ရေမွှေးထုတ်လုပ်သူ အကြိုက်ဆုံးအသီး
ရေမွှေးထုတ်လုပ်သူ အကြိုက်ဆုံးအသီး
အီတလီနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
ရေမွှေးကို အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာတိုင်လေပြီ။ သမ္မာကျမ်းစာခေတ်က ရေမွှေးဝယ်သုံးနိုင်ကြသူတို့သည် ယင်းအရည်ကို အိမ်၊ အဝတ်အစား၊ အိပ်ရာနှင့် ကိုယ်ခန္ဓာပေါ်တွင် ဆွတ်ဖျန်းခဲ့ကြသည်။ ရေမွှေးများတွင် ပါဝင်သောအရာများမှာ အကျော်ပင်၊ သစ်ဆီမွှေး၊ သစ်ကြံပိုးခေါက်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြစ်ကြသည်။—သု. ၇:၁၇; ရှောလမုန်သီချင်း ၄:၁၀၊ ၁၄။
အပင်များမှထုတ်ယူရရှိသော အဆီအနှစ်များသည် ရေမွှေးထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းပစ္စည်းများဖြစ်နေဆဲပင်။ ကျွန်ုပ်တို့သည် ရေမွှေးဖော်စပ်ရာ၌အသုံးပြုသော ပါဝင်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်သည့်နေရာကိုကြည့်ရှုရန် အီတလီကျွန်းဆွယ်၏ တောင်ဘက်စွန်းရှိ ခလာဗရေးယားဒေသသို့ ရောက်လာကြသည်။ ရှောက်မျိုးဝင်အပင်ဖြစ်သော ဘာဂါမော့တ် (bergamot) ကို နာမည်ဖြင့် သိချင်မှသိမည်ဖြစ်သော်လည်း ယင်းအသီး၏ သင်းထုံသောရနံ့ကို ဈေးကွက်တွင်ရောင်းချနေသည့် အမျိုးသမီးသုံးရေမွှေး သုံးပုံတစ်ပုံနီးပါးနှင့် အမျိုးသားသုံးရေမွှေးထက်ဝက်တွင် တွေ့ရှိရသည်ဟုဆို၏။ ဘာဂါမော့တ်ရှောက်ပင်အကြောင်း ပြောပြပါရစေ။
ဘာဂါမော့တ်သည် အမြဲစိမ်းရှောက်ပင်မျိုးဖြစ်၏။ နွေဦးတွင် အပွင့်ပွင့်ပြီး လိမ္မော်သီးအရွယ်ခန့်ရှိသည့် ချောမွတ်သောအခွံရှိ အဝါရောင်အသီးများသည် ဆောင်းဦးရာသီတွင် ရင့်မှည့်လာသည်။ ဘာဂါမော့တ်သည် မျိုးစပ်ပင်မျိုးဖြစ်ပြီး ယင်း၏မျိုးရင်းကို မသိရှိရဟု ကျွမ်းကျင်သူများစွာက ဆိုကြသည်။ ဘာဂါမော့တ်ပင်များသည် အလေ့ကျပေါက်လေ့မရှိသကဲ့သို့ အစေ့ဖြင့်လည်း စိုက်ပျိုး၍မရချေ။ ယင်းတို့ကိုမျိုးပွားရန် စိုက်ပျိုးရေးသမားများသည် ရှိနှင့်ပြီးသားအပင်များမှ အစို့အတက်များကို မျိုးစိတ်တူသော သံပရာပင် သို့မဟုတ် ရှောက်ချဉ်ပင်တို့တွင် ကိုင်းဆက်ကူးပေးရသည်။
ရေမွှေးထုတ်လုပ်သူများအတွက်မူ ဘာဂါမော့တ်အသီးများတွင် တစ်မူထူးသောအရည်အသွေးများရှိ၏။ ဤအကြောင်းရေးသားထားသော စာအုပ်တစ်အုပ်တွင် ယင်းအသီးများမှထုတ်ယူရရှိသော အဆီအနှစ်များ၌ ထူးခြားသည့်အရည်အသွေးတစ်မျိုးရှိကြောင်း၊ “ကွဲပြားသောမွှေးရနံ့များကို မွှေးရနံ့တစ်ခုတည်းဖြစ်အောင် ရောစပ်လိုက်ရာ မွှေးရနံ့တစ်မျိုးစီ၏ သင်းပျံ့မွှေးကြိုင်သော ရနံ့စစ်စစ် ပေါ်ထွက်” စေကြောင်း ရှင်းပြထားသည်။ *
ခလာဗရေးယားစိုက်ပျိုးရေးခြံ
ခလာဗရေးယားဒေသတွင် ဘာဂါမော့တ်ပင်များကို အနည်းဆုံး ၁၈ ရာစုအစောပိုင်းကတည်းက စိုက်ပျိုးလာခဲ့ကြပြီး ရံဖန်ရံခါ ဒေသခံများသည် ယင်း၏အဆီအနှစ်များကို နယ်လှည့်ခရီးသွားများအား ရောင်းချလေ့ရှိကြောင်း သမိုင်းစာအုပ်များတွင် ဖော်ပြထား၏။ သို့သော် စီးပွားဖြစ်စိုက်ပျိုးခြင်းသည် ကလုန်းရေမွှေးထုတ်လုပ်ရောင်းချမှုအပေါ် အားထားနေရသည်။ ၁၇၀၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ လာရောက်အခြေချသူ အီတလီလူမျိုး ဂျန်ပါအိုလို ဖန်မီနီးသည် “ထူးကဲသောရေ” (Aqua admirabilis) ဟုသူခေါ်ဆိုသည့် ကိုယ်လိမ်းနံ့သာရည် (toilet water) ကိုထုတ်လုပ်ခဲ့၏။ ယင်းတွင် အဓိကပါဝင်သောပစ္စည်းမှာ ဘာဂါမော့တ်အဆီအနှစ်ဖြစ်၏။ နောက်ပိုင်းတွင် ထုတ်လုပ်ရာမြို့ကိုအစွဲပြု၍ ယင်းရေမွှေးကို အော်ဒီကလုန်းရေမွှေးဟု လူသိများလာသည်။
ပထမဦးဆုံးသော ဘာဂါမော့တ်ခြံကို ၁၇၅၀ ပြည့်နှစ်ခန့်တွင် ရယ်ဂျီအိုမြို့၌ စတင်စိုက်ပျိုးခဲ့ပြီး ဘာဂါမော့တ်အဆီအနှစ်ကို ထုတ်လုပ်ရောင်းချရာ အမြတ်အစွန်းများစွာရရှိသဖြင့် တိုးချဲ့စိုက်ပျိုးရန် အားတက်လာကြသည်။ အပင်များသည် မျှတသောရာသီဥတုလိုအပ်ပြီး မြောက်လေအေးမှ အကာအကွယ်ရသည့် အနေအထားဖြင့် စိုက်ပျိုးရ၏။ သို့သော် လေပြင်းတိုက်ခြင်း၊ ရုတ်တရက် အပူချိန်ပြောင်းလဲခြင်းနှင့် တာရှည်စိုထိုင်းခြင်းကိုမူ မနှစ်သက်ချေ။ အီတလီနိုင်ငံ၏တောင်ဘက်စွန်း ကမ်းရိုးတန်းနှင့်နီးသည့် အကျယ် ၃ မိုင်၊ အရှည်မိုင် ၁၀၀ ရှိ ကျဉ်းမြောင်း၍ ရှည်လျားသွယ်တန်းသောမြေသည် အကောင်းဆုံးဖြစ်၏။ ဘာဂါမော့တ်အပင်များကို အခြားဒေသတွင်စိုက်ပျိုးရန် ကြိုးစားခဲ့ကြသော်လည်း ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ အများဆုံးရာခိုင်နှုန်းမှာ ရယ်ဂျီအိုနယ်မှဖြစ်သည်။ အခြားအရေးပါသော စိုက်ပျိုးထုတ်လုပ်ရာဒေသမှာ အာဖရိကမှ ကုတ်ဒ်အဗွားနိုင်ငံဖြစ်၏။
စိမ်းဝါရောင် ဘာဂါမော့တ်ဆီမွှေးရည်ကို ယင်းအသီး၏အခွံမှ ထုတ်ယူရရှိသည်။ ယင်းအဆီကိုထုတ်ယူသည့် မိရိုးဖလာနည်းတစ်နည်းမှာ အသီးကို ထက်ခြမ်းပိုင်းလိုက်ပြီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ထုတ်ပစ်ကာ အခွံကို ညှစ်ချလိုက်ခြင်းဖြစ်သည်။ ဤသို့ ဖြင့် အဆီအနှစ်များသည် အရောင်ရှိသောအခွံများ၏ အပြင်ဘက်အလွှာမှ အမြှုပ်များအဖြစ် ပန်းထွက်လာကြသည်။ အလေးချိန်တစ်ပေါင်ရှိ အဆီအနှစ်ကို ထုတ်ယူရရှိရန် ဘာဂါမော့တ်အသီး ပေါင် ၂၀၀ ခန့်ကို အဆင့်ဆင့်ပြုလုပ်သွားရ၏။ ယနေ့ခေတ်တွင်မူ အလုံးလိုက်နွှာထားသော အသီးခွံများကို ကြိတ်ခြေပေးသည့် ဒလိမ့်တုံးများ သို့မဟုတ် အသွားထက်သောအပြားများကို အသုံးပြုသည့် စက်ကိရိယာများဖြင့် အဆီအနှစ်များကို ထုတ်ယူကြသည်။
လူသိနည်းသော်လည်း အသုံးတွင်ကျယ်လှ
ခလာဗရေးယားဒေသပြင်ပတွင် ဤအသီးကို လူသိနည်းကောင်းနည်းနိုင်သော်လည်း “နားလည်တတ်ကျွမ်းသူတို့အလယ်တွင် ဘာဂါမော့တ်သည် အထူးတန်ဖိုးထားခံရသည်” ဟုစာပေတစ်ခုကဆို၏။ ယင်း၏သစ်သီးရနံ့ကို ရေမွှေးများတွင်သာမက ဆပ်ပြာများ၊ ချွေးနံ့ပျောက်ဆေးများ၊ သွားတိုက်ဆေးများနှင့် အလှကုန်ကရင်မ်များတွင် ထည့်သွင်းအသုံးပြုကြသည်။ ဘာဂါမော့တ်အဆီအနှစ်ကို ရေခဲမုန့်၊ လက်ဖက်ရည်၊ မုန့်ချိုများနှင့် အဖျော်ယမကာတို့တွင် အနံ့အရသာအဖြစ် ထည့်သွင်းအသုံးပြုကြသည်။ နေလောင်ဒဏ်ကို ခံနိုင်စွမ်းရှိသဖြင့် နေလောင်ခံအလှကုန်ပစ္စည်းများတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ဘက်တီးရီးယားရောဂါပိုးများကို သေစေနိုင်သည့်သတ္တိရှိသောကြောင့် ဆေးဝါးထုတ်လုပ်ရေးအတွက် အလွန်အဖိုးတန်လှ၏။ ယင်းကို ခွဲစိတ်ကုသမှု၊ မျက်စိကုသမှုနှင့် အရေပြားကုသမှုများတွင် ပိုးသတ်ဆေးအဖြစ် အသုံးပြုကြသည်။ ဘာဂါမော့တ်တွင် ခဲပြီး စေးပျစ်စေသောဒြပ်ပစ္စည်းပါဝင်သဖြင့် သွေးတိတ်ဆေးနှင့်ဝမ်းပိတ်ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည်။
ဓာတ်ခွဲစမ်းသပ်သူများသည် တစ်မူထူးသောစုပေါင်းရနံ့နှင့် အခြားအရည်အသွေးများစွာပါရှိသည့် ဘာဂါမော့တ်အဆီအနှစ်မှနေ၍ အစိတ်အပိုင်း ၃၅၀ ခန့်ကို ခွဲထုတ်ယူခဲ့ကြသည်။ ဤအစိတ်အပိုင်းအားလုံးကို အသီးတစ်လုံးတည်းမှ ရရှိခြင်းဖြစ်၏။
ကျမ်းရေးသူတို့သည် ဘာဂါမော့တ်ပင်အကြောင်း သိရှိခဲ့ကြဟန်မတူချေ။ သို့သော် ဤရှောက်မျိုးဝင်အပင်၏ သဘာဝသတ္တိများနှင့် ယင်းကိုဖန်ဆင်းတော်မူသောအရှင်၏ ဉာဏ်ပညာကို စိတ်ဝင်တစားရှိလှသူ မည်သူမဆို ဆာလံဆရာ၏ ဤစကားများကို သံယောင်လိုက်ရန် အမှန်ပင် အကြောင်းကောင်းရှိနိုင်ပါသည်– ‘အသီးသီးသောအပင်တို့၊ ယေဟောဝါကို ချီးမွမ်းကြလော့။’—ဆာလံ ၁၄၈:၁၊ ၉။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ဝတ်မှုန်များ၊ ပန်းများနှင့် ဓာတ်မတည့်သူတချို့ရှိသကဲ့သို့ ရေမွှေးနှင့်မတည့်သူများလည်း ရှိကြပါသည်။ နိုးလော့! သည် ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ထောက်ခံအားပေးခြင်းမပြုပါ။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဘာဂါမော့တ်အဆီအနှစ်ကို အလုံးလိုက်နွှာထားသော အသီးခွံများအား ကြိတ်ခြေခြင်းဖြင့် ထုတ်ယူရရှိ
[Credit Line]
© Danilo Donadoni/Marka/age fotostock