ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
သမ္မာကျမ်းစာရှုထောင့်
ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
‘ငွေသည် ကွယ်ကာတတ်၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၇:၁၂) ယင်းသည် စားဝတ်နေရေးကို ထောက်ပံ့နိုင်သောကြောင့် ဆင်းရဲနွမ်းပါးမှုနှင့်ဒွန်တွဲပါလာသော အခက်အခဲများမှ ကာကွယ်ပေး၏။ အမှန်ပင် ငွေသည် မည်သည့်ရုပ်ပစ္စည်းများကိုမဆို ဝယ်ယူနိုင်သည်။ ဒေ. ၁၀:၁၉ [သမ္မာ]တွင် “ငွေသည် အရာခပ်သိမ်းကို ရတတ်၏” ဟုဆိုထားသည်။
ကျွန်ုပ်တို့ကိုယ်တိုင်နှင့် မိသားစုလိုအပ်ရာများကို ငွေကြေးအရထောက်ပံ့နိုင်ရန် ကြိုးစားအလုပ်လုပ်ဖို့ သမ္မာကျမ်းစာက အားပေးသည်။ (၁ တိမောသေ ၅:၈) ရိုးသား၊ ကြိုးစားခြင်းက ကျေနပ်မှု၊ ဂုဏ်သိက္ခာနှင့် လုံခြုံမှုတို့ကို ရရှိခံစားစေသည်။—ဒေ. ၃:၁၂၊ ၁၃။
ထို့ ပြင် ကျွန်ုပ်တို့၏အလုပ်ကြိုးစားမှုကြောင့် အခြားသူများအား ငွေကြေးအရ ရက်ရောစွာပေးကမ်းနိုင်သည်။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” ဟုယေရှုပြောခဲ့၏။ (တမန်တော် ၂၀:၃၅) ကျွန်ုပ်တို့ချစ်ရသူတစ်ဦးဦးကို လက်ဆောင်ဝယ်ပေးခြင်း၊ အထူးသဖြင့် ခရစ်ယာန်ချင်းများ၏ လိုအပ်ရာများကို ထောက်ပံ့ရန် ကျွန်ုပ်တို့၏ငွေကြေးများကို စေတနာပါပါအသုံးပြုခြင်းက အထက်ပါပျော်ရွှင်မှုများကို ခံစားရစေပါသည်။—၂ ကောရိန္သု ၉:၇; ၁ တိမောသေ ၆:၁၇-၁၉။
ယေရှုက မိမိနောက်လိုက်များအား ရက်ရောပါဟု တိုက်တွန်းရာတွင် တစ်ခါတစ်ရံမှသာ ပေးကမ်းရန်မဟုတ်ဘဲ ယင်းကို ဘဝလမ်းစဉ်တစ်ခုကဲ့သို့ အကျင့်ဖြစ်စေရန် ပြောနေခြင်းဖြစ်သည်။ “ပေးကမ်းခြင်းကို ကျင့်ယူ” ရန် ကိုယ်တော်မိန့်ဆိုခဲ့၏။ (လုကာ ၆:၃၈၊ ကဘ) ထိုမူသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် လှူဒါန်းခြင်းနှင့်လည်း သက်ဆိုင်သည်။ (သု. ၃:၉) မှန်ပါသည်၊ ကျွန်ုပ်တို့ ဤသို့ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်းဖြင့် ယေဟောဝါ၊ ကိုယ်တော်၏သားတော်တို့နှင့် “အဆွေ” ဖွဲ့နိုင်မည်ဖြစ်သည်။—လုကာ ၁၆:၉။
‘ငွေတပ်မက်ခြင်း’ ကိုသတိပြု
တစ်ကိုယ်ကောင်းသမားများသည် တွန့်တိုကြပြီး ပေးကမ်းသောအခါတွင်လည်း အကြံအစည်ဖြင့်ဖြစ်သည်။ သူတို့၏ပြဿနာမှာ ငွေကို တပ်မက်ခြင်းဖြစ်လေ့ရှိပြီး သူတို့မျှော်လင့်သည့်အတိုင်း ဖြစ်မလာသောအခါ ဝမ်းနည်းရကြသည်။ “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုးကြပြီ” ဟု ၁ တိမောသေ ၆:၁၀ ကဆိုသည်။ ငွေကိုတပ်မက်ခြင်းသည် အဘယ်ကြောင့် ကျေနပ်မှုမပေးသည့်အပြင် ထိခိုက်နာကျင်စေသနည်း။
တစ်ချက်အနေနှင့် လိုဘကြီးသူများ၏ ချမ်းသာကြွယ်ဝလိုစိတ်သည် အတောမသတ်နိုင်ချေ။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်” ဟု ဒေ. ၅:၁၀ ကဆိုသည်။ ထို့ကြောင့် ငွေကို တပ်မက်သူများသည် မကုန်ဆုံးနိုင်သော စိတ်ပျက်စရာများဖြင့် “ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုး” ကြ၏။ ထို့ ပြင် သူတို့၏လိုဘကြီးမှုကြောင့် အခြားသူများနှင့်ဆက်ဆံရေးကိုပျက်စီးစေပြီး မိသားစုပျော်ရွှင်မှုကိုပါ ထိခိုက်စေသည့်အပြင် သင့်တော်သောအနားယူခြင်းပင် မရှိကြချေ။ “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။” (ဒေ. ၅:၁၂) ယင်းတို့အားလုံးထက် ငွေကိုတပ်မက်ခြင်းသည် ဘုရားသခင့်မျက်နှာသာတော်ကို ဆုံးရှုံးစေ၏။—ယောဘ ၃၁:၂၄၊ ၂၈။
သမ္မာကျမ်းစာနှင့် လောကသမိုင်းတွင် ငွေရဖို့အတွက် ခိုးခြင်း၊ မတရားလုပ်ခြင်း၊ ပြည့်တန်ဆာလုပ်ခြင်း၊ လူသတ်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် မုသားသုံးခြင်းတို့နှင့်ဆိုင်သော ဥပမာများစွာကို ဖော်ပြထားသည်။ (ယောရှု ၇:၁၊ ၂၀-၂၆; မိက္ခာ ၃:၁၁; မာကု ၁၄:၁၀၊ ၁၁; ယောဟန် ၁၂:၆) ယေရှု မြေကြီးပေါ်အမှုတော်ဆောင်ချိန်တွင် အလွန်ချမ်းသာကြွယ်ဝသည့် လူငယ်အရာရှိအား မိမိနောက်လိုက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဝမ်းနည်းစရာမှာ ဤဖိတ်ခေါ်ချက်သည် သူ၏ငွေကြေးအခြေအနေကို ထိခိုက်စေနိုင်သောကြောင့် ယင်းကို ငြင်းပယ်ခဲ့၏။ ယင်းကြောင့် “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏” ဟုယေရှုမိန့်ဆိုခဲ့လေသည်။—လုကာ ၁၈:၂၃၊ ၂၄။
ဤ ‘နောက်ဆုံးကာလ’ တွင် လူအများသည် “ငွေကိုတပ်မက်သူများ” ဖြစ်မည်ဟု ကြိုဟောထားသောကြောင့် ခရစ်ယာန်များ အထူးဂရုစိုက်ဖို့လိုသည်။ (၂ တိမောသေ ၃:၁၊ ၂) မိမိ၏ဝိညာဉ်ရေးလိုအပ်ရာများကို ဂရုစိုက်သော ခရစ်ယာန်စစ်များသည် ငွေထက်တန်ဖိုးရှိသောအရာကို ပိုင်ဆိုင်ထားကြသောကြောင့် လောဘလှိုင်းလုံး၏ရိုက်ခတ်မှုဒဏ်ကို မခံစားကြရပါ။
ငွေထက်တန်ဖိုးရှိသောအရာ
ငွေ၏ကွယ်ကာနိုင်စွမ်းကို ဖော်ပြစဉ် ဘုရင်ရှောလမုန်က ‘ဉာဏ်ပညာသည် ကွယ်ကာတတ်၏’ ဟုထပ်၍ဆိုခဲ့သည်။ အကြောင်းမူကား ယင်းသည် ‘ဉာဏ်ပညာရှင်ကို အသက်ရှင်စေ’ သောကြောင့်ဖြစ်၏။ (ဒေ. ၇:၁၂၊ သမ္မာ) အဘယ်အရာကို သူဆိုလိုခြင်းဖြစ်သနည်း။ ဤတွင် ရှောလမုန်ထောက်ပြသော ဉာဏ်ပညာမှာ ဘုရားသခင်ကို တော်မှန်စွာကြောက်ရွံ့ ခြင်းနှင့် တိကျမှန်ကန်သော သမ္မာကျမ်းစာအသိပညာတို့အပေါ် အခြေခံသည်။ ဤသို့သော ဉာဏ်ပညာသည် ငွေထက်သာ၍တန်ဖိုးရှိကာ များပြားလှသောအန္တရာယ်နှင့် အချိန်မတန်ဘဲသေဆုံးရခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ ထို့ ပြင် စစ်မှန်သောဉာဏ်ပညာသည် သရဖူကဲ့သို့ ယင်းကိုပိုင်ဆိုင်ထားသူတို့အား ချီးမြှောက်မှုနှင့် လေးစားမှုကို ရရှိစေ၏။ (သု. ၂:၁၀-၂၂; ၄:၅-၉) ဘုရားသခင့်မျက်နှာသာကိုလည်း ရစေသောကြောင့် ယင်းကို “အသက်ပင်” ဟုခေါ်နိုင်သည်။—သု. ၃:၁၈။
ဤသို့သောဉာဏ်ပညာကို ရလိုသူများနှင့် ရှာဖွေလိုသူများသည် ယင်းကို အလွယ်တကူရရှိနိုင်သည်။ ‘ငါ့သား သင်သည် . . . သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရားသခင်ကို ကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသခင်သည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်မြွက်တော်အားဖြင့်သာဖြစ်တတ်၏။’—သု. ၂: ၁-၆။
စစ်မှန်သောခရစ်ယာန်များသည် ဉာဏ်ပညာကို ငွေထက်တန်ဖိုးရှိသောအရာအဖြစ် ယူမှတ်သောကြောင့် ငွေတပ်မက်သူများမရနိုင်သော ငြိမ်သက်မှု၊ ပျော်ရွှင်မှုနှင့် လုံခြုံမှုတို့ကို အတိုင်းအတာတစ်ခုအထိ ခံစားကြရသည်။ ဟေဗြဲ ၁၃:၅ တွင် “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား’ ဟု [ဘုရားသခင်] ကတိတော်ရှိ၏” ဟုဆိုသည်။ ငွေသည် ဤသို့သော လုံခြုံမှုကို ပေးနိုင်စွမ်းမရှိချေ။
သင်စဉ်းစားဖူးသလော
▪ ငွေသည် မည်မျှကာကွယ်ပေးနိုင်သနည်း။—ဒေ. ၇:၁၂။
▪ ဘုရားသခင်ရေးရာဉာဏ်ပညာသည် အဘယ်ကြောင့် ငွေထက် သာ၍ကောင်းသနည်း။—သု. ၂:၁၀-၂၂; ၃:၁၃-၁၈။
▪ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ငွေတပ်မက်ခြင်းကို ရှောင်သင့်သနည်း။—မာကု ၁၀:၂၃၊ ၂၅; လုကာ ၁၈:၂၃၊ ၂၄; ၁ တိမောသေ ၆:၉၊ ၁၀။