မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိတ်တဆိတ်ချိန်းတွေ့ခြင်းသည် အဘယ်ကြောင့်မှားသနည်း

တိတ်တဆိတ်ချိန်းတွေ့ခြင်းသည် အဘယ်ကြောင့်မှားသနည်း

လူငယ်များ​အမေး . . .

တိတ်တဆိတ်​ချိန်းတွေ့​ခြင်း​သည် အဘယ်ကြောင့်​မှား​သနည်း

ဂျက်​စီ​ကာ *တစ်ယောက် အကျပ်ရိုက်​နေ​၏။ အတန်းဖော်​ဖြစ်သည့် ဂျေ​ရ​မီ​က သူ့ကို စိတ်ဝင်စား​နေ၍​ဖြစ်သည်။ “သူက​အရမ်း​ချော​တာ။ ပြီး​တော့ ဂျေ​ရ​မီ​ဟာ တွေ့ ဖူး​သမျှ ကောင်လေး​တွေ​ထဲမှာ အရည်မွန်ဆုံး​ပဲ​လို့ သူငယ်ချင်းတွေက ပြောပြ​ကြတယ်။ မိန်းကလေး​အတော်များများ​က သူနဲ့ တွဲ​ချင်​ကြ​ပေမဲ့ သူတို့ကို သူ​စိတ်မဝင်စား​ဘူး။ ကျွန်မ​တစ်ယောက်တည်း​ကိုပဲ သူ​သဘောကျ​တာ” ဟု​ဂျက်​စီ​ကာ​က ပြော​သည်။

သိပ်​မကြာမီ​မှာ​ပင် ဂျေ​ရ​မီ​က ဂျက်​စီ​ကာ​အား အပြင်ထွက်​ချိန်းတွေ့​ရန် တောင်းဆို​တော့​သည်။ ဂျက်​စီ​ကာ​က ဤသို့​ပြောပြ​သည်– “ကျွန်မ​က ယေဟောဝါသက်သေ တစ်ယောက်​ဖြစ်​လို့ ကျွန်မ​နဲ့ ဘာသာရေး​ယုံကြည်ချက်​ချင်း​မတူတဲ့​သူနဲ့ ချိန်းတွေ့​ခွင့် ရမှာ​မဟုတ်ဘူးလို့ သူ့ကို​ရှင်းပြတယ်။ ဒါပေမဲ့ ဂျေ​ရ​မီ​မှာ စိတ်ကူး​တစ်ခု​ရှိတယ်။ ဒါနဲ့ သူက ‘ဒါဆို မင်း​မိဘတွေ​မသိအောင် တိတ်တိတ်လေး ချိန်းတွေ့​ကြရအောင်​လို့​ပြော​တယ်။’”

အကယ်၍ သင်​စွဲလမ်း​နေ​သူ​တစ်ဦး​က ဤသို့​ပြော​လှာ​လျှင် သင်​မည်သို့ တုံ့ ပြန်​မည်​နည်း။ အစပိုင်း​တွင် ဂျေ​ရ​မီ​၏​အစီအစဉ်ကို ဂျက်​စီ​ကာ​သဘောတူခဲ့​ကြောင်း သိရ​သည့်​အတွက် သင်​အံ့အားသင့်​သွားပေ​မည်။ ဂျက်​စီ​ကာ​က “သူနဲ့​ချိန်းတွေ့​မယ်​ဆိုရင် ယေဟောဝါ​ကို သူ​ချစ်​လာအောင် ကျွန်မ လုပ်နိုင်​မယ်​လို့ ယုံကြည်ခဲ့​တယ်” ဟု​ပြောပြ​သည်။ အခြေအနေ မည်သို့​ပြောင်း​သွား​သနည်း။ နောက်ပိုင်း​တွင် သိရ​ပါ​လိမ့်​မည်။ ဦးစွာ၊ အခြား​ကဏ္ဍ​များ​တွင် တုပထိုက်​သည့် ဂျက်​စီ​ကာ​ကဲ့သို့​သော ခရစ်ယာန်​လူငယ်​တစ်ဦး​ပင် တိတ်တဆိတ်​ချိန်းတွေ့​ခြင်း​ထောင်ချောက်​ထဲ အမှတ်မထင်​ကျရောက်​သွား​နိုင်​ပုံ​ကို ကြည့်​ကြ​စို့။

အဘယ်ကြောင့် တိတ်တဆိတ်​ချိန်းတွေ့ ကြ

လူငယ်​အချို့​သည် ငယ်​ငယ်ရွယ်​ရွယ်​နှင့် ချိန်းတွေ့ ကြ​၏။ “အသက် ၁၀ နှစ်၊ ၁၁ နှစ်အရွယ်​ကလေး​တွေ​မှာ ရည်းစား​တွေ​ရှိနေတာ ကျွန်မ​တွေ့ဖူး​တယ်” ဟု​ဗြိတိန်​မှ စူ​ဇန်​က​ပြော​သည်။ အဘယ်ကြောင့် ထိုသို့​စိတ်စော​နေကြ​သနည်း။ ဖို​မ​သဘာဝ​ဆွဲဆောင်မှု​နှင့် ရွယ်တူချင်း​ဖိအား​ကြောင့် ထိုသို့ ချိန်းတွေ့​လို​ကြ​ခြင်း​ဖြစ်သည်။ ဩစတြေးလျ​မှ လောအိ​စ်​က “သင့်ကိုယ်​ခန္ဓာတွင်း​မှာ ဟော်မုန်း​အပြောင်းအလဲ​ဖြစ်နေ​တဲ့​အပြင် ကျောင်း​မှာ​ရှိတဲ့ တခြား​သူတွေကလည်း ချိန်းတွေ့​နေကြ​တယ်” ဟု​ပြော​သည်။

သို့သော် အချို့​သူများ​သည် အဘယ်ကြောင့် တိတ်တဆိတ်​ချိန်းတွေ့​ကြ​သနည်း။ ဗြိတိန်​မှ ဂျက်ဖရီ​က “မိဘတွေရဲ့ အပြောအဆို​ခံရ​မှာ​ကို ကြောက်​လို့ ဖြစ်​မယ်” ဟု​ပြော​သည်။ တောင်​အာဖရိက​မှ ဒေးဗစ်​က​လည်း ထိုသို့​ပင် ယူမှတ်​သည်။ “မိဘတွေ​သဘောတူ​မှာ​မဟုတ်ဘူးဆိုတာ သူတို့​သိတယ်။ ဒါ​ကြောင့် မိဘတွေကို​မပြောပြတာ” ဟု​ပြော​သည်။ ဩစတြေးလျ​မှ ဂျေးန်​အမည်​ရှိ မိန်းကလေး​က နောက်ထပ်​ဖြစ်​နိုင်​ခြေ​တစ်ခု​ကို ထောက်ပြ​သည်။ “တိတ်တဆိတ်​ချိန်းတွေ့​တာ​ဟာ ကလန်ကဆန်​လုပ်တာ​ပဲ။ သင့်ကိုယ်​သင် အရွယ်ရောက်​သူ​တစ်ဦး​လို့​ယူမှတ်​ပြီး လက်တွေ့​မှာ အဲဒီအတိုင်း ဆက်ဆံ​မခံရ​တဲ့​အခါ သင်​လုပ်ချင်တာကို မိဘတွေ​မသိအောင်​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒါကို လျှို့ဝှက်​ထား​တာ​က ပြဿနာ​ကင်း​တယ်” ဟု​သူက​ဆို​သည်။

သို့သော် သမ္မာကျမ်းစာ​က မိဘ​စကား​နားထောင်​ရန် သင့်​အား ပညတ်​ထား​၏။ (ဧဖက် ၆:၁) သင်​ချိန်းတွေ့​သည်ကို သင့်​မိဘများ ကန့်ကွက်​ပါ​က သူတို့တွင် အကြောင်းကောင်း​ရှိ၍​ဖြစ်​မည်​မှာ သေချာ​သည်။ ဥပမာ၊ သင့်​မိဘများသည် ယေဟောဝါသက်သေ​များ​ဖြစ်​မည်​ဆိုလျှင် သင့်​အား ဘာသာရေး​ယုံကြည်ချက်​ချင်း တူ​သူနှင့်​သာ ချိန်းတွေ့​စေ​လို​ပေမည်။ ထို့​အပြင် သင်တို့​နှစ်ဦးစလုံး​အား လက်ထပ်​ဖို့​စဉ်းစား​နိုင်​သည့် အရွယ်ရောက်​မှ​သာ ချိန်းတွေ့​စေ​လို​ပေမည်။ * သို့သော် သင်​ဤသို့ စဉ်းစားမိ​ပါ​က မအံ့သြ​ပါ​နှင့်–

ငါ​က​လွဲလို့ တခြား​သူတွေ​အားလုံး ချိန်းတွေ့​နေကြ​တာ​ဆိုတော့ တစ်ယောက်တည်း ဟာတာတာ​ကြီး​ဖြစ်နေ​တယ်။

ငါ​နဲ့ ဘာသာရေး​ယုံကြည်ချက်​ချင်း​မတူတဲ့​သူကို ငါ​စိတ်ဝင်စား​နေပြီ။

▪ အိမ်ထောင်ပြု​ဖို့ အရမ်း​ငယ်​သေး​ပေမဲ့ ခရစ်ယာန်​ချင်း​တစ်ယောက်ယောက်​နဲ့​တော့ ငါ​ချိန်းတွေ့​ချင်​တယ်။

ဤ​အချက်များ​နှင့်​ပတ်သက်​၍ သင့်​မိဘများ မည်သို့​ပြော​မည်​ကို သင်​သိ​ကောင်း​သိ​ပေမည်။ သင့်​မိဘများ​မှန်သည်​ဟု သင့်​စိတ်ထဲ​က သိနေ​ပေမည်။ သို့သော် သင်လည်း ဂျပန်​နိုင်ငံ​မှ မီ​နာ​မီ​ကဲ့သို့ ခံစား​မိ​ပေမည်– “ချိန်းတွေ့​ဖို့​ဖိအားများ​လွန်းလို့ တစ်ခါ​တ​လေ ကိုယ့်​ရပ်တည်ချက်ကို​တောင် သံသယ​ဝင်​လာတယ်။ အခုခေတ်​ကလေး​တွေ​အတွက် မ​ချိန်းတွေ့​ဘဲ​နေဖို့​ဆိုတာ မဖြစ်​နိုင်​တော့​ဘူး။” ဤ​အခြေအနေ​မျိုး​တွင်​ရှိနေ​သူ တချို့​သည် စတင်​ချိန်းတွေ့ ကြ​ပြီး ယင်း​ကိစ္စ​ကို မိဘများ​မသိအောင် ဖုံးကွယ်​ထားခဲ့​ကြသည်။ မည်သို့​အားဖြင့်​နည်း။

“လျှို့ဝှက်​ထား​ဖို့ ပြော​တယ်”

“တိတ်တဆိတ်​ချိန်းတွေ့ ခြင်း” ဟူသော​အသုံးအနှုန်း​က​ပင် ယင်းသည် လှည့်စားမှု​ဖြစ်​ကြောင်း ဖော်ပြ​သည်။ အချို့​သူတို့သည် အများအားဖြင့် ဖုန်း၊ အင်တာနက်​တို့​မှ​တစ်ဆင့် တိတ်တဆိတ်​ချိန်းတွေ့​ကြသည်။ လူရှေ့​တွင် သူငယ်ချင်း​မျှ​သာ​ဖြစ်သော်လည်း အီးမေးလ်​တွင်၊ ဖုန်း​ဖြင့်​စာပို့​ရာ​တွင်၊ ဖုန်း​ဖြင့်​စကားပြော​ဆို​ရာ​တွင်​မူ အခြေအနေ​မှာ လုံးဝ​ပြောင်းလဲ​သွား​သည်။

နိုင်ဂျီးရီးယား​နိုင်ငံ​မှ ကာလက်​က နောက်လှည့်​စား​နည်း​တစ်မျိုး ပြောပြ​သည်။ “တိတ်တဆိတ်​ချိန်းတွေ့​တဲ့ လူငယ်​တချို့ဟာ သူတို့​ပြော​တာတွေကို တခြား​သူတွေ နားမလည်​အောင် သူငယ်ချင်းတွေ​ရှေ့မှာ စကားပြော​တဲ့​အခါ စကားဝှက်​တွေ၊ ချစ်စနိုး​ခေါ်​တဲ့​နာမည်​တွေ​ကို သုံး​ကြတယ်” ဟု​ပြောပြ​သည်။ နောက်တစ်နည်း​မှာ စုံတွဲ​ခုတ်​ရန် အုပ်စု​လိုက်သွား​လာ​ကြဖို့ စီစဉ်ခြင်း​ဖြစ်သည်။ ဗြိတိန်​မှ ဂျိမ်းစ်​က “တစ်ခါ​တုန်း​က ကျွန်တော်​တို့​အုပ်စု​ဟာ နေရာတစ်ခု​မှာ တွေ့ဆုံ​ကြဖို့ ဖိတ်ခေါ်​ခံရ​တယ်။ အဲဒါ​က စုံတွဲ​တစ်တွဲ​တွေ့ဆုံ​နိုင်​ဖို့ စီစဉ်​တာ​ဆိုတာ သိလိုက်​ရတယ်။ ကျွန်တော်​တို့ကို​တော့ အဲဒီ​အကြောင်းကို လျှို့ဝှက်​ထား​ဖို့ ပြော​တယ်။”

ဂျိမ်းစ်​ထောက်ပြ​သကဲ့သို့ တိတ်တဆိတ်​ချိန်းတွေ့ ခြင်း​တွင် သူငယ်ချင်းများ​၏​ပူးပေါင်း​ကူညီ​မှု ပါ​ဝင်လေ့​ရှိသည်။ “အနည်းဆုံး သူငယ်ချင်း​တစ်ယောက်​က​တော့​သိတယ်။ ဒါပေမဲ့ အထူး​သတိထား​တဲ့​အနေ​နဲ့ တခြား​သူတွေကို မပြောပြဖို့ ဆုံးဖြတ်​ကြတယ်” ဟု​စကော့တလန်​နိုင်ငံ​မှ ကယ်​ရ​ယ်လ်​က​ပြော​သည်။

ယင်း​တွင် များသောအားဖြင့် ဗြောင်ကျကျ မရိုးမသား​ပြုခြင်း ပါဝင်​သည်။ “တိတ်တဆိတ်​ချိန်းတွေ့​သူ​အများစုက သူတို့​သွားမယ့်​နေရာ​နဲ့​ပတ်သက်ပြီး မိဘတွေကို လိမ်ညာ​ကြတယ်” ဟု​ကနေဒါ​နိုင်ငံ​မှ ဘက်က​ဆို​သည်။ ဂျပန်​နိုင်ငံ​မှ မီ​ဆာကီ​က ထိုသို့ ပြုလုပ်​ခဲ့​ဖူး​ကြောင်း ဝန်ခံ​သည်။ “ကျွန်မ လုပ်ကြံ​ဇာတ်လမ်း​တွေ ဂရုတစိုက်​ဖန်တီး​တယ်။ ချိန်းတွေ့​တာ​က​လွဲလို့ တခြား​ကိစ္စ​တွေ​မှာ လုံးဝ​မ​လိမ်​မိအောင် သတိထား​တယ်။ ဒါမှ မိဘတွေရဲ့ ယုံကြည်မှုကို ရရှိ​မှာ​လေ။”

တိတ်တဆိတ်​ချိန်းတွေ့​ခြင်း​၏ အန္တရာယ်များ

တိတ်တဆိတ်​ချိန်းတွေ့​ရန် သင်​သွေးဆောင်​ခံရ​ပါ​က သို့​မဟုတ် သင်​ထိုသို့ ပြုလုပ်​နေသည်​ဆိုပါ​က အောက်ပါ​အချက်များ​ကို ထည့်​စဉ်းစား​ရန်လို​သည်–

ငါ့ရဲ့ ဒီ​လှည့်စားမှု​က ဘာဖြစ်စေ​နိုင်​သလဲ။ မကြာမီတွင် ဤ​ပုဂ္ဂိုလ်​ကို​လက်ထပ်​ရန် သင် အမှန်တကယ်​ရည်ရွယ်​ထား​သလော။ “လက်ထပ်​ဖို့​မရည်ရွယ်​ဘဲ ချိန်းတွေ့​တာ​ဟာ မရောင်း​နိုင်​တဲ့​ပစ္စည်း​တစ်ခု​ကို ကြော်ငြာ​တာ​နဲ့​တူတယ်” ဟု​အမေရိကန်​မှ အီဗန်​က​ပြော​သည်။ နယပုံပြင် ၁၃:၁၂ တွင် “မျှော်လင့်​သော​အရာ​သည် ဖင့်နွှဲ​လျှင် စိတ်နှလုံး​ကို ပူပန်​စေ​တတ်၏” ဟု​ဆို​သည်။ သင်​ချစ်​မြတ်နိုး​ရသူ​တစ်ဦး​အား အသည်းကွဲ​စေ​လို​သလော။

ငါ့ရဲ့​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဘယ်လို​ခံစား​ရသလဲ။ သမ္မာကျမ်းစာ​တွင် “ငါ​တို့ကို စစ်ကြော​စီရင်တော်မူ​သော​သူ​ရှေ့၌ မထင်ရှား​သော​အရာ တစ်စုံတစ်ခု​မျှ​မရှိ၊ ခပ်သိမ်း​သော​အရာ​တို့သည် အကွယ်အကာ​မရှိဘဲ မျက်မှောက်တော်၌ လှန်​ထား​လျက်​ရှိ၏” ဟု​ဖော်ပြ​ထား​သည်။ (ဟေဗြဲ ၄:၁၃) အကယ်၍ သင်သည် သင်​ကိုယ်တိုင်​၏​ချိန်းတွေ့ ခြင်း သို့​မဟုတ် သူငယ်ချင်း​၏​ချိန်းတွေ့ ခြင်း​ကို ဖုံးကွယ်​ထား​မည်​ဆိုပါ​က ယင်းကို ယေဟောဝါ​သိတော်မူ​သည်။ လှည့်စားမှု​ပါဝင်​ပတ်သက်​နေပါက စိုးရိမ်​စ​ရာ​အကြောင်း​ရှိ၏။ ယေဟောဝါ​ဘုရားသခင်​သည် မုသား​ကို လုံးဝ​မနှစ်သက်​ချေ။ မှန်ပါသည်၊ သမ္မာကျမ်းစာ​တွင် အထင်အရှား​ဖော်ပြ​ထား​သည့် ကိုယ်တော်​စက်ဆုပ်​ရွံရှာ​သော​အရာများ​၏​စာရင်း​တွင် “မုသာ​၌​ကျင်လည်​သော​လျှာ​တစ်ပါး” ပါဝင်​သည်။—သု. ၆:၁၆-၁၉

သင်သည် တိတ်တဆိတ်​ချိန်းတွေ့​သည်​ဆိုလျှင် လူ​မြင်​သူ​မြင်တွေ့​ဆုံ​ခြင်း​မှ ရရှိသော​ကာကွယ်​မှု​ကို ဆုံးရှုံး​ပေမည်။ တိတ်တဆိတ်​ချိန်းတွေ့​သူ​အချို့ လိင်ဆိုင်ရာ​အကျင့်ပျက်​သည့်​အဖြစ်သို့ ရောက်သွား​ခြင်း​မှာ အဆန်း​မဟုတ်​ချေ။ ဩစတြေးလျ​မှ ဂျေးန်​က ကျောင်းတွင် ယောက်ျားလေး​တစ်ဦး​နှင့် တိတ်တဆိတ်​ချိန်းတွေ့​သော သူငယ်ချင်း​တစ်ဦး​သည် နှစ်​ဘဝ​စံ​သူ​ဖြစ်သွား​ကြောင်း ပြောပြ​၏။ “သူ့မှာ ရည်းစား​ရှိတယ်ဆိုတာ သူ့​အဖေ​သိသွားတဲ့​အချိန်​မှာ သူ​ကိုယ်ဝန်​ရှိနေပြီ” ဟု​ဂျေးန်​က​ပြော​သည်။

ထို့​ကြောင့် သင်​ပါဝင်​ပတ်သက်​နေနိုင်​သည့် မည်သည့် တိတ်တဆိတ်​ချိန်းတွေ့​မှု​ကို​မဆို သင့်​မိဘ သို့​မဟုတ် ရင့်ကျက်သော​ခရစ်ယာန်​လူကြီး​တစ်ဦး​အား အမှန်​ဖွင့်ပြော​သင့်​သည်။ သင်၌ တိတ်တဆိတ်​ချိန်းတွေ့​နေသည့် သူငယ်ချင်း​ရှိပါက သူ့​အတွက် ဖုံးကွယ်​ဖို့​ကြိုးစား​ခြင်း​ဖြင့် ကြံရာပါ​မဖြစ်စေ​ပါ​နှင့်။ (၁ တိမောသေ ၅:၂၂) ယင်း​တို့အားလုံး​ထက် ဤသို့​ချိန်းတွေ့​ရာ​မှ ပြဿနာ​ဖြစ်သွား​သည်​ဆိုပါ​က သင်​မည်သို့​ခံစားရ​မည်​ကို ထည့်​စဉ်းစားပါ။ အနည်းဆုံး​တော့ သင်လည်း တာဝန်​မကင်း​ဖြစ်​မည်​မဟုတ်လော။ ဆီး​ချို​ရောဂါ​သည်​သူငယ်ချင်း​တစ်ဦး အချို​စား​နေသည်​ဟု စဉ်းစား​ကြည့်​ပါ။ ယင်းကို သင်​သိသွား​သောအခါ အခြားသူများ​အား မပြော​ပါ​နှင့်​ဟု သင့်​အား သူ​တောင်းပန်​သည်​ဆိုလျှင်​ကော။ သင်​လုပ်​ရမည့်​အရေးကြီးဆုံး​အရာ​မှာ သူငယ်ချင်း​အတွက် ဖုံးကွယ်​ပေး​ထားခြင်း​လော၊ သူ့​အသက်ကို ကယ်​ကောင်း​ကယ်​နိုင်​မည့် အရေးယူ​လုပ်ဆောင်ခြင်း​လော။

တိတ်တဆိတ်​ချိန်းတွေ့​သူ​တစ်ဦး​ကို သင်​သိမည်​ဆိုလျှင် အခြေအနေ​မှာ ထပ်တူ​ပင်​ဖြစ်သည်။ သင်တို့၏​ခင်မင်မှု ထာဝစဉ်​ပြတ်တောက်​သွား​မည်​ကို မစိုးရိမ်​ပါ​နှင့်။ အချိန်တန်သော် သူငယ်ချင်း​အစစ်​သည် သင်​ထိုသို့ ပြုလုပ်​ရခြင်း​မှာ သူ့​အကျိုးအတွက်​ဖြစ်​ကြောင်း သဘောပေါက်​လာ​ပါ​လိမ့်​မည်။—သု. ၂၇:၆

“ကျွန်မ​ဘာလုပ်​ရမယ်ဆိုတာ သိလာတယ်”

အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော ဂျက်​စီ​ကာ​သည် ထပ်တူ​အခြေအနေ​မျိုး ကြုံတွေ့​ခဲ့​ရသော ခရစ်ယာန်​ချင်း​တစ်ဦး၏​အဖြစ်အပျက်​ကို ကြားသိ​ရသောအခါ စိတ်ပြောင်း​သွား​သည်။ “သူ​ဘယ်လို​အဆက်ဖြတ်​လိုက်တယ်​ဆိုတာ ကြား​ပြီး​တဲ့​နောက် ကျွန်မ​ဘာလုပ်​ရမယ်ဆိုတာ သိလာတယ်” ဟု ဂျက်​စီ​ကာ​က​ပြော​သည်။ အဆက်ဖြတ်​ရန်​လွယ်ကူ​သလော။ မလွယ်ကူ​ပါ။ “ကျွန်မ ဒီ​တစ်ယောက်တည်း​ကိုပဲ တကယ်​ချစ်​ခဲ့​တာ။ ဒါ​ကြောင့် အပတ်​ပေါင်း​များစွာ နေ့တိုင်း ငို​ခဲ့​ရတယ်” ဟု​ဂျက်​စီ​ကာ​က ပြော​သည်။

သို့သော် ဂျက်​စီ​ကာ​သိခဲ့​ရသည့် နောက်​အချက်​တစ်ချက်​မှာ သူ​တစ်ခဏမျှ လမ်းလွဲ​ခဲ့​သော်လည်း ယေဟောဝါ​ကို သူ​ချစ်​ပြီး မှန်ရာကို သူ​တကယ် လုပ်​လို​ခြင်း​ဖြစ်သည်။ အချိန်တန်သော် အဆက်ဖြတ်​လိုက်၍ ခံစားရ​သည့်​နာကျင်မှု​မှာ သက်သာ​လာ​သည်။ “အခုတော့ ကျွန်မ​နဲ့ ယေဟောဝါ​ရဲ့​ဆက်ဆံ​ရေး​ဟာ အရင်ကထက်​ပို​ကောင်း​လာပြီ။ ကျွန်မ​လိုအပ်​တဲ့​လမ်းညွှန်မှုကို အချိန်မီ​ပေး​ခဲ့လို့ ကိုယ်တော့်​ကို အရမ်း​ကျေးဇူး​တင်​တယ်” ဟု​ဂျက်​စီ​ကာ​က ပြောပြ​သည်။

“လူငယ်များ​အမေး . . .” အခန်းဆက်​များ​မှ ထပ်ဆင့်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​မှ အမည်​အချို့​ကို ပြောင်း​ထား​သည်။

^ အပိုဒ်၊ 9 ဇန်နဝါရီ၊ ၂၀၀၇ နိုးလော့! မှ “လူငယ်များ​အမေး . . . ငါ ဘယ်​အချိန်​မှာ စ​ချိန်းတွေ့​လို့​ရမလဲ” ဆောင်းပါး​ကို​ရှု။

ချ​င့်​တွေးစရာ

▪ စာမျက်နှာ ၁၉ ရှိ စာလုံး​မည်း​ဖြင့်​ဖော်ပြ​ထားသော အခြေအနေ​သုံးရပ်​ကို ပြန်​လေ့လာ​ကြည့်​ပါ။ အဘယ်​အခြေအနေ​ကို သင်​တစ်ခါတစ်ရံ ခံစားရ​သနည်း။

▪ လူ​မြင်​သူ​မြင်​ချိန်းတွေ့ ခြင်း​နှင့်​ပတ်သက်​၍ သင်​မည်သို့​ဆို​မည်​နည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

ဖုံးကွယ်​ထားခြင်း​လော၊ ကိုယ်ရေးကိုယ်တာ​လော

တိတ်တဆိတ်​ချိန်းတွေ့​ခြင်း​တိုင်း လှည့်စားခြင်း​မဟုတ်ပါ။ ငယ်ရွယ်​သော​အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး​သည် လက်ထပ်​နိုင်​သည့်​အသက်အရွယ်​ရောက်နေပြီး တစ်ဦး​ကိုတစ်​ဦး ပိုမို​ရင်းနှီး​သိကျွမ်း​လို​ကြသော​ကြောင့် အတိုင်းအတာ​တစ်ခု​ထိ ဖုံးကွယ်​ထား​လို​ခြင်း​ဖြစ်​ပေမည်။ “‘ဘယ်တော့​ယူ​ကြ​မှာ​လဲ’ ဆိုပြီး လူတွေ မကြာခဏ​စ​နောက်​တာ​ကို မခံ​ချင်​ကြဘူး” ဟု​သောမတ်စ်​အမည်​ရှိ လူငယ်​တစ်ဦး​ပြော​ခဲ့​သကဲ့သို့​လည်း ဖြစ်​နိုင်​ပါ​သည်။

အခြားသူများ​ထံ​မှ​လာသော မတော်တရော်​ဖိအားများ​က​လည်း အမှန်ပင်​အန္တရာယ်​ရှိသည်။ (ရှောလမုန်သီချင်း ၂:၇) ထို့​ကြောင့် အစပိုင်း​တွင် စုံတွဲ​အချို့​သည် သူတို့​ချည်း​သာ သီးခြား​ဖြစ်​မနေ​စေရန် ဂရုပြု​ကြ​ရင်း လူများ​မသိအောင် လျှို့ဝှက်​ထား​ပေမည်။ (သု. ၁၀:၁၉) “အဲဒါ​က တစ်ဦး​ကိုတစ်​ဦး အမှန်တကယ် အလေးအနက်​ထား​မထား​ဆိုတာ​ကို ဆုံးဖြတ်​ဖို့ အချိန်​ရစေတယ်။ တစ်ဦး​ကိုတစ်​ဦး တကယ်​အလေးအနက်​ထား​တယ်​ဆိုရင် လူတွေကို​အသိပေး​နိုင်တယ်” ဟု အသက် ၂၀ အရွယ် အန်း​နာ​က​ပြောပြ​သည်။

သို့သော် ယင်းကို သိခွင့်​ရှိသော သင့်​မိဘ သို့​မဟုတ် သင်​ချိန်းတွေ့​နေ​သူ၏​မိဘ​အား အသိ​မပေး​ဘဲ လျှို့ဝှက်​ထား​မည်​ဆိုလျှင် မသင့်​တော်​ချေ။ အကယ်၍ သင်​ချိန်းတွေ့​သည်ကို အသိပေး​၍​မဖြစ်​ပါ​က အဘယ်ကြောင့်​နည်း​ဟု သင်​ကိုယ်​သင် မေးသင့်​သည်။ သင့်​အခြေအနေ​သည် ဆောင်းပါး​အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော ဂျက်​စီ​ကာ​၏​အခြေအနေ​နှင့် တူ​နေ​သလော။ ယင်းကို​ကန့်ကွက်​ရန် သင့်​မိဘများ​တွင် ခိုင်လုံ​သော​အကြောင်းရင်း​ရှိသည်​ဟု သင် စိတ်​က​သိနေ​သလော။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

မိဘများ​သတိချပ်​စ​ရာ

ရှေ့​ဆောင်းပါး​ကို​ဖတ်​ပြီး​နောက် ‘ငါ့​ကလေး​တွေ ငါ့​ကွယ်ရာ​မှာ ချိန်းတွေ့​နေ​သလား’ ဟု​သင်​တွေးမိ​ပေမည်။ အချို့​သူများ တိတ်တဆိတ်​ချိန်းတွေ့​ရန် သွေးဆောင်​ခံရ​နိုင်​သည့်​အကြောင်းကို နိုးလော့! သို့ လူငယ်များ ပြောပြ​ကြ​သည့်​အရာ​ကို ဖတ်​ပြီး​နောက် အောက်ပါ​မေးခွန်းများကို သုံးသပ်ပါ။

“တချို့က​လေး​တွေ​ဟာ အိမ်မှာ မပျော်​ကြ​တဲ့​အတွက် အားကိုးရှာ​တဲ့​အနေ​နဲ့ ရည်းစား​ထား​ဖို့ ဆုံးဖြတ်​ကြတယ်။”—ဝင်ဒီ။

မိဘ​တစ်ဦး​အနေ​နှင့် သင့်​ကလေး​များ​၏ စိတ်ပိုင်း​ဆိုင်ရာ​လိုအပ်ချက်​ကို အလုံအလောက်​ပံ့ပိုး​ပေး​နေကြောင်း မည်သို့​သေချာ​စေနိုင်​သနည်း။ ဤကိစ္စနှင့်​ပတ်သက်​၍ သင့်​တွင် တိုးတက်စရာ​များ​ရှိနေ​သလော။ ရှိပါက မည်သည့်​အချက်များ​နည်း။

“ကျွန်မ​အသက် ၁၄ နှစ်မှာ တခြား​နိုင်ငံ​ကနေ ကျောင်း​လာ​တက်​တဲ့ ကျောင်းသား​တစ်ယောက်​က သူ့​ရည်းစား​လုပ်ဖို့ ကျွန်မ​ကို​ပြော​တယ်။ ကျွန်မ​သဘောတူ​လိုက်တယ်။ ကျွန်မ​ကို​ဖက်​ထား​မယ့် ကောင်လေး​တစ်ယောက်​ရှိတာ​လည်း မဆိုးပါဘူး​လို့ စဉ်းစား​မိတယ်။”—ဒိုင်ယန်း။

အကယ်၍ ဒိုင်ယန်း​သာ သင့်​သမီး​ဆိုလျှင် ဤ​ကိစ္စ​ကို သင်​မည်သို့​ဆို​မည်​နည်း။

▪ “မိုဘိုင်းလ်​ဖုန်း​က တိတ်တဆိတ်​ချိန်းတွေ့​ဖို့ လွယ်ကူစေတယ်။ ဘာဖြစ်​နေတယ်​ဆိုတာ မိဘတွေ​မသိ​နိုင်ဘူး။”—အန်​နက်။

သင့်​ကလေး ဆဲလ်ဖုန်း​အသုံးပြုပုံ​နှင့်​ပတ်သက်​၍ သင်​မည်သို့ ပညာသတိ​ရှိ​နိုင်​သနည်း။

“မိဘတွေဟာ ကိုယ့်ရဲ့​ကလေး​တွေ ဘယ်သူနဲ့ ဘာတွေ​လုပ်နေတယ်​ဆိုတာ​ကို မျက်လုံး​ဒေါ​က်​ထောက်​ကြည့်​မနေ​ရင် တိတ်တဆိတ်​ချိန်းတွေ့​ဖို့ ပို​လွယ်ကူတယ်။”—သောမတ်စ်။

သင့်​ဆယ်ကျော်သက်​ကလေး​အား လွတ်လပ်မှု​အတော်အတန်​ပေး​ထား​စဉ် သူ၏​ဘဝတွင် သင်​မည်သို့​ပို​၍ ပါဝင်​ပတ်သက်​နိုင်​သနည်း။

“ကလေး​တွေ​အိမ်မှာ​ရှိနေတဲ့​အချိန်​မှာ မိဘတွေက အိမ်မှာ​မရှိ​တတ်​ဘူး။ ဒါမှ​မဟုတ် သူတို့က​လေး​တွေ တခြား​သူတွေနဲ့ အပြင်​သွားတာကို စိတ်ချ​လက်ချ ခွင့်ပြု​ကြတယ်။”—နီ​ကို​လတ်​စ်။

သင့်​ကလေး​၏ အရင်းနှီးဆုံး​သူငယ်ချင်း​ကို ထည့်​စဉ်းစားပါ။ သူတို့​အတူတကွ​ရှိနေကြ​စဉ် အဘယ်အရာ​လုပ်ဆောင်ကြ​သည်ကို သင်​အမှန်တကယ်​သိပါသလော။

“မိဘတွေ သိပ်​တင်းကျပ်လွန်း​ရင်​လည်း ကလေး​တွေ တိတ်တဆိတ်​ချိန်းတွေ့​နိုင်တယ်။”—ပေါလ်။

ကျမ်းစာ​စည်းမျဉ်း​နှင့် မူများ​ကို အလျှော့မပေး​ဘဲ ‘လူအပေါင်း​တို့​ရှေ့တွင် သင်၏ အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​သဘောကို’ မည်သို့ ထင်ရှားပြ​နိုင်​သနည်း။—ဖိလိပ္ပိ ၄:၅က​ဘ။

“ကျွန်မ မြီး​ကောင်​ပေါက်​အရွယ် ရောက်​စ​တုန်း​က ကိုယ့်​ကိုယ်ကို တန်ဖိုး​ထား​စိတ်လျော့​နည်းလာ​ပြီး တခြား​သူရဲ့ အာရုံစိုက်မှု​ကို အရမ်း​လိုချင်​လာတယ်။ အနီးအနား​အသင်းတော်​တစ်ခု​က ကောင်လေး​တစ်ယောက်ကို ကျွန်မ​ကစပြီး အီးမေးလ်​ပို့​လိုက်တယ်။ ကျွန်မ​တို့​နှစ်ယောက် ချစ်​သွား​ကြတယ်။ သူက ကျွန်မ​ကို ထူးခြားတဲ့​ခံစားချက်​တွေ​ပေး​တယ်။”—လင်ဒါ။

လင်ဒါ​၏​လိုအပ်ချက်​များ​ကို အိမ်​၌ ဖြည့်ဆည်း​ပေး​နိုင်​သည့် နည်းလမ်း​ကောင်း​အချို့​ကို သင် စဉ်းစား​နိုင်​သလော။

ဤ​ဆောင်းပါး​နှင့် ဤ​စာမျက်နှာ​ကို အခြေခံ​၍ သင့်​ကလေး​နှင့်​ဆွေးနွေး​ပါ​လေ။ လျှို့ဝှက်​ခြင်း​ကို အကောင်းဆုံး တန်ပြန်​နိုင်​သည့်​အရာ​မှာ နွေးထွေး​ပွင့်လင်း​သော ဆက်သွယ်ရေး​ဖြစ်သည်။ လူငယ်​တစ်ဦး၏ လိုအပ်ရာ​များ​ကို ပိုင်းခြား​သိမြင်​နိုင်​ရန် အချိန်​နှင့် စိတ်ရှည်မှု​လိုအပ်​သော်လည်း ရလဒ်​မှာ ကြိုးစား​အားထုတ်​ရကျိုးနပ်​ပါ​သည်။—သု. ၂၀:၅