ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
▪ လေ့လာမှုတစ်ခုအရ ဗိုက်ခွဲမွေးခြင်းသည် ရိုးရိုးမွေးခြင်းထက် မိခင်သေဆုံးမှုအန္တရာယ် သုံးဆပိုများစေသည်။—OBSTETRICS AND GYNECOLOGY ဂျာနယ်၊ အမေရိကန်နိုင်ငံ။
▪ သိပ္ပံပညာရှင် စတီဗင် ဟော်ကင် က အင်တာနက်မှတစ်ဆင့် အများပြည်သူနှင့်ဆိုင်သော ဤမေးခွန်းကို မေးခဲ့သည်– “နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွင် ပရမ်းပတာဖြစ်နေသောဤကမ္ဘာကြီး၌ လူသားမျိုးနွယ်သည် နောက်ထပ်အနှစ်တစ်ရာအထိ မည်သို့တောင့်ခံထားနိုင်မည်နည်း။” တစ်လကြာပြီးနောက် သူဤသို့ဝန်ခံခဲ့သည်– “အဖြေကို ကျွန်တော်မသိဘူး။ ဒီအကြောင်းကို လူတွေစဉ်းစားလာအောင် လှုံ့ဆော်ပေးဖို့နဲ့ ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို သတိပြုမိဖို့ ဒီမေးခွန်းကို မေးရခြင်းဖြစ်တယ်။”—THE GUARDIAN သတင်းစာ၊ ဗြိတိန်။
▪ တန်ဇန်းနီးယားနိုင်ငံ၏ လူဦးရေ ၃၇ သန်းအနက် ၁၄ သန်းနှင့် ၁၉ သန်းကြားမှာ နှစ်စဉ် ငှက်ဖျားရောဂါခံစားနေရသည်။ “ဤနိုင်ငံတွင် ငှက်ဖျားရောဂါသည် နှစ်စဉ် လူ ၁၀၀,၀၀၀ ခန့်ကို သေဆုံးစေ၏။”—THE GUARDIAN သတင်းစာ၊ တန်ဇန်းနီးယား။
ငါးများသည် ဖြန့်ဝေသောရေကို သန့်စင်ပေး
မြောက်အမေရိကရှိ မြို့ကြီးများစွာတွင် သောက်သုံးရေ၏အရည်အသွေးကို စောင့်ကြပ်စစ်ဆေးရန် မိမိတို့ဝန်းကျင်ရှိ ဓာတုပစ္စည်းများကို အာရုံခံနိုင်သည့် ပါးဟက်ပြာနေလုံးငါးများကို အသုံးပြုနေကြသည်။ “မြူနီစီပယ်ရေသိုလှောင်ကန်များထဲတွင် အဆိုပါငါးများကို ထည့်ထားကာ ရေတွင် အဆိပ်များရှိနေသည့်အခါ အဆိုပါငါးများ၏ အသက်ရှူပုံ၊ နှလုံးခုန်ပုံနှင့် ရေကူးပုံများ ပြောင်းလဲသွားပုံကို မှတ်တမ်းတင်ရန် အာရုံခံကိရိယာများသည် နေ့ရောညပါအလုပ်လုပ်ကြသည်” ဟု အေပီသတင်းတစ်ပုဒ်က ရှင်းပြ၏။ နယူးယောက်မြို့မှဖြစ်ရပ်တစ်ခုတွင် “ငါးများသည် ယိုဖိတ်သည့်ဒီဇယ်ဆီကို အခြားမည်သည့် ထောက်လှမ်းကိရိယာများထက်မဆို နှစ်နာရီစော၍ အာရုံခံသိရှိ” ရာ ဤသို့ဖြင့် သောက်သုံးသူများထံ အဆိပ်အတောက်များမရောက်ရှိစေရန် ကာကွယ်ပေးသည်ဟု သတင်းကဖော်ပြသည်။
နီကိုတင်းဓာတ်ပါဝင်မှုကို တိုးမြှင့်
ပြည်သူ့ကျန်းမာရေးကင်ပိန်းများက ဆေးလိပ်သောက်သူများအား ဆေးလိပ်ဖြတ်ရန် လှုံ့ဆော်ပေးနေသော်လည်း ဆေးရွက်ကြီးကုမ္ပဏီများကမူ နီကိုတင်းဓာတ်ပါဝင်မှုကို “လွန်ခဲ့သောခြောက်နှစ်အတွင်း ၁၀ ရာခိုင်နှုန်း” တိုးမြှင့်ခြင်းဖြင့် “စီးကရက်ကို ပို၍စွဲစေရန် မရိုးမသားလုပ်ခဲ့ကြသည်” ဟု The New York Times ကဖော်ပြသည်။ ဆေးလိပ်သောက်သူများ၏ တကယ့်အလေ့အထများကို လက်တွေ့ကျကျ တုပထားသည်ဟုယူဆရသော စမ်းသပ်မှုအသစ်တစ်ခုအရ ဆေးရွက်ကြီးကုမ္ပဏီများသည် “ဆေးလိပ်သောက်ခါစလူငယ်များကို အလွယ်တကူစွဲစေရန်နှင့် ကြာမြင့်စွာသောက်ခဲ့သူလူကြီးများကို ဖြတ်ရခက်စေရန်” ကြိုးစားနေကြကြောင်း တွေ့ရှိရသည်။ စမ်းသပ်မှုများအရ “[စီးကရက်] အမျိုးအစားအားလုံးနီးပါးတွင် အလွန်စွဲစေသည့် နီကိုတင်းဓာတ်ပမာဏ များစွာပါရှိကြောင်း တွေ့ရှိရသည်။”
ဦးနှောက်ဖြင့်ထိန်းသည့်လက်တု
မတော်တဆထိခိုက်မှုဖြစ်ပြီးနောက် လက်နှစ်ဖက်စလုံးကို ပခုံးမှဖြတ်ပစ်ခဲ့ရသည့် အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ယခုအခါ ဦးနှောက်ဖြင့်ထိန်းသည့် လက်တုကို အသုံးပြုနေသည်။ သူသည် လှေကားကိုတွယ်တက်နိုင်သည်။ ဆေးသုတ်သည့် တလိမ့်တုံးကိုလည်း ကိုင်နိုင်သည့်အပြင် သူ၏မြေးများကိုပင် ချီပွေ့နိုင်သည်။ “သူ၏ဘယ်ဘက်လက်သည် ဦးနှောက်ဖြင့်ထိန်းသည့် အီလက်ထရွန်နစ်ကိရိယာတစ်ခုဖြစ်၏။ သူသည် ‘လက်ဆုပ်’ မည်ဟု စိတ်ကူးလိုက်သည့်အခါ ခွဲစိတ်ပြုပြင်ထားသောနာဗ်ကြောများမှတစ်ဆင့် ပေးပို့သည့် လျှပ်စစ်အချက်ပြများက သူ၏လက်ကိုဆုပ်စေသည်” ဟု စီအဲန်အဲန် သတင်းဌာနက ရှင်းပြသည်။ လျှပ်ခေါင်းများသည် ဦးနှောက်၏စေ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာသော ကြွက်သားလှုပ်ရှားမှုကို ဖမ်းယူကာ ယင်းတို့ကို လက်မောင်းထဲတွင်ရှိသည့် ကွန်ပျူတာသို့ပို့ပေးသည်။ ကွန်ပျူတာသည် လက်တံအတုထဲရှိ မော်တာများကို လည်ပတ်လှုပ်ရှားစေရာ လက်တံအတု၏အစိတ်အပိုင်းများသည် ပကတိတံတောင်ဆစ်နှင့် လက်တို့ကဲ့သို့ လှုပ်ရှားလာသည်။
မျိုးစိတ်အသစ် ထောင်ပေါင်းများစွာ ထပ်မံတွေ့ရှိ
မျိုးစိတ်အသစ် ၁၇,၀၀၀ နီးပါးကို နှစ်စဉ်ရှာဖွေတွေ့ရှိသည်ဟု တဟီတီနိုင်ငံထုတ် Fenua Info သတင်းစာက ဖော်ပြ၏။ မျိုးစိတ်အသစ် လေးပုံသုံးပုံခန့်သည် အင်းဆက်ပိုးများဖြစ်သော်လည်း ရှာဖွေတွေ့ရှိသောမျိုးစိတ်များတွင် ငါးမျိုးစိတ် ၂၅၀ နှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၂၀ မှ ၃၀ အပါအဝင် ကျောရိုးရှိသတ္တဝါ ၄၅၀ ခန့်လည်းပါဝင်သည်။ နို့တိုက်သတ္တဝါမျိုးစိတ်အသစ် သုံးပုံနှစ်ပုံမှာ ရှဉ့်၊ ကြွက်၊ လင်းနို့များဖြစ်ကြပြီး “ပျမ်းမျှအားဖြင့် အဆင့်မြင့် နို့တိုက်သတ္တဝါမျိုးစိတ်အသစ်တစ်မျိုးကို နှစ်စဉ်ရှာဖွေတွေ့ရှိသည်” ဟုသိပ္ပံပညာရှင်များက ပြောဆိုကြသည်မှာ အံ့ဩစရာဖြစ်ကြောင်း သတင်းစာကဖော်ပြ၏။ တွေ့ရှိသည့်စာရင်းတွင် အပင်များလည်းပါဝင်သည်။