ​သူသည် သင့်တော်​သော​အိမ်ထောင်ဖက်​ဖြစ်​မည်​မဟုတ်​ဟု သင်​သိရှိ​မည်​ဆိုလျှင်​ကော။ သို့​ဖြစ်​လျှင် အဆက်ဖြတ်​လိုက်ခြင်းက ပညာရှိရာ​ရောက်မည်။ “သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်း​နေတတ်​၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား အစဉ်​အတိုင်း​သွား​၍ အမှု​နှင့်​တွေ့​တတ်၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်—သု. ၂၂:၃ *

အချိန်တန်သော် သင်သည် နောက်​အသစ်​တစ်ယောက်​တွေ့​ပေမည်။ ထိုသို့​တွေ့ ပြီ​ဆိုလျှင် အတွေ့အကြုံ​မှ​ရရှိ​ထား​သည့် ပို​၍​မျှတသော​အမြင်​ဖြင့် စတင်​မည်​မှာ​သေချာ​သည်။ ထို​အချိန်တွင် “ဒီ​လူဟာ ငါ​နဲ့​သင့်တော်​ပါ့​မလား” ဟူသော​မေးခွန်း​နှင့်​ပတ်သက်​၍ သင်၏​အဖြေ​မှာ သင့်တော်​၏ ဟူ၍​ဖြစ်​ပေမည်။

“လူငယ်များ​အမေး . . .” အခန်းဆက်​များ​မှ ထပ်ဆင့်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 သင့်ကို​သင်​မေး​ရန် ထပ်ဆင့်​မေးခွန်းများကို ၂၀၀၇၊ ဇန်နဝါရီ​လထုတ် နိုးလော့! စာမျက်နှာ ၂၂

^ အပိုဒ်၊ 28 စာမျက်နှာ ၁၅-၁၆ ရှိ​လေးထောင့်ကွက်များ​ပါ မေးခွန်းများကို​လည်း​ရှု။

^ အပိုဒ်၊ 30 အဆက်ဖြတ်​ခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် ထပ်ဆင့်​အချက်အလက်​များ​အတွက် ၂၀၀၁၊ မတ် ၂၂ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၂-၁၄ [အင်္ဂလိပ်] ကို​ရှု။

ချ​င့်​တွေးစရာ

▪ အဘယ်​အရည်အသွေးကောင်း​များ​က သင့်ကို အိမ်ထောင်ဖက်​ကောင်း​တစ်ဦး​ဖြစ်စေ​မည်​နည်း။

▪ အိမ်ထောင်ဖက်​လောင်း​တစ်ဦး​တွင် သင်​ကြည့်​မည့် အရည်အသွေး​တချို့​ကား အဘယ်နည်း။

▪ သင်​နှင့်​တွဲ​နေ​သူ​တစ်ဦး၏ စရိုက်၊ အမူအကျင့်​နှင့် နာမည်​ကောင်း​တို့ကို မည်သည့်​နည်းများဖြင့် သင်​ပိုမို​သိရှိ​နိုင်​သနည်း။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

သူသည် ခင်ပွန်း​ကောင်း​တစ်ဦး​ဖြစ်​မည်​လော

အရေးကြီးဆုံး​အရာများ

သူ၌​ရှိ​နိုင်​သည့်​အခွင့်အာဏာ​တစ်ခုခု​ကို သူ​မည်သို့​အသုံးပြု​သနည်း။—မဿဲ ၂၀:၂၅၊ ၂၆

▪ သူ၏​ပန်းတိုင်​များ​ကား အဘယ်နည်း။—၁ တိမောသေ ၄:၁၅

▪ သူသည် ထို​ပန်းတိုင်​များ​သို့​ရောက်​ရန် ယခု​ပင် လုပ်ဆောင်နေ​သလော။—၁ ကောရိန္သု ၉:၂၆၊ ၂၇

▪ သူ၏​အပေါင်းအသင်း​များ​ကား မည်သူ​များ​နည်း။—သု. ၁၃:၂၀

▪ ငွေ​နှင့်​ပတ်သက်​သည့် သူ၏​သဘောထား​ကား မည်သို့​နည်း။—ဟေဗြဲ ၁၃:၅၊ ၆

▪ မည်သို့သော​ဖျော်ဖြေမှု​ကို သူ​နှစ်သက်​သနည်း။—ဆာလံ ၉၇:၁၀

▪ သူ၏​ဝတ်စားပုံ​က အဘယ်အရာကို ဖော်ပြ​သနည်း။—၂ ကောရိန္သု ၆:၃

▪ ယေဟောဝါ​ကို ချစ်​မြတ်နိုး​ကြောင်း သူ မည်သို့​ပြသ,သနည်း။—၁ ယောဟန် ၅:၃

အဖိုးတန်​အရည်အသွေးများ

▪ သူသည် လုံ့လ​ဝီရိယ​ရှိသူ​လော။—သု. ၆:၉-၁၁

▪ ငွေကြေး​တာဝန် ယူ​နိုင်​သူ​လော။—လုကာ ၁၄:၂၈

▪ နာမည်​ကောင်း​ရှိသူ​လော။—တမန်​တော် ၁၆:၁၊ ၂၊ က​ဘ။

▪ မိဘများ​ကို ရိုသေ​လေးစား​သလော။—ထွက်မြောက်ရာ ၂၀:၁၂

▪ အခြား​သူများကို ထောက်ထား​စာနာ​သလော။—ဖိလိပ္ပိ ၂:၄

ပြဿနာ​ပေါ်​စေသော​အရာများ

▪ သူသည် စိတ်​တို​တတ်​သူ​လော။—သု. ၂၂:၂၄

▪ လိင်​အကျင့်ပျက်​ပြား​ရန် သင့်ကို သွေးဆောင်ဖို့​ကြိုးစား​သလော။—ဂလာတိ ၅:၁၉

▪ အခြား​သူများကို ကိုယ်​ထိ​လက်ရောက်​ဖြစ်စေ၊ အပြောအဆို​ဖြင့်​ဖြစ်စေ ထိခိုက်​စေ​သလော။—ဧဖက် ၄:၃၁

▪ သူသည် ပျော်ရွှင်​ရန် အရက်သောက်​သုံးဖို့​လို​သလော။—သု. ၂၀:၁

▪ သဝန်တို​စိတ်​နှင့် တစ်ကိုယ်ကောင်း​စိတ်​ရှိသူ​လော။—၁ ကောရိန္သု ၁၃:၄၊ ၅

[စာမျက်နှာ ပါ လေးထောင့်ကွက်]

သူသည် ဇနီး​ကောင်း​တစ်ဦး​ဖြစ်​မည်​လော

အရေးကြီးဆုံး​အရာများ

▪ သူသည် မိသားစု​နှင့် အသင်းတော်တွင် လက်အောက်ခံမှု​ကို မည်သို့​ပြသ​နည်း။—ဧဖက် ၅:၂၁၊ ၂၂

▪ သူ၏​ဝတ်စားပုံ​က အဘယ်အရာကို ဖော်ပြ​သနည်း။—၁ ပေတရု ၃:၃၊ ၄

▪ သူ၏​အပေါင်းအသင်း​များ​ကား မည်သူ​များ​နည်း။—သု. ၁၃:၂၀

▪ ငွေ​နှင့်​ပတ်သက်​သည့် သူ၏​သဘောထား​ကား မည်သို့​နည်း။—၁ ယောဟန် ၂:၁၅-၁၇

▪ သူ၏​ပန်းတိုင်​များ​ကား အဘယ်နည်း။—၁ တိမောသေ ၄:၁၅

▪ သူသည် ထို​ပန်းတိုင်​များ​သို့​ရောက်ရှိ​ရန် ယခု​ပင် လုပ်ဆောင်နေ​သလော။—၁ ကောရိန္သု ၉:၂၆၊ ၂၇

▪ မည်သို့သော​ဖျော်ဖြေမှု​ကို သူ​နှစ်သက်​သနည်း။—ဆာလံ ၉၇:၁၀

▪ ယေဟောဝါ​ကို ချစ်​မြတ်နိုး​ကြောင်း သူ မည်သို့​ပြသ,သနည်း။—၁ ယောဟန် ၅:၃

အဖိုးတန်​အရည်အသွေးများ

▪ သူသည် လုံ့လ​ဝီရိယ​ရှိသူ​လော။—သု. ၃၁:၁၇၊ ၁၉၊ ၂၁၊ ၂၂၊ ၂၇

▪ ငွေကြေး​တာဝန် ယူ​နိုင်​သူ​လော။—သု. ၃၁:၁၆၊ ၁၈

▪ နာမည်​ကောင်း​ရှိသူ​လော။—ရုသ ၄:၁၁

▪ မိဘများ​ကို ရိုသေ​လေးစား​သလော။—ထွက်မြောက်ရာ ၂၀:၁၂

▪ အခြား​သူများကို ထောက်ထား​စာနာ​သလော။—သု. ၃၁:၂၀

ပြဿနာ​ပေါ်​စေသော​အရာများ

▪ သူသည် ရန်​တွေ့​တတ်​သူ​လော။—သု. ၂၁:၁၉

▪ လိင်​အကျင့်ပျက်​ပြား​ရန် သင့်ကို သွေးဆောင်ဖို့​ကြိုးစား​သလော။—ဂလာတိ ၅:၁၉

▪ အခြား​သူများကို ကိုယ်​ထိ​လက်ရောက်​ဖြစ်စေ၊ အပြောအဆို​ဖြင့်​ဖြစ်စေ ထိခိုက်​စေ​သလော။—ဧဖက် ၄:၃၁

▪ သူသည် ပျော်ရွှင်​ရန် အရက်သောက်​သုံးဖို့​လို​သလော။—သု. ၂၀:၁

▪ သဝန်တို​စိတ်​နှင့် တစ်ကိုယ်ကောင်း​စိတ်​ရှိသူ​လော။—၁ ကောရိန္သု ၁၃:၄၊ ၅