မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

▪ “အမေရိကန်​နိုင်ငံ​၏ အသေအပျောက်​အများဆုံး ပြစ်မှု​များ​ထဲ​မှ​တစ်ခု​မှာ အရက်မူး​နေစဉ် ကားမောင်း​ခြင်း​ဖြစ်သည်” ဟု​သယ်ယူ​ပို့ဆောင်​ရေး ယာယီ​အတွင်းရေးမှူး​ဖြစ်သူ မာ​ရီ​ယာ​စီ​နို​က ပြော​ခဲ့​သည်။ အမေရိကန်​နိုင်ငံ​တွင် ၂၀၀၅ ခုနှစ်​အတွင်း ယာဉ်တိုက်မှု​ကြောင့်​သေဆုံးမှု​များ​အားလုံး​၏ ၃၉ ရာခိုင်နှုန်း​မှာ အရက်​ကြောင့်​ဖြစ်သည်။—အမေရိကန် သယ်ယူ​ပို့ဆောင်​ရေး​ဌာန။

▪ “ယနေ့ သမုဒ္ဒရာ​များ​၏ တစ်​စတုရန်း​မိုင်​တိုင်း​တွင် ပလတ်စတစ်​အမှိုက်​စ ၄၆,၀၀၀ ထက်မက မျော​လျက်​ရှိသည်။”—ယူအဲန် ပတ်ဝန်းကျင်​ထိန်းသိမ်းမှု​အစီအစဉ်။

▪ “အမေရိကန်​အလုပ်သမား​များသည် အလုပ်ခွင်​တွင် တစ်နှစ်​လျှင် နာရီ​ပေါင်း သန်း​ငါး​ရာ​ကျော် [ကွန်ပျူတာ]ဂိမ်း​များ​ကစား​ကြ​ရာ အမေရိကန်​ဒေါ်လာ ၁၀ ဘီလီယံ​တန်ဖိုး​ရှိ ထုတ်ကုန်​များ ဆုံးရှုံး​လျက်​ရှိသည်။” ယင်း​တွင် “အလုပ်ခွင်​၌ ကိုယ်ရေးကိုယ်တာ​အတွက် အသုံးပြုရန် ဝက်ဘ်ဆိုက်​များ​ကို စူးစမ်း​သည့်” အချိန်​မပါဝင်​ချေ။

ကြမ်းတမ်း​ရမ်းကားမှု​ရန်​မှ ကလေး​များ

“ကလေး​များစွာ​အတွက်​မူ ကြမ်းတမ်း​ရမ်းကားမှု​သည် နေ့စဉ်​အသက်တာတွင် သာမန်​ကိစ္စ​မျှ​သာ​ဖြစ်နေ​သည်” ဟု​ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က ဆို​၏။ မကြာသေးမီ​က ယူအဲန်​အထွေထွေ​အတွင်းရေးမှူး​ချုပ်​၏ ပြောကြားချက်​အရ “၂၀၀၂ ခုနှစ်​တွင် ကမ္ဘာ​တစ်ဝန်း​မှ ကလေး ၅၃,၀၀၀ ခန့်​သည် အသတ်ခံရ​၍ သေဆုံး​ခဲ့​ကြ​၏။” ထို့ ပြင် ကလေး​သူငယ် သန်းပေါင်း​များစွာမှာ အတင်း​အဓမ္မ​စေခိုင်း​မှု၊ ပြည့်တန်ဆာ​လုပ်ငန်း သို့​မဟုတ် အ​ပြာ​ရုပ်ပုံများ​အတွက် ခေါင်းပုံဖြတ် အမြတ်​ထုတ်​ခံရ​ကြသည်။ ဤ​ဘေးဆိုးများ​ကို ရှောင်ရှား​နိုင်​မည်​လော။ အထွေထွေ​အတွင်းရေးမှူး​ချုပ်​၏ အစီရင်ခံစာ​တွင် ဤသို့​ဖော်ပြ​ထား​သည်– “အိမ်​၌​သာမက အခြား​အခြေအနေ​များ​၌​ပါ အကာအကွယ်​ဖြစ်စေ​နိုင်​သည့် အကြောင်းရင်း​များ​တွင် မိဘများ​၏ ကောင်းမွန်သော​အုပ်ထိန်းမှု၊ မိဘများနှင့် ကလေး​များ​စပ်ကြား​ရှိ ခိုင်မြဲ​သော​ချစ်ခင်​တွယ်တာမှု၊ ကြမ်းတမ်းမှု​မရှိသော အကျိုးပြု​ဆုံးမ​ပဲ့ပြင်​မှု​တို့​ပါဝင်​သည်။”

မိတ်ဆွေကောင်း​ကောင်း၊ အသက်ရှည်ရှည်

မိတ်ဆွေကောင်း​များနှင့် ပေါင်းသင်း​ဆက်ဆံခြင်း​က လူတစ်ဦး​၏​သက်တမ်း​ကို ပို​ရှည်​စေနိုင်​ခြေ​ရှိသည်​ဟု Journal of Epidemiology and Community Health မဂ္ဂဇင်းက​ဆို​၏။ လူ့​သက်တမ်း​အပေါ် ပေါင်းသင်း​ဆက်ဆံမှု​၏ အကျိုး​သက်ရောက်​ပုံ​ကို​လေ့လာ​ရန် အသက် ၇၀ နှစ်​နှင့်​အထက်​ရှိသူ ဩစတြေးလျ​နိုင်ငံသား ၁,၅၀၀ ခန့်​အား ဆယ်နှစ်​တာ​ကာလ​အတွင်း စမ်းသပ်မှု​ပြုလုပ်​ခဲ့​သည်။ မိတ်ဆွေများ​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​သူများ​သည် မိတ်ဆွေ​အနည်းငယ်​သာ​ရှိ​သူများ​ထက် သေဆုံးမှု ၂၂ ရာခိုင်နှုန်း​လျော့နည်း​သည်။ ထို့ ပြင် “စိတ်ဓာတ်ကျ​ဆင်း​မှု၊ မိမိ၏​စွမ်းဆောင်​နိုင်စွမ်း​အပေါ်​ယုံကြည်မှု၊ မိမိကိုယ်ကို​တန်ဖိုး​ထား​လေးစားမှု၊ ပြဿနာ​များ​ဖြေရှင်း​နိုင်​မှု၊ စိတ်ဓာတ်​ကြံ့ခိုင်မှု သို့​မဟုတ် မိမိကိုယ်ကို ထိန်းချုပ်​နိုင်​မှု​တို့” နှင့်​ပတ်သက်​လာ​လျှင် ရင်းနှီး​နွေးထွေး​သော​ပေါင်းသင်းမှု​က အသက်ကြီးသူ​များ​အပေါ် ကောင်းကျိုး​သက်ရောက်​သည်​ဟု အဆိုပါ​မဂ္ဂဇင်း​မှ သတင်းက​ဆို​သည်။

အကြွေး​နစ်​နေသော ဗြိတိန်​နိုင်ငံသား​များ

“ဘဏ်​စာရင်း​ဖွင့်​ထားသော လူကြီး​သုံးပုံတစ်ပုံ​ကျော်​သည် အကြွေး​မတင်​စေရန် ဘဏ်​မှ​ငွေ​ပို​ထုတ်ယူခွင့်​ကို အားထား​နေရ​သည်” ဟု​လန်ဒန်​မြို့​ထုတ် The Daily Telegraph သတင်းစာ​က​ဆို​၏။ အမြဲ​ပင် ငွေ​ပို​ထုတ်ယူ​နေသော ဗြိတိန်​နိုင်ငံသား ၃.၅ သန်း​အတွက်​မူ ငွေ​ပို​ထုတ်ယူခွင့်​သည် အရေးပေါ်​အတွက်​မဟုတ်ဘဲ “အမှန်တကယ်​လိုအပ်ရာ” ဖြစ်နေ​သည်။ ငွေချေး​အသင်း​၏ ဦးဆောင်​ညွှန်ကြားရေးမှူး​ဖြစ်သူ ကိသ်​တန်​ဒါက “လူ့​အဖွဲ့အစည်း​အား ဝါးမျို​နေသည့် ကိုယ့်​အလိုဆန္ဒကို ချက်ချင်း​ဖြည့်ဆည်း​လို​သော​ယဉ်ကျေးမှု” အပေါ် အပြစ်​ဖို့​လိုက်​သည်။ “သန်းနှင့်ချီ​သော​သူများ​သည် မိမိတို့​တွင်​အမှန်တကယ်​ရှိသည်​ထက် ပို​သုံး​နေကြ​ပြီး ငွေကြေး​နှင့်​ပတ်သက်​သည့် အခြေခံ​အသိပညာ​ပင် မရှိကြ​ရာ ကျွန်ုပ်​တို့၏​လူနေမှု​ဘဝ​ပုံစံ​အတွက် မည်မျှ​ကုန်ကျ​သည်ကို ကျွန်ုပ်​တို့​ထဲ​မှ​အများစု​သည် စိုး​စဉ်း​မျှ​မသိ​သည့်​သဘော သက်ရောက်​နေသည်” ဟု​တန်​ဒါက သတိပေး​၏။

ည​ပိုင်း​ပျံသန်း​ခြင်း​နှင့် ကမ္ဘာချီ​ပူနွေး​မှု

ခရီးသည်​တင် ဂျက်​လေယာဉ်များ​မှ​ထွက်​သည့် ငွေ့ရည်​ဖွဲ့ ရေခိုးရေငွေ့​တန်း​များသည် ကောင်းကင်​ယံ​တွင်​ကျန်ရစ်​ကာ လေထု​အပူချိန်​ကို ထိခိုက်​စေ​သည်​ဟု Scientifi​c American မဂ္ဂဇင်းက​ဆို​၏။ နေ့​အချိန်တွင် ဤ​ရေခိုးရေငွေ့​တန်း​များသည် ဝင်ရောက်​လာသော နေ​ရော​င်​ကို အလင်းပြန်​စေပြီး လေထု​ကို​အေးမြ​စေ​သည်။ ည​အချိန်တွင်​မူ ယင်း​တို့သည် အပူ​ကို​စုပ်ယူ​ထား​သည်။ “ည ၆ နာရီ​မှ နံနက် ၆ နာရီ​အတွင်း ပျံသန်းမှု​သည် လေကြောင်း​ပျံသန်းမှု​စုစုပေါင်း​၏ လေး​ပုံ​တစ်​ပုံ​မျှ​သာ​ရှိသော်လည်း ရေခိုးရေငွေ့​တန်း​များ​က ရာသီဥတု​ပူနွေး​မှု ၆၀ မှ ၈၀ ရာခိုင်နှုန်း​ကြား​ကို ဖြစ်ပေါ်​စေ​ကြောင်း” အင်္ဂလိပ်​သုတေသီ​များ​တွေ့ရှိ​ခဲ့​သည်​ဟု အဆိုပါ​မဂ္ဂဇင်း​မှ သတင်းက​ဆို​၏။