မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေနောက်လိုက်ခြင်းက သင့်ကို နာမကျန်းဖြစ်စေသလော

ငွေနောက်လိုက်ခြင်းက သင့်ကို နာမကျန်းဖြစ်စေသလော

ငွေ​နောက်လိုက်ခြင်း​က သင့်ကို နာမကျန်း​ဖြစ်စေ​သလော

မနက်ဖြန်​တွင် သင် အလွန်​ချမ်းသာ​ကြွယ်ဝ​လာ​မည်​ဆိုပါ​က ဘာလုပ်​မည်​နည်း။ အေးအေးဆေးဆေး​နေ​ကာ စည်းစိမ်​ခံ​မည်​လော။ အလုပ်​မှ​ထွက်​ပြီး မိသားစု၊ မိတ်ဆွေ​အပေါင်းအသင်း​များနှင့် အချိန်ဖြုန်း​မည်​လော။ သင်​အလွန်​နှစ်သက်​သည့် သက်​မွေး​လုပ်ငန်း​တစ်ခု​ကို စတင်​လုပ်ကိုင်​မည်​လော။ စိတ်ဝင်စားစရာ​မှာ ချမ်းသာ​ကြွယ်ဝ​လာ​သူများစွာ​သည် ယင်း​သို့​သော​အရာများ​ကို မလုပ်ဆောင်​ကြ​ချေ။ ယင်းအစား သူတို့၏​ကျန်ရှိ​သော​ဘဝ​အသက်တာကို ကြွေးမြီ​သစ်​များ​ပေး​ဆပ်ရန် သို့​မဟုတ် ပိုမို​ချမ်းသာ​ကြွယ်ဝ​ရန် ငွေ​များများ​ရှာ​ခြင်း​တွင် မြှုပ်နှံထား​ကြသည်။

သို့သော် ဤ​လမ်းစဉ်​နောက် လိုက်ခဲ့​ကြ​သူ​အချို့​သည် ရုပ်​ဝါဒ​လိုက်စားမှု​ကြောင့် မိမိတို့၏​ကျန်းမာ​ရေး၊ မိသားစု​ဘဝ​နှင့် သားသမီး​များ​၏​ကိုယ်ကျင့်တရား​တို့​တွင် ထိခိုက်​ပျက်စီး​ခဲ့​ရသည်ကို သတိပြုမိ​လာ​ကြသည်။ မကြာသေးမီ​က စာအုပ်​များ၊ ဆောင်းပါး​များ၊ ရုပ်မြင်သံကြား​အစီအစဉ်များ​နှင့် ဗီဒီယိုများ​တွင် စည်းစိမ်​ယစ်​မူး​ခြင်း​အန္တရာယ်ကို သတိပေး​ကာ ရိုးရှင်း​သော​ဘဝ​ပုံစံ​ကို ရွေးချယ်​ကြ​ရန် အားပေး​လှုံ့ဆော်​လာ​ကြသည်။ စည်းစိမ်ဥစ္စာ​ရှာဖွေရေး​တွင် လုံးလုံး​အာရုံနစ်​မြုပ်​ထားခြင်း​က စိတ်ပိုင်း၊ စိတ်​လှုပ်ရှားမှု​ပိုင်း​နှင့် ကာယပိုင်း​တို့​တွင် နာမကျန်း​ဖြစ်စေ​နိုင်​ကြောင်း စာပေ​အတော်များများ​က ထောက်ပြ​လာ​ကြသည်။

ရုပ်​ဝါဒ​လိုက်စားမှု​၏​အန္တရာယ်များ​နှင့်​ပတ်သက်​၍ စိုးရိမ်မကင်း​ဖြစ်​ခြင်း​မှာ အသစ်အဆန်း​မဟုတ်​ချေ။ လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါး​က သမ္မာကျမ်းစာ​တွင် ဤသို့​ဖော်ပြ​ထား​သည်– “ငွေ​ရ​တတ်​ခြင်း​ငှာ အလိုရှိ​သော​သူတို့သည် အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏။ ထိုသို့​သော​အားဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌ နစ်မွန်း​တတ်ကြ​၏။ အကြောင်း​မူ​ကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းသော​အမှု​အပေါင်းတို့တွင် မူလအမြစ်​ဖြစ်​သတည်း။ လူ​အချို့​တို့သည် ငွေ​ကို​တပ်မက်သော​ကြောင့် ယုံကြည်ခြင်း​တရားလမ်း​မှ​လွဲသွား​၍ [“နာကျင်ခြင်း​ဝေဒနာ​များစွာ​ဖြင့် ကိုယ့်​ကိုယ်ကို ထိခိုက်​နစ်နာ​စေ​ခဲ့၊” က​ဘ] ကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀

သို့သော် ယင်း​အချက် မှန်ကန်​ပါသလော။ ဘဝတွင် ငွေ​နှင့် ရုပ်ပစ္စည်း​စုဆောင်းမှု​များ​ကို အဓိက​ထား​ကြ​သူတို့သည် အမှန်တကယ်​ပင် ဝေဒနာ​များ​ခံစား​နေရ​ပါသလော။ သို့​မဟုတ် ဥစ္စာ​ဓန၊ ကျန်းမာ​ရေး၊ ပျော်ရွှင်သော​မိသားစု​ဘဝ စ​သည့်​အရာအားလုံးကို သူတို့​ပိုင်ဆိုင်​ကြ​ပါသလော။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်​သွားပါ​မည်။