မွန်ဘိုင်းအကြမ်းဖက်မှုမှ သူတို့ လွတ်မြောက်ခဲ့ကြ
မွန်ဘိုင်းအကြမ်းဖက်မှုမှ သူတို့ လွတ်မြောက်ခဲ့ကြ
အိန္ဒိယနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
ယခင်က ဘုံဘေဟုလူသိများခဲ့သော မွန်ဘိုင်းမြို့တွင် လူဦးရေ လျင်မြန်စွာ တိုးများလာနေရာ ၁၈ သန်းကျော်သွားပြီဖြစ်သည်။ နေ့စဉ်လိုလိုပင် ဤသူများအနက် ခြောက်သန်းမှ ခုနစ်သန်းခန့်သည် ပုံမှန်ပြေးဆွဲသည့် မြို့ပတ်အမြန်မီးရထားများစီး၍ လုပ်ငန်းခွင်၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးဆိုင်များ သို့မဟုတ် စိတ်ဝင်စားစရာနေရာများသို့ သွားလာကြသည်။ ရထားတွဲကိုးတွဲပါသော လူစီးရထားများတွင် ပုံမှန်အားဖြင့် ခရီးသည် ၁,၇၁၀ ဆံ့သော်လည်း အသွားအလာကျပ်သည့်အချိန်များ၌မူ ခရီးသည် ၅,၀၀၀ တင်ဆောင်ထားရာ ပြည့်ကျပ်ညှပ်နေလေသည်။ ၂၀၀၆၊ ဇူလိုင် ၁၁ ရက်နေ့၏ အသွားအလာကျပ်သည့်အချိန်တွင် အကြမ်းဖက်သမားများက မွန်ဘိုင်းမီးရထားများကို ပစ်မှတ်ထားခဲ့ကြသည်။ ၁၅ မိနစ်ခန့်အတွင်း ဝက်စတန်ရထားလမ်းတစ်လျှောက် သီးခြားရထားများပေါ်တွင် ဗုံးခုနစ်လုံးပေါက်ကွဲခဲ့ရာ လူအယောက် ၂၀၀ ကျော်သေဆုံးပြီး ၈၀၀ ကျော်မှာ ထိခိုက်ဒဏ်ရာရခဲ့၏။
မွန်ဘိုင်းမြို့ရှိ ယေဟောဝါသက်သေများ၏အသင်းတော် ၂၂ ခုမှ ညီအစ်ကိုညီအစ်မ အတော်များများနှင့် မြို့ဆင်ခြေဖုံးတွင်နေသူတို့သည် ပုံမှန်ရထားစီးခရီးသည်များဖြစ်ကြပြီး ဗုံးပေါက်ကွဲစဉ်က ထိုရထားများပေါ်တွင် ရှိနေခဲ့ကြသည်။ ညီအစ်ကိုညီအစ်မတစ်ဦးတစ်ယောက်မျှ အသက်မသေဘဲ အချို့သာ ထိခိုက်ဒဏ်ရာရသည့်အတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။ အယ်နီးထာသည် အလုပ်မှ အိမ်သို့ ပြန်လာနေ၏။ မီးရထားမှာ လူပြည့်ကျပ်နေသဖြင့် သူသည် အလွယ်တကူထွက်နိုင်ရန် ပထမတန်းအတွဲ၏ တံခါးပေါက်နားတွင် ရပ်နေသည်။ ရထားအရှိန်နှင့်ခုတ်မောင်းနေစဉ် ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သူစီးနေသည့်ရထားတွဲတွင် မည်းမှောင်သောမီးခိုးလုံးများ ဖုံးလွှမ်းသွား၏။ သူသည် တံခါးပေါက်မှ လက်ယာဘက်သို့ ကြည့်လိုက်ရာ ကပ်လျက်အတွဲမှ သတ္တုနံရံ လန်ထွက်သွားကာ ရထားကိုယ်ထည်မှနေ၍ ၄၅ ဒီဂရီဖြင့် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်များနှင့် ခန္ဓာကိုယ်အပိုင်းအစများသည် ဟနေသည့်နေရာမှ ရထားသံလမ်းများပေါ်သို့ လွင့်စဉ်ကျသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့လိုက်ရလေသည်။ စက္ကန့်ပိုင်းမျှသာဖြစ်သော်လည်း အချိန်အကြာကြီးအလား ဖြစ်ပျက်ခဲ့ပြီးနောက် ရထားမှာ ရပ်တန့်သွားခဲ့သည်။ သူသည် အခြားခရီးသည်များနှင့်အတူ ရထားသံလမ်းပေါ် ခုန်ချလိုက်ပြီး ရထားနှင့်ဝေးရာသို့ ထွက်ပြေးခဲ့သည်။ အယ်နီးထာသည် ခင်ပွန်းဖြစ်သူ ဂျော်န်ထံ ဖုန်းလှမ်းဆက်လိုက်ရာ အဆက်အသွယ်ရ၍ တော်သေးသည်။ မိနစ်ပိုင်းအတွင်း မြို့တစ်မြို့လုံး၏ ဖုန်းဆက်သွယ်ရေးစနစ်မှာ စိုးရိမ်တကြီးဖြစ်နေသော ဖုန်းဆက်သူများကြောင့် လိုင်းများမအားတော့ချေ။ ခင်ပွန်းသည်နှင့်စကားပြောချိန်အထိ သူ အတော်အတန် စိတ်တည်ငြိမ်နေသည်။ ထို့နောက် အယ်နီးထာသည် ရှိုက်ကြီးတငင် ငိုချလိုက်၏။ ခင်ပွန်းသည်အား ဖြစ်ကြောင်းကုန်စင်ပြောပြပြီး သူ့ကို လာခေါ်ရန်ပြောသည်။ ခင်ပွန်းသည်အလာကိုစောင့်နေစဉ် မိုးကရွာချလိုက်ရာ စုံစမ်းစစ်ဆေးသူများအတွက် အကူအညီဖြစ်စေမည့် သဲလွန်စများစွာမှာ ရေထဲပါသွားလေသည်။
ယေဟောဝါသက်သေနောက်တစ်ဦးဖြစ်သူ ကလောဒီးယပ်စ်သည် ရုံးမှ ခါတိုင်းထက် စောစောဆင်းလာခဲ့၏။ သူသည် ဝက်စတန်ရထားလမ်း၏ ဂိတ်ဆုံးဖြစ်သော ချာ့ခ်ျဂိတ်ဘူတာရုံမှ ညနေ ၅:၁၈ နာရီရထားပေါ် တက်လိုက်ပြီး ပထမတန်းတွဲတွင် စီးနင်းလိုက်ပါလာသည်။ ဘရန်ဒါဘူတာရုံသို့ရောက်ရန် နာရီနှင့်ချီကြာသည့်အတွက် ထိုင်ခုံနေရာရရန် ရှာနေစဉ် ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုမှ ညီအစ်ကိုဂျိုးဇက်ကို သူတွေ့သွားသည်။ ၎င်းတို့နှစ်ဦးသား စကားတပြောပြောဖြင့် အချိန်ကုန်မှန်းမသိကုန်သွား၏။ ဂျိုးဇက်သည် အလုပ်မှပင်ပန်းလာသဖြင့် အိပ်ပျော်သွားသည်။ ရထားမှာ ခရီးသည်များ ပြည့်ကျပ်နေသည့်အတွက် ကလောဒီးယပ်စ်သည် မိမိဆင်းမည့်ဘူတာရုံမရောက်မီ နေရာမှထကာ တံခါးပေါက်သို့သွားရန်ပြင်လိုက်သည်။ ကလောဒီးယပ်စ် မတ်တတ်ရပ်လိုက်သည်နှင့် ဂျိုးဇက်လည်း အိပ်ပျော်ရာမှနိုးလာပြီး နှုတ်ဆက်စကားဆိုရန် ထိုင်ခုံနောက်သို့မှီလိုက်သည်။ ကလောဒီးယပ်စ်လည်း ဂျိုးဇက်ကိုနှုတ်ဆက်ရန် ထိုင်ခုံလက်ရန်းကိုကိုင်ပြီး ကိုယ်ကိုကိုင်းညွတ်လိုက်သည်။ ဤအနေအထားက ကလောဒီးယပ်စ်၏အသက်ကို ကယ်လိုက်ပုံရ၏။ ရုတ်တရက် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ရထားတွဲမှာ အပြင်းအထန် လှုပ်ခါသွားပြီး မီးခိုးများဖုံးသွားကာ တွဲတစ်ခုလုံး မည်းမှောင်သွားသည်။ ကလောဒီးယပ်စ်သည် ထိုင်ခုံများအကြား ဝမ်းလျားထိုးမှောက်လိုက်သည်။ သူ၏နားထဲတွင် ကျယ်လောင်သောအသံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရတော့ချေ။ ယခင်သူရပ်ခဲ့သည့်နေရာတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားသည်။ သူ့အနားတွင်ရပ်နေသည့် ခရီးဝေးအလုပ်ဆင်းသူတချို့ သံလမ်းပေါ်သို့ လွင့်စဉ်ကျသွားပြီး တချို့မှာ ကြမ်းပြင်ပေါ် လဲကျသေဆုံးကုန်သည်။ သူသည် အဖြစ်ဆိုးလှသော ထိုအင်္ဂါနေ့တွင် မီးရထားပြေးဆွဲရေးစနစ်ကို ကမောက်ကမဖြစ်စေခဲ့သည့် ဗုံးဖောက်ခွဲမှုခုနစ်ခုအနက် ငါးခုမြောက်မှ အသက်ရှင်ကျန်ရစ်သူဖြစ်၏။
ကလောဒီးယပ်စ်တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေသဖြင့် ဆေးရုံသို့ ပို့လိုက်ကြသည်။ ဤသို့သွေးများပေကျံသွားရခြင်းမှာ အကြောင်းမလှသည့် ခရီးသည်များကြောင့်ဖြစ်၏။ သူ၏နားစည်ကွဲသွားခြင်း၊ လက်တစ်ဖက်အပူဟပ်သွားခြင်း၊ ဆံပင်ကျွမ်းသွားခြင်းစသည့် ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိသွားသည်။ ဆေးရုံတွင် ဂျိုးဇက်နှင့် သူ၏ဇနီး အဲန်ဂျလာတို့ကို သူတွေ့လိုက်ရသည်။ ဂျိုးဇက်၏ဇနီးသည် ကလောဒီးယပ်စ်စီးသည့်တွဲနှင့် ကပ်လျက်ရှိသော အမျိုးသမီးသီးသန့်တွဲတွင် ရှိနေပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ ဂျိုးဇက်၏ညာဘက်မျက်လုံးတွင် ဒဏ်ရာရသွားကာ အကြားအာရုံချို့တဲ့သွားသည်။ ဤသက်သေခံသုံးဦးသည် အသက်မပျောက်ခဲ့သည့်အတွက် ယေဟောဝါအား ကျေးဇူးတင်ကြ၏။ ကလောဒီးယပ်စ်သည် သတိလည်လာသောအခါ ‘မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ပျောက်သွားနိုင်တဲ့ ဒီစနစ်မှာ ငွေနဲ့ရုပ်ပစ္စည်းတွေနောက် တကောက်ကောက်လိုက်တာဟာ တကယ့်ကို အဓိပ္ပာယ်မဲ့တာပဲ’ ဟုသူဦးဆုံးတွေးခဲ့ကြောင်း ပြန်ပြောပြသည်။ သူ့ဘဝတွင် အရေးကြီးဆုံးအရာဖြစ်သည့် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိထားသည့်အတွက် သူအလွန်ဝမ်းသာခဲ့သည်။
အချိန်တိုလေးအတွင်း မွန်ဘိုင်းမြို့ကြီးသည် အကြီးအကျယ်ရေလွှမ်းမိုးမှု၊ ဆူပူလှုပ်ရှားမှုနှင့် ဗုံးပေါက်ကွဲမှုများကို တွေ့ ကြုံခံစားလိုက်ရသည်။ သို့သော် ထိုမြို့ရှိ သက်သေခံ ၁,၇၀၀ ကျော်တို့တွင် မွန်မြတ်၍ ထက်သန်သောစိတ်ထား ရှိကြသည်။ သူတို့သည် မိမိတို့၏အိမ်နီးချင်းများအား ကြမ်းတမ်းရမ်းကားမှုမှန်သမျှ အတိတ်တွင်ကျန်ရစ်တော့မည်ဖြစ်ကြောင်း ကမ္ဘာသစ်ဆိုင်ရာ ထူးမြတ်လှသည့်မျှော်လင့်ချက်ကို မှန်မှန်ပြောပြနေကြသည်။—ဗျာ. ၂၁:၁-၄။
[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]
ယခင်သူရပ်ခဲ့သည့်နေရာတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွား
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အယ်နီးထာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကလောဒီးယပ်စ်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂျိုးဇက်နှင့် အဲန်ဂျလာ
[Picture Credit Line on page 14]
Sebastian D’Souza/AFP/Getty Images