မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော

သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော

သမ္မာကျမ်းစာ​ရှုထောင့်

သင့်​အသက်တာသည် ကြိုတင်​စီမံ​ထားခြင်း ခံရ​သလော

တစ်ခု​သော​နံနက်ခင်း​တွင် အမျိုးသား​နှစ်ဦး​သည် အလုပ်​သို့ ကားမောင်း​၍​သွား​နေသည်။ သူတို့​ထဲ​မှ​တစ်ဦး နေထိုင်ခဲ့​ဖူး​သော​နေရာ​မှ​ဖြတ်၍ သွား​ရန်​ဆုံးဖြတ်​လိုက်​ကြသည်။ ထိုသို့​သွား​နေစဉ် အိမ်တစ်လုံး​၏​ပြတင်းပေါက်​များ​မှ မီးတောက်များ​ကို သူတို့​မြင်​လိုက်​သည်။ သူတို့၏​ကား​ကို​ရပ်​ပြီး ပါ​လာသော​လှေကား​ကို​အသုံးပြု၍ မိခင်​တစ်ဦး​နှင့် ကလေး​ငါး​ယောက်​၏​အသက်ကို ကယ်​လိုက်​သည်။ ထို​ဖြစ်ရပ်​နှင့်​ပတ်သက်​၍ သတင်းစာ​တစ်စောင်​က “ထိုသို့​ဖြစ်​ရန် အကြောင်းတရား​က ကြိုတင်​စီမံ​ထားခြင်း​ဖြစ်​မည်” ဟု​ဆို​သည်။

မိမိတို့​မထိန်းချုပ်​နိုင်၊ မပြောင်းလဲ​နိုင်သော​စွမ်းအား​တစ်ခု​က ဖြစ်ပျက်​လာသမျှ အကောင်းအဆိုး​ဟူသရွေ့​ကို ကြိုတင်​ဆုံးဖြတ်ထား​သည်​ဟု လူများစွာ ယုံကြည်​ကြသည်။ ဥပမာ၊ ၁၆ ရာစု​တွင်​အသက်ရှင်ခဲ့​သည့် ပြုပြင်​ပြောင်းလဲရေး​သ​မား ဂျွန် ကယ်​လ်ဗင် က ဤသို့​ရေးသားခဲ့​သည်– “ကြိုတင်​စီမံ​ထားခြင်း​အယူအဆ​သည် လူတစ်ဦး​စီ​တွင် ဘုရားသခင်​ဖြစ်စေ​လို​သည့်​အရာ​ကို ဘုရားသခင်​ကိုယ်တော်တိုင် ကြိုတင်​ဆုံးဖြတ်​သော ထာဝရ​အစီအစဉ်​ဖြစ်သည်ဟု ကျွန်ုပ်​တို့ အဓိပ္ပာယ်​ဖွင့်ကြ​သည်။ အကြောင်း​မှာ လူအားလုံးကို တူညီသော​အခြေအနေ​ဖြင့် မဖန်ဆင်း​ဘဲ အချို့​ကို ထာဝရ​အသက်​ရ​ရန်၊ အချို့​တို့ကို ထာဝရ​ပြစ်ဒဏ်​ခံရ​ရန် ကြိုတင်​စီမံ​ထားသော​ကြောင့်​ဖြစ်သည်။”

ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​လုပ်ရပ်​နှင့် နောက်ဆုံး​ဖြစ်အင်​ကို အမှန်ပင် ကြိုတင်​သတ်မှတ်​ထား​သလော။ သမ္မာကျမ်းစာ​က မည်သို့​သွန်သင်​သနည်း။

“ကျိုးကြောင်း​ညီညွတ်မှု​မရှိ” သည့်​ကြိုတင်​စီမံ​ထားခြင်း​အယူအဆ

ကြိုတင်​စီမံ​ထားခြင်း​အယူအဆကို ယုံကြည်သူ​အချို့​က အခြေခံ​အားဖြင့် အောက်ပါ​အတိုင်း​စဉ်းစား​ကြသည်– ဘုရားသခင်​သည် အရာခပ်သိမ်း​ကို သိမြင်​နိုင်သော​အရှင်ဖြစ်​တော်​မူ​၏။ ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​သာမက အနာဂတ်​တွင်​ဖြစ်ပျက်​မည့်​အရာ​ကို​ပင် သိရှိ​တော်​မူ​၏။ လူတစ်ဦး​စီ မိမိ၏​အသက်တာကို မည်သို့​အသုံးပြု​မည်​ကို ကိုယ်တော် သိရှိ​ကာ တစ်ဦးစီ သေဆုံး​မည့်​အချိန်​အတိအကျ​နှင့် မည်သို့​သေဆုံး​မည်​ကို​ပါ ကြိုသိ​တော်​မူ​သည်။ ထို့​ကြောင့် ၎င်းတို့၏​အယူအဆ​အရ လူတစ်ဦး ဆုံးဖြတ်ချက်​ချ​သည့်​အခါ သူ၏​ရွေးချယ်မှု​သည် ဘုရားသခင်​ကြိုတင်​သိမြင်၊ စီမံ​ထား​သည့်​အတိုင်း​ဖြစ်​ရမည်။ ထိုသို့​မဟုတ်လျှင် ဘုရားသခင်​သည် အရာခပ်သိမ်း​ကို သိမြင်​နိုင်သော​အရှင်ဖြစ်​မည်​မဟုတ်​ချေ။ ဤ​ဆင်ခြင်​သုံးသပ်ချက်​သည် သင့်အတွက် ကျိုးကြောင်း​ညီညွတ်​ပုံ​ရ​သလော။ ဤ​ဆင်ခြင်​သုံးသပ်ချက်​၏ အကျိုးဆက်များ​ကား အဘယ်အရာ​ဖြစ်​မည်​ကို သုံးသပ်ကြည့်​ပါ။

အင်အားကြီး​မား​သော​စွမ်းအား​တစ်ခု​က သင့်​အနာဂတ်​ကို သတ်မှတ်​ထားပြီး​ဖြစ်​လျှင် သင့်ကိုယ်​သင် ဂရုစိုက်​ရန်​ကြိုးစား​ခြင်း​သည် အချည်းနှီး​ဖြစ်​ပေမည်။ ဆေးလိပ်​သောက်​ရန်၊ မ​သောက်​ရန်​ရွေးချယ်ခြင်း​က သင် သို့​မဟုတ် သင့်​ကလေး​များ​၏​ကျန်းမာ​ရေး​အတွက် အကြောင်း​ထူး​မည်​မဟုတ်ပေ။ ကားစီး​သည့်​အခါ ထိုင်ခုံ​ခါးပတ်​ပတ်​ထားခြင်း​က သင့်​လုံခြုံမှု​အတွက် အရေးပါ​မည်​မဟုတ်ပေ။ သို့သော် ယင်းသည် မှားယွင်းသော​ဆင်ခြင်​သုံးသပ်မှု​ဖြစ်၏။ ကြိုတင်​ကာကွယ်​မှု​ပြုလုပ်​သူများ​သည် အသက်​အန္တရာယ်​ထိခိုက်မှု​နည်း​ကြောင်း စာရင်း​ဇယား​များ​က ဖော်ပြ​သည်။ ဂရုမစိုက်​ခြင်း​က ကြေကွဲဖွယ်​အဖြစ်ဆိုး​များ ဖြစ်ပေါ်​စေနိုင်​သည်။

နောက်ထပ်​ကျိုးကြောင်း​ဆင်ခြင်မှု​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ဘုရားသခင်​သည် အာဒံ​နှင့် ဧဝ​ကို မဖန်ဆင်းမီ​က​ပင် အရာခပ်သိမ်း​ကို ကြိုသိ​ရန်​ရွေးချယ်​မည်​ဆိုလျှင် မိမိ​အား သူတို့​နာခံ​မည်​မဟုတ်​ကြောင်းကို​လည်း သိရှိ​ခဲ့​ပေမည်။ သို့သော် ဘုရားသခင်​က အာဒံ​အား “ကောင်း​မကောင်း​ကို သိကျွမ်းရာ​အပင်” ၏​အသီးကို မစား​ရ၊ စား​လျှင်​သေ​မည်​ဟု မိန့်တော်မူသော​အခါ အာဒံသည် ထို​အပင်​မှ​အသီးကို စား​မည်​ဟု ဘုရားသခင် ကြိုသိ​ခဲ့​သလော။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဘုရားသခင်​က ပထမ​ဇနီး​မောင်နှံ​အား “အချင်း​တို့ များပြား​စွာ​မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍​နိုင်​ကြလော့။ ပင်လယ်​ငါး​တို့ကို​လည်းကောင်း၊ မိုးကောင်းကင်​ငှက်​တို့ကို​လည်းကောင်း၊ အသက်ရှင်​၍​မြေပေါ်မှာ​လှုပ်ရှား​တတ်သော တိရစ္ဆာန်​အပေါင်း​တို့ကို​လည်းကောင်း အုပ်စိုး​ကြလော့” ဟု​မိန့်တော်မူသော​အခါ ပရဒိသု​တွင် အသက်​ရ​ရန် သူတို့၏​ထူးမြတ်​သော​အလားအလာ​သည် ပျက်စီး​ကိန်း​ကြုံ​မည်​ဟု ကိုယ်တော် ကြိုသိ​ခဲ့​သလော။ မသိ​ခဲ့​ပေ။—ကမ္ဘာဦး ၁:၂၈

ဆင်ခြင်တုံ​တရား​နှင့်​အညီ ကောက်ချက်​ချ​ရ​လျှင် ဆုံးဖြတ်ချက်​တိုင်း​ကို ဘုရားသခင် ကြိုသိ​သည်​ဟူသော​အယူအဆ​သည် စစ်၊ မတရားမှု​နှင့် ဆင်းရဲမှု​များ​အပါအဝင် ဖြစ်ပျက်​သမျှ​အားလုံး​အတွက် ဘုရားသခင်​၌ တာဝန်​ရှိ သည်​ဟူသော​သဘော သက်ရောက်​ပေမည်။ ထိုသို့​ဖြစ်​နိုင်​သလော။ မိမိ​ကိုယ်တော်တိုင်​အကြောင်း ဘုရားသခင်​ဖော်ပြချက်​က ရှင်းလင်း​သော​အဖြေကို ရရှိစေ​၏။

“ရွေးယူ​လော့”

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်” ကာ ‘တရား​မျှတမှုကို​နှစ်သက်’ တော်​မူ​၏​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ကိုယ်တော်​က မိမိ၏​လူမျိုး​အား ‘မကောင်းမှုကို​မုန်း​၍ ကောင်းမှု​ကို ချစ်​ကြလော့’ ဟု​အမြဲ​တိုက်တွန်း​ခဲ့​သည်။ (၁ ယောဟန် ၄:၈; ဆာလံ ၃၇:၂၈; အာမုတ် ၅:၁၅) ကိုယ်တော်​သည် မိမိ​အပေါ် သစ္စာစောင့်သိ​သူများ​အား မွန်မြတ်သော​လမ်းစဉ်​ကို ရွေးချယ် ရန် အကြိမ်ကြိမ်​တိုက်တွန်း​ခဲ့​သည်။ ဥပမာ၊ ရှေး​ဣသရေလ​လူမျိုး​နှင့် ပဋိညာဉ်ဖွဲ့​ခဲ့​ချိန်​တွင် မောရှေ​မှ​တစ်ဆင့် သူတို့အား ယေဟောဝါ ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီး​ပေးခြင်း၊ ကျိန်ခြင်း​တို့ကို သင့်​ရှေ့၌​ငါ​ထား​သည်​ဟု သင့်တစ်ဖက်​၌ ကောင်းကင်​မြေကြီးကို ငါ​တိုင်တည်​၏။ သို့​ဖြစ်၍ သင်​နှင့် သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း . . . အသက်​တရားကို ရွေးယူ​လော့။” (တရားဟောရာ ၃၀:၁၉၊ ၂၀) တစ်ဦးစီ​ရွေးချယ်​မည့်​အရာ​ကို ဘုရားသခင် ကြိုတင်​သတ်မှတ်​ခဲ့​သလော။ မသတ်မှတ်​ခဲ့​သည်​မှာ ထင်ရှား​၏။

ရှေး​အချိန်​က ဘုရားသခင့်​လူမျိုး၏​ခေါင်းဆောင် ယောရှုက သူ၏​ပြည်သား​ချင်း​တို့အား ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘အဘယ်​မည်​သော​ဘုရားသခင်​တို့အား ဝတ်ပြု​မည်​အရာ​ကို ယနေ့​ရွေး​ကြလော့။ ငါ​နှင့် ငါ့​အိမ်သား​ဖြစ်​လျှင် ထာဝရ​ဘုရားသခင်​ကို​သာ ဝတ်ပြု​မည်။’ (ယောရှု ၂၄:၁၅) အလားတူ ဘုရားသခင့်​ပရောဖက် ယေရမိကလည်း ဤသို့​ဆို​ခဲ့​သည်– ‘အကျွန်ုပ်​ဆင့်ဆို​သော ထာဝရ​ဘုရားသခင်​၏​အမိန့်တော်ကို နားထောင်​တော်​မူ​ပါ။ ထို​သို့ပြုလျှင် ချမ်းသာရ​၍ အသက်ရှင်​တော်​မူ​မည်။’ (ယေရမိ ၃၈:၂၀) တရား​မျှတ​ပြီး မေတ္တာ​ရှိသော​ဘုရားသခင်​သည် လူ​တို့ကို သေဆုံး​စေရန် ကြိုတင်​သတ်မှတ်​ထား​လျက်​နှင့် အသက်ဆု​ကျေးဇူး​ရ​ရန်​မျှော်လင့်ချက်​ဖြင့် မှန်ရာကို​လုပ်ဆောင်ဖို့ လူ​တို့ကို အားပေး​မည်​လော။ အားပေး​မည်​မဟုတ်ပေ။ ထိုသို့​အားပေးခြင်း​သည် ဟန်ဆောင်​ရာ​ကျ​ပေမည်။

ထို့​ကြောင့် သင့်​အသက်တာတွင် ကောင်းကျိုး​ဆိုး​ပြစ်​များ ဖြစ်ပျက်​လာသော​အခါ ယင်း​တို့သည် ကြိုတင်​စီမံ​ထားခြင်း​ကြောင့် မဟုတ်ပေ။ အများအားဖြင့် ‘ကြိုတင်​မမြင်နိုင်​သော​ဖြစ်ရပ်​များ’ သည် လူတို့၏ ပညာ​ရှိသော သို့​မဟုတ် ပညာ​မဲ့​သော​ဆုံးဖြတ်ချက်​များ​၏ အကျိုးဆက်များ​သာ​ဖြစ်လေ့​ရှိ၏။ (ဒေ. ၉:၁၁က​ဘ) သင့်​အနာဂတ်​သည် ကြိုတင်​စီမံ​ထားခြင်း​မခံရ​ပေ။ သင်၏​ကိုယ်ပိုင်​ဆုံးဖြတ်ချက်​များ​က​သာ သင်၏​ထာဝရ​အနာဂတ်​ကို သတ်မှတ်​ပေး​၏။

သင် မည်သို့​ထင်​သနည်း

▪ အာဒံ​နှင့်​ဧဝ အပြစ်ပြု​မည်​ဟု ဘုရားသခင် ကြိုတင်​ဆုံးဖြတ်​ခဲ့​သလော။—ကမ္ဘာဦး ၁:၂၈; ၂:၁၆၊ ၁၇

▪ ဘုရားသခင်​၏ အဘယ်​ဂုဏ်ရည်တော်​များသည် ကြိုတင်​စီမံ​ထားခြင်း​အယူအဆ​နှင့် ဆန့်ကျင်​သနည်း။—ဆာလံ ၃၇:၂၈; ၁ ယောဟန် ၄:၈

▪ သင်၌ မည်သည့်​တာဝန်​ရှိ​သနည်း။—ယောရှု ၂၄:၁၅

[စာမျက်နှာ ၁၃ ပါ အကျဉ်း​ဖော်ပြချက်]

ကြိုတင်​ကာကွယ်​မှု ပြုလုပ်​သူများ​သည် အသက်​အန္တရာယ်​ထိခိုက်မှု​နည်း​ကြောင်း စာရင်း​ဇယား​များ​က ဖော်ပြ