မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရသည့်အကြောင်း

သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရသည့်အကြောင်း

သွား​ဘက်​ဆိုင်ရာ ဆရာဝန်​ထံ သွား​ရသည့်​အကြောင်း

ခေတ်မီ သွား​ဘက်​ဆိုင်ရာ​ပညာ မ​ထွန်းကား​မီ​အချိန်​က လူတို့သည် အများအားဖြင့် ငယ်ရွယ်စဉ်​မှ​စ၍ သွား​ကိုက်​ခြင်း၊ သွား​ပျက်စီးခြင်း​ဝေဒနာ​တို့ကို ခံစား​ရလေ့​ရှိသည်။ လူ​အများစုမှာ သွား​မည်း​ခြင်း၊ သွား​မညီ​ခြင်း၊ သွား​မရှိခြင်း​တို့​ကြောင့် အလှပျက်​ရ​ကြသည်။ သွား​မရှိသော ရှေး​လူကြီး​များသည် အစာကို ဝါး​မစားနိုင်​သောကြောင့် အာဟာရပျက်​ခြင်း၊ စောစီး​စွာ​သေဆုံး​ခြင်း​များ ဖြစ်​ခဲ့​ကြ​၏။ ယနေ့ သွား​ကုသမှု​ခံယူ​သူများ​သည် သွား​ကိုက်​ဝေဒနာ​မခံစား​ရ​ဘဲ မိမိတို့​သွားများ​ကို တစ်သက်တာလုံး ထိန်းသိမ်း​ထား​နိုင်​ကာ ရှု​ချင်​စ​ဖွယ် ပြုံးအလှ​ပိုင်ရှင်​များ ဖြစ်​နိုင်​ကြ​ပေ​ပြီ။ ခေတ်မီ​သွား​ဘက်​ဆိုင်ရာ​ပညာ​သည် ဤ​ထူးခြားသည့် စွမ်းဆောင်​ချက်​သုံးခုကို မည်သို့​လုပ်ဆောင်​နိုင်​ခဲ့​သနည်း။

သွားများ​ကို ထိန်းသိမ်း​ကာကွယ်​ရာ​တွင် သွား​ကိုက်​ခြင်း၊ သွား​ပျက်စီးခြင်း​မဖြစ်စေ​ရန် ပညာ​ပေးခြင်း​နှင့် ပုံမှန်​စစ်ဆေးခြင်း​တို့သည် အဓိကကျ​၏။ ယေရှု​က “ကျန်းမာ​သော​သူတို့သည် ဆေးသမား​ကို အလို​မရှိကြ” ဟု​မိန့်ဆိုခဲ့သည်။ (လုကာ ၅: ၃၁) ထို့​ကြောင့် လူ​အချို့​သည် ခံတွင်း​သန့်ရှင်းရေး​ပညာ​ပေးခြင်း​မှ အကျိုးများစွာ​ရရှိကြ​သောကြောင့် သွား​ကုသမှု​ခံယူ​ရန် မ​လိုအပ်သလောက်​ဖြစ်သည်။ * သို့သော် ကုသမှု​ခံယူ​ရန် လိုအပ်သူ​အများစုမှာ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​ထံ မသွားကြ​ချေ။ အချို့​မှာ ယင်းကို အလေး​မထား​ကြ​ချေ။ အချို့​မှာ အကုန်အကျ​မခံလို​ကြ​ချေ။ အချို့​မှာ​မူ ကုသမှု​ခံယူ​ရမည်ကို ကြောက်ရွံ့ ကြသည်။ သင့်​အခြေအနေ မည်သို့​ပင်​ရှိပါစေ ဤသို့​မေးသင့်​ပေ​သည်– သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​သည် ကျွန်ုပ်​အတွက် အဘယ်အရာ​လုပ်ပေး​နိုင်​သနည်း။ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​ထံ သွားခြင်းက အကျိုးရှိ​ပါသလော။ သွားများ​ကို​ထိန်းသိမ်း​ကာကွယ်​ခြင်း​၏ အရေးကြီးမှုကို သဘောပေါက်​နားလည်​ရန် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် အဘယ်အရာကို ကြိုးစား​ကာကွယ်​ပေး​နေကြောင်း သိထား​ရန်လို​သည်။

သွားများ​ပျက်စီး​ပုံ

သွား​ကိုက်​ခြင်း၊ သွား​ပျက်စီးခြင်း​မဖြစ်​ရန် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များ​က ကာကွယ်​ပေး​နိုင်​သည်။ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် သင်၏​ပူးပေါင်း​ဆောင်ရွက်မှု​ဖြင့် သင့်​သွားများ​တွင်​ကပ်​နေသော သွား​ချေး​များ​မှ ဘက်တီးရီးယား​များ​ကို ကြိုး​စား၍​တိုက်ဖျက်​ပေး​သည်။ ဘက်တီးရီးယား​သည် အစာ​အစ​အ​န​များ​ကို စားသုံး​၍​ရှင်သန်​ကြသည်။ ယင်း​တို့သည် သကြား​ကို အက်စစ်​အဖြစ်သို့ ဓာတ်​ပြောင်း​စေပြီး သွား​ကြွေ​ကို အပေါက်​လေး​များ​ဖြစ်အောင် စား​ပစ်​ကြသည်။ အဆုံး​တွင် အပေါက်​လေး​များသည် အ​ခေါင်း​ဖြစ်သွား​သောအခါ သွား​ပိုးစား​နာ​ဖြစ်လာ​သည်။ ဤ​အဆင့်​တွင် သင် မည်သို့​မျှ ခံစားရ​မည်​မဟုတ်သော်လည်း သွား​ပိုးစား​နာ​သည် အသားနု​သို့​ရောက်​သောအခါ စူးရှ​သော​နာကျင်မှုကို ခံစားရ​ပေမည်။

သွား​ချေး​ဖြစ်စေ​သည့် ဘက်တီးရီးယား​များသည် သင့်ကို နောက်တစ်နည်း​ဖြင့် ဝေဒနာ​ခံစား​စေနိုင်​သည်။ သွား​ချေး​များ​ကို စင်ကြယ်​အောင် သေချာ​မ​တိုက်​ပါ​က သွား​ချေး​ကျောက်​အဖြစ် အနည်ထိုင်​သွားပြီး ယင်းက သွား​ဖုံး​များ​ကို ရောင်ရမ်း​စေ​ကာ နိမ့်​ဝင်​သွား​စေ​သည်။ အကျိုးဆက်​အနေ​နှင့် သွား​ဖုံး​နှင့် သွား​ကြား​တွင် ဟ​သွားပြီး သင့်​သွား​ဖုံး​များ​ကို ရောဂါ​ကူးစက်​စေနိုင်​သည့် ဘက်တီးရီးယား​ပိုး​များ​အတွက် ပွဲတော်​တည်ရာ​နေရာ ဖြစ်လာ​သည်။ သွား​ကု​ဆရာဝန်​သည် ယင်း​အခြေအနေ​ကို ကုသ​ပေး​နိုင်​သော်လည်း ယင်းကို သင်​ဂရုမစိုက်​ပါ​က သင့်​သွား​ကို ဝန်းရံ​ထားသော​တစ်ရှူး​များ အလွန်အမင်း​ပျက်စီး​လာ​ကာ သွားများ ကျွတ်ထွက်​သွား​မည်​ဖြစ်သည်။ သွား​ပိုးစား​နာ​ထက် ဤနည်းဖြင့် သွားများ​ပို​ဆုံးရှုံး​ရသည်။

သင့်​တံတွေး​သည် ဘက်တီးရီးယား​၏ ဤ​တိုက်ခိုက်မှု​နှစ်မျိုး​စ​လုံး​ကို အတိုင်းအတာ​တစ်ခု​အထိ ကာကွယ်​ပေး​သည်။ ထမင်း​အဝ​စား​သည်​ဖြစ်စေ၊ မုန့်​အနည်းငယ်​ကို​သာ စား​သည်​ဖြစ်စေ သင့်​တံတွေး​သည် ကျန်​နေသော​အစာများ​ကို ရှင်းလင်း​ရန်​နှင့် သင့်​သွားများ​တွင်​ကပ်​နေသော သွား​ချေး​များ​မှ အက်စစ်​များ​ကို ဓာတ်​ပြ​ယ်​စေရန် ၁၅ မိနစ်​မှ ၄၅ မိနစ်​အထိ​ကြာ​သည်။ ထို​ကြာချိန်​သည် သင့်​သွားများ​တွင်​ကပ်​နေသော စေး​ကပ်​သည့်​သကြား သို့​မဟုတ် အစာ​အစ​အ​န​များ​၏​ပမာဏ​အပေါ် မူတည်​သည်။ ဤ​မိနစ်ပိုင်း​အတွင်း​၌​ပင် သင့်​သွားများ ပျက်စီး​နေ​ပုံ​ရသည်။ ထို့​ကြောင့် ပျက်စီးမှု​ပမာဏ​သည် သင်​စားသောက်​သော သကြားဓာတ်​ပမာဏ​ပေါ် မူ​မတည်​ဘဲ အစားအစာ​နှင့် သကြားဓာတ်​ပါဝင်သော​မုန့်များ​ကို စားသုံး​သည့် အကြိမ်​ပမာဏ​ပေါ်​မူတည်​သည်။ အိပ်ပျော်​နေစဉ်​တွင် တံတွေး​ထွက်​နည်းသော​ကြောင့် သကြားဓာတ်​ပါဝင်သော အစားအသောက်​များ​ကို စားသောက်​ပြီး​နောက် သွား​မ​တိုက်​ဘဲ အိပ်ရာဝင်​ပါ​က သွား​ပျက်စီးမှု​ပမာဏ ပို​ကြီးမား​၏။ သို့သော် အစာစား​ပြီး​နောက် သကြားဓာတ်​မပါ​သော ပီကေ​ဝါး​ပါ​က တံတွေး​ပို​ထွက်​စေပြီး သင့်​သွားများ​ကို ကာကွယ်​ရန် အကူအညီ​ဖြစ်စေ​သည်​ဟု​ဆို​၏။

သွားများ​ကို ထိန်းသိမ်း​ကာကွယ်​ခြင်း

သင့်​သွား​အခြေအနေ​ပေါ်​မူတည်၍ သွားများ​ကို တစ်နှစ်​လျှင် တစ်ကြိမ်၊ နှစ်ကြိမ် မှန်မှန်​စစ်ဆေး​သင့်​ကြောင်း သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များ​က အကြံပြု​ကြသည်။ စစ်ဆေး​နေစဉ်​တွင် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​သည် ဓာတ်မှန်​ရိုက်ခြင်း​နှင့် သွားများ ပိုးစား​ထားခြင်း​ရှိမရှိ သေချာ​စစ်ဆေးခြင်း​တို့ကို ပြုလုပ်​ပေ​လိမ့်​မည်။ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​သည် သွား​ဖုံး​အတွက် သတ်​မှတ်ထား​သော​ထုံ​ဆေး​နှင့် အရှိန်မြှင့်​ဖောက်​စက်​ကို​သုံး​၍ သင့်​အား မ​နာကျင်စေ​ဘဲ သူ​တွေ့ရှိ​သည့် သွား​ပေါက်​များ​ကို ဖာ​ပေး​နိုင်​သည်။ ယခု​အခါ​တွင် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​အချို့​သည် ကြောက်​တတ်​သူများ​အတွက် လေ​ဆာ​ရောင်ခြည်​သုံး​၍ဖာ​ခြင်း၊ ပျက်စီး​နေသော​သွားများ​ကို​ပြုပြင်​ရန် အမီ​နို​အက်စစ်​ပါ​သော ဂျယ်လ်​သုံး​ခြင်း​တို့​ဖြင့် ကုသ​ပေး​လျက်​ရှိသည်။ ယင်း​နည်း​များသည် သွား​ဖုံး​အတွက် သတ်မှတ်​ထားသော ထုံ​ဆေးသုံး​ခြင်း၊ အရှိန်မြှင့်​ဖောက်​စက်​သုံး​ခြင်း​တို့ကို လျော့နည်းစေ​သည် သို့​မဟုတ် လုံးဝ​သုံးစရာ​ပင်မ​လိုအပ်​ချေ။ ကလေး​သူငယ်​များ​အတွက်​မူ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် အသစ်​ပေါက်​လာသော အံသွား​များ​ကို အထူး​ဂရုစိုက်​သည်။ သွား​၏ ဝါး​သည့်​မျက်နှာပြင်​တွင် သွား​ပွတ်တံ​ဖြင့် တိုက်​ရ​ခက်​မည့် အက်ကြောင်း သို့​မဟုတ် အချို​င့်​ရှိမရှိ​စစ်ဆေး​ကြသည်။ သွား​ပိုးစား​ခြင်း​ကို​ကာကွယ်​ရန် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် သွား​၏​မျက်နှာပြင် ညီ​သွားပြီး တိုက်​ရလွယ်​ကူ​စေရန် ယင်း​သို့​သော​အချို​င့်​များ​ကို ဖာ​လိုက်​ဖို့ ပြော​ပေမည်။

လူကြီး​များ​အတွက်​မူ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် သွား​ဖုံး​ရောဂါ​ကို ကာကွယ်​ရန် အထူး​ဂရုစိုက်​ပေး​ကြသည်။ ထို့​ကြောင့် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​သည် သွား​ချေး​ကျောက်​များ​စွဲကပ်​နေသည်​ကို တွေ့ရှိ​ပါ​က ယင်း​တို့ကို ခြစ်ထုတ်​ပစ်​မည်။ လူအများစု​သည် သွားတိုက်​သည့်​အခါတိုင်း မ​တိုက်မိ​သော​နေရာများ​ရှိရာ သင့်​သွားတိုက်​နည်း​စနစ်​ကို မည်သို့​တိုးတက်​စေနိုင်​ကြောင်း ဆရာဝန်​က ပြသ​ပေး​မည်။ သွား​ကု​ဆရာဝန်​အချို့​သည် လူနာများ​အား ဤ​အရေးကြီး​သည့် လုပ်ဆောင်မှု​အတွက် အထူး​လေ့ကျင့်ပေး​ထားသော သွား​ကျန်းမာ​ရေးပါ​ရ​ဂူ​များ​ထံ​သွား​ရန် လမ်းညွှန်​ပါ​လိမ့်​မည်။

ပျက်စီး​နေသော​သွားများ​ကို​ပြန်​ပြုပြင်ပေး​ခြင်း

အကယ်၍ သင်၏​သွားများ ပျက်စီး​နေ​မည်၊ ကျိုး​နေ​မည် သို့​မဟုတ် မညီမညာ​ဖြစ်နေ​မည်​ဆိုပါ​က ယင်း​တို့ကို​ပြန်​ပြုပြင်​ရန် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များ​တွင် နည်းလမ်း​သစ်​များ​ရှိသည်​ကို သိရ​သည့်​အတွက် သင်​ဝမ်းသာ​ပေ​လိမ့်​မည်။ သို့သော် ယင်းသည် ငွေ​ကုန်​ကြေး​ကျ​များ​လွန်း​သောကြောင့် သင်​တတ်နိုင်​သည့်​ငွေကြေး​ပမာဏ​ကို သတိပြု​သင့်​သည်။ သို့သော်လည်း အများစုက ပြုပြင်​ကုသမှု​သည် ငွေ​ကုန်​ရကျိုးနပ်​သည်​ဟု ယူဆကြ​၏။ သွား​ကု​ဆရာဝန်​သည် သင်​အစာ​ပြန်​ဝါး​နိုင်အောင် ပြု​လုပ်ပေး​ကောင်း ပြု​လုပ်ပေး​နိုင်​ပေမည်။ သို့​မဟုတ် သင့်​အပြုံး​များ​ကို ပို​၍​ဆွဲဆောင်မှု​ရှိအောင် ပြု​လုပ်ပေး​နိုင်​ပေမည်။ ယင်းသည် သင့်​ဘဝ​အရည်အသွေး​အပေါ် အကျိုး​သက်ရောက်မှု​ရှိ​နိုင်သော​ကြောင့် အသေးအဖွဲ​ကိစ္စ​မဟုတ်ပေ။

ကျိုး​နေသော သို့​မဟုတ် မလှ​မ​ပ​ဖြစ်နေ​သော ရှေ့​သွားများ​ကို သဘာဝ​သွား​ကြွေ​နှင့်​အလွန်​တူသော အလင်း​မှု​န်ကြွေ​ဖြင့်​ကွပ်​ရန် သွား​ကု​ဆရာဝန်​က အကြံပြု​ပေမည်။ အကွပ်​သည် ပျက်စီး​နေသော​သွား​ကို အပေါ်ယံ​ကွပ်​ထားခြင်း​ဖြင့် ပုံစံ​အသစ်​ဖြစ်စေ​သည်။ အလွန်​ပျက်စီး​နေသော သွားများ​အတွက်​မူ အပေါ်​မှ​စွပ်​လိုက်​ရန် သွား​ကု​ဆရာဝန်​က အကြံပြု​ပေမည်။ ယင်းသည် ကျန်​နေသော​သွား​အစိတ်အပိုင်း​၏​အပေါ်​မှ အပြည့်​စွပ်​လိုက်ခြင်း​ဖြင့် အပေါ်ယံလွှာ​ကို အသစ်​ဖြစ်စေ​မည်။ ယင်း​အစွပ်​များ​ကို ရွှေ သို့​မဟုတ် သဘာဝ​သွား​နှင့်​တူသော​အရာများ​ဖြင့် ပြုလုပ်​ထား​သည်။

နုတ်​ထားသော​သွားများ​အတွက် သွား​ကု​ဆရာဝန်​က မည်သို့ ပြု​လုပ်ပေး​နိုင်​သနည်း။ ဖြုတ်​၍​တပ်​၍​ရသော​အံကပ်​ကို တပ်​ပေး​နိုင်​သည်။ သို့​မဟုတ် လ​ပ်​နေသော​နေရာ​၏ ဘေး​တစ်ဖက်တစ်ချက်​စီ​ရှိ သွားများ​တွင်​စွပ်​ရန် သွား​ဆက်​ကူး​တစ်ခု လုပ်ပေး​နိုင်​သည်။နောက်​ရွေးချယ်စရာ​တစ်ခု​မှာ ခေတ်​စား​နေသော သွား​အသေ​စိုက်​ခြင်း​ဖြစ်သည်။ ဆရာဝန်​သည် သွား​ကျိုး​နေသော​နေရာ​ရှိ မေးရိုး​ထဲ​သို့ တိုင်​တေ​နီ​ယမ်​သတ္တု​ချောင်း​စိုက်​ထည့်​လိုက်ပြီး​နောက် ယင်း​နေရာတွင် အရိုး​နှင့်​သွား​ဖုံး​များ ပြန်​ပြည့်​လာသော​အခါ ယင်း​သတ္တု​ချောင်း​ပေါ်​၌ သွား​တု​ကို တပ်​လိုက်​သည့်​နည်း​ဖြစ်သည်။ ယင်းသည် တကယ့်​သွား​အစစ်​နှင့်​တူ​၏။

မညီမညာ​ဖြစ်နေ​သော​သွားများ​သည် စိတ်​အနှောင့်အယှက်​ဖြစ်စေ​ပြီး သန့်ရှင်း​ရ​ခက်​သောကြောင့် ရောဂါ​ဖြစ်​လွယ်​၏။ သွားများ အစီအစဉ်​တ​ကျ​ပေါက်​မနေ​ပါ​က နာကျင်​နိုင်​ပြီး အစာ​ဝါး​ရ​ခက်​စေနိုင်​သည်။ ဝမ်းသာစရာ​မှာ ဆရာဝန်​များသည် များသောအားဖြင့် ဤသို့​သော​ပြဿနာ​ကို သွား​ချုပ်​တံ​သုံး​၍ ဖြေရှင်း​ပေး​နိုင်​ကြသည်။ မကြာသေးမီ​က ဒီဇိုင်း​များ ခေတ်မီ​တိုးတက်လာ​သည့်​အတွက် သွား​ချုပ်​တံ​များ​မှာ သိပ်​မမြင်သာ​ဘဲ မကြာခဏ ညှိ​ပေး​ဖို့​လည်း သိပ်​မလို​တော့​ချေ။

ဆရာဝန်​အချို့​သည် ခံတွင်း​အနံ့ဆိုး​ခြင်း​ကို ပို​၍​ဂရုစိုက်​လာ​ကြသည်။ လူအများစု​သည် တစ်ခါတစ်ရံ​မှ ခံတွင်း​အနံ့ဆိုး​တတ်​သော်လည်း အချို့​မှာ​မူ အမြဲလိုလို​ပင် အနံ့ဆိုး​နေတတ်​သည်။ ယင်း​သို့ ဖြစ်​ရသည့်​အကြောင်းရင်း များစွာ​ရှိ​နိုင်​သည်။ ဆရာဝန်​အချို့​သည် ယင်း​သို့ ဖြစ်​ရသည့်​အကြောင်းရင်းကို အတိအကျ​ရှာဖွေ​နိုင်​ကြသည်။ အများအားဖြင့် ယင်းသည် လျှာ​အရင်း​ပိုင်း​တွင် ခိုအောင်း​နေသော ဘက်တီးရီးယား​ပိုး​များ​ကြောင့်​ဖြစ်၏။ သကြားဓာတ်​မပါ​သော​ပီကေ​ကို ဝါး​ခြင်း​ဖြင့် တံတွေး​ကို ပို​ထွက်​စေနိုင်​သကဲ့သို့ လျှာ​ကို သွား​ပွတ်တံ​ဖြင့် ပွတ်တိုက်​ပေးခြင်း၊ ခြ​စ်​ပေးခြင်း​ဖြင့်​လည်း အကူအညီ​ဖြစ်စေ​နိုင်​သည်။ နို့​ထွက်​ပစ္စည်း​များ၊ အသား​နှင့်​ငါး​များ​ကို စားသုံး​ပြီး​နောက် ခံတွင်း​ကို သန့်ရှင်းရေး​လုပ်ပေး​ရန် အထူး​အရေးကြီး​သည်။

ကြောက်ရွံ့​မှု​ကို ဖြေရှင်းခြင်း

သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​ထံ​သွားဖို့ သင်​စိုးရိမ်​နေပါက ဆရာဝန်​က မကြောက်​ရန် သင့်​အား ကူညီ​ပေး​ပေမည်။ ထို့​ကြောင့် သင်​မည်သို့​ခံစား​နေရ​သည်ကို သူ့​အား​ပြောပြ​ပါ။ ကုသမှု​ခံယူ​စဉ် သင်​နာကျင်​လာ​ပါ​က သို့​မဟုတ် ကြောက်​လာ​ပါ​က သင့်​လက်​ဖြင့် မည်သို့​အချက်ပြ​မည်​ကို ကြိုတင်​ပြော​ထား​ပါ။ ယင်း​သို့ ပြုလုပ်ခြင်း​က ပို​၍​စိတ်ချ​လက်ချ​ဖြစ်စေ​ကြောင်း လူနာ​အများ တွေ့ရှိ​ခဲ့​ကြသည်။

သင့်​သွား​နှင့်​ပတ်သက်​၍ ပြစ်တင်​ခံရ​မည်​ကို ကြောက်ရွံ့​နေခြင်း​ဖြစ်​ပေမည်။ သွားများ​ကို သေချာ​ဂရုမစိုက်​သောကြောင့် ဆရာဝန်​က သင့်​အား အထင်သေး​မည်​ကို စိုးရိမ်​ပေမည်။ သို့သော် ယင်း​သို့​သော​အပြောအဆို​မျိုး​က သူတို့၏​လုပ်ငန်း​ကို ထိခိုက်​စေနိုင်​သောကြောင့် သင်​ထင်​သည့်​အတိုင်း ပြစ်တင်​ခံရ​ချင်​မှ ပြစ်တင်​ခံရ​ပေမည်။ ဆရာဝန်​အများစု​သည် သူတို့၏​ဖောက်သည်​လူနာများ​ကို ကြင်နာ​စွာ စကားပြော​ဆိုလို​ကြသည်။

ငွေ​ကုန်​ကြေး​ကျ​များသော​ကြောင့် လူအများစုက သွား​ကု​ဆရာဝန်​ထံ​သွား​ရန် ဝန်​လေး​ကြသည်။ သို့သော် သင်​ယခု စစ်ဆေးမှု​များ​ပြုလုပ်​မည်​ဆိုလျှင် နောင်​တွင်​ကြုံတွေ့​ရနိုင်​သော ငွေ​ကုန်​ကြေး​ကျ​များ​သည့် ကုသမှု​မျိုးကို ရှောင်နိုင်​ပေ​လိမ့်​မည်။ ဒေသ​အများစု​တွင် လူ​တို့​တတ်နိုင်​သော​ငွေ​အင်အား​နှင့် သင့်တော်​သည့် သွား​ဘက်​ဆိုင်ရာ​ဆေးခန်း​အမျိုးမျိုး ရှိပါ​သည်။ ဈေး​အသက်​သာ​ဆုံး သွား​ဘက်​ဆိုင်ရာ​ဆေးခန်း​များ​၌​ပင် ဓာတ်မှန်​နှင့် အရှိန်မြှင့်​ဖောက်​စက်​များ​ရှိ​ပေမည်။ သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​များသည် လူနာများ​ကို နာကျင်မှု​အသက်​သာ​ဆုံး​နည်းဖြင့် ကုသ​ပေး​နိုင်​ကြ​ပါ​သည်။ ထုံ​ဆေး​များသည် ဈေး​သက်​သာ၍ ဝင်ငွေ​နည်း​သူများ​ပင် တတ်နိုင်​၏။

သွား​ကု​ဆရာဝန်​များ​၏​ရည်ရွယ်ချက်မှာ နာကျင်စေ​ရန်​မဟုတ်ဘဲ နာကျင်မှုကို သက်သာ​စေရန်​ဖြစ်၏။ သွား​ရောဂါ​ကုသမှု​သည် သင့်​ဘိုးဘွား​များ​ခေတ်​က အခြေအနေ​နှင့်​မတူ​တော့​ဘဲ အလွန်​တိုးတက်​နေပြီ​ဖြစ်သည်။ ကျန်းမာ​သော​သွားများ​သည် သင့်​အထွေထွေ​ကျန်းမာ​ရေး​ကို တိုးတက်​ကောင်းမွန်​စေပြီး သင့်​ဘဝကို​လည်း ပို​၍​အပြည့်အဝ ပျော်မွေ့​စေနိုင်​သောကြောင့် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​ထံ သွား​၍​ပြ​ကြည့်​ပါ​လေ။ သင် အံ့သြ​ကျေနပ်​သွားပေ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​တွင် သွား​ဘက်​ဆိုင်ရာ​ဆရာဝန်​မှ လူနာ​အား မည်သို့​ကူညီ​ပေး​နိုင်​ကြောင်းကို အလေးပေး​ဖော်ပြ​ထား​ပါ​သည်။

[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ကျန်းမာ​သော​သွား​၏​တည်ဆောက်​ပုံ

သွား​ကြွေ

သွား​ထ​ည်

သွား​ဖုံး​အသားမျှင် (သွား​ဖုံး)

နဗ်ကြော​များ​ရှိသည့် အသားနု​များနှင့် သွေးကြော​များ

အရိုး

အစွပ်

သွား​မြစ်

[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

သွား​ပိုးစား​ခြင်း

သွား​အ​ခေါင်း

သွား​ဖာ​ခြင်း က သွား​အ​ခေါင်း​များ​ကျယ်​ခြင်း​ကို တားဆီး​ပေး

[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

သွား​ဖုံး​ရောဂါ

သွား​ချေး​များ ကို သွား​ပွတ်တံ​ဖြင့် တိုက်ချွတ်​သင့် သို့​မဟုတ် ကြိုး​ဖြင့် ရှင်းလင်း​သင့်

သွား​ချေး​ကျောက်​များ သည် ဖယ်ရှား​ရ​ခက်​ပြီး သွား​ဖုံး​များ​ကို နိမ့်​ဝင်​သွား​စေ

သွား​ဖုံး​များ​နိမ့်​ဝင်​သွားခြင်း

[စာမျက်နှာ ၂၁ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

သွားများ​ပြုပြင်ခြင်း

သွား​ကွပ်​ခြင်း

အစွပ်

သွား​စိုက်​ခြင်း

သွား​ဆက်​ကူး​ဖြင့် လ​ပ်​နေသော​နေရာ​၏ ဘေး​တစ်ဖက်တစ်ချက်​စီ​ရှိ သွားများ​တွင်​စွပ်ပေး