“ကောင်း” ရုံနှင့် လုံလောက်ပြီလော
သမ္မာကျမ်းစာရှုထောင့်
“ကောင်း” ရုံနှင့် လုံလောက်ပြီလော
“အတတ်နိုင်ဆုံး ကျွန်မ ကောင်းအောင်နေထိုင်တယ်။ လူကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားတယ်” ဟု အဲလာဆန် အမည်ရှိ အမျိုးသမီးငယ်တစ်ဦးကဆို၏။ များစွာသောသူတို့က အဲလာဆန်နည်းတူ ထိုကဲ့သို့အသက်ရှင်နေထိုင်ရန် ဘုရားသခင်တောင်းဆိုသည်ဟု ယုံကြည်ကြသည်။
အခြားသူတို့မူ ကြီးလေးသောအပြစ်ကို မိမိတို့ကျူးလွန်လျှင်ပင် ဘဝပုံစံတစ်ခုလုံးကိုခြုံကြည့်သော် အပြစ်တင်စရာမရှိသရွေ့ ယင်းကို ဘုရားသခင်ဂရုစိုက်တော်မမူဟု ယူဆကြသည်။ ဘုရားသခင်သည် အပြစ်ဒဏ်စီရင်ရန်ထက် ခွင့်လွှတ်ရန် ပို၍လိုလားတော်မူသည်ဟု သူတို့ယုံကြည်ကြ၏။
အမှန်ဆိုလျှင် “ကောင်းခြင်း” နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ တစ်ဦးနှင့်တစ်ဦးမတူကြချေ။ သို့သော် သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ ဘုရားသခင့်မျက်နှာသာတော်ရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုရမည်နည်း။ ဘုရားသခင့်အမြင်တွင် လူကောင်းတစ်ဦးဖြစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ လမ်းညွှန်မှုကို ခံယူခြင်း
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အား ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်မှု ပေးပိုင်ခွင့်ရှိတော်မူ၏။ (ဗျာ. ၄:၁၁) ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျင့်အကြံနှင့် ဝတ်ပြုရေးကို လမ်းညွှန်ရန် ပညတ်ဥပဒေနှင့် မူများကို သမ္မာကျမ်းစာတွင် ဖော်ပြပေးသည်။ မိမိ၏လူမျိုးအား ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်– ‘သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်အကြောင်း ငါ့စကားကိုနားထောင်၍ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့။’—ယေရမိ ၁၁:၃၊ ၄။
ထို့ကြောင့် ဘုရားသခင်၏ရှုထောင့်မှ “ကောင်း” ဖို့ဟူသည် ကိုယ်တော်၏စံနှုန်းများကို သင်ယူကာ ကျွန်ုပ်တို့၏အသက်တာကို ယင်းတို့နှင့်အညီ ပြုပြင်ပြောင်းလဲဖို့လိုသည်။ သင်သည် တစ်စုံတစ်ဦးနှင့်မိတ်ဆွေဖြစ်လိုသည်ဟု စိတ်ကူးကြည့်ပါ။ သင်သည် ထိုသူ မည်သို့ ပြုမူဆက်ဆံခံလိုသည်ကို သိရှိလိုမည်ဖြစ်ပြီး သူနှစ်သက်သည့်ပုံစံဖြင့် ပြုမူပေမည်။ ဘိုးဘေးအာဗြဟံနည်းတူ ကျွန်ုပ်တို့သည် ယေဟောဝါ၏မိတ်ဆွေ၊ တစ်နည်းအားဖြင့် ကိုယ်တော်၏မျက်နှာသာရရှိသူဖြစ်နိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ယာကုပ် ၂:၂၃) ထို့ ပြင် ဘုရားသခင်၏စံနှုန်းများသည် ကျွန်ုပ်တို့၏စံနှုန်းများထက် များစွာမြင့်မားသောကြောင့် ကျွန်ုပ်တို့၏စံနှုန်းများနှင့်ကိုက်ညီရန် ကိုယ်တော့်စံနှုန်းများကို ပြုပြင်ပြောင်းလဲပေးမည်ဟု မမျှော်လင့်နိုင်ပါ။—ဟေရှာယ ၅၅:၈၊ ၉။
နာခံခြင်း၏အရေးပါမှု
ဘုရားသခင်၏မိန့်မှာချက် “အသေးအဖွဲ” များကို ဥပေက္ခာပြုမည်ဆိုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော် အမှန်ပင် နှစ်သက်ပါမည်လော။ မိန့်မှာချက် “အသေးအဖွဲ” အချို့ကို နာခံခြင်းသည် အရေးမပါဟု အချို့သူတို့ ယူမှတ်ကြပေမည်။ သို့သော် ဘုရားသခင်ပြဋ္ဌာန်းထားသော မည်သည့်ပညတ်ဥပဒေကိုမျှ အရေးမပါသောအရာအဖြစ်သတ်မှတ်ကာ ထုတ်ပယ်၍မရချေ။ ပညတ်တော်တို့ကို ခွဲခြားထားခြင်းမရှိကြောင်း သမ္မာကျမ်းစာက ၁ ယောဟန် ၅:၃ တွင် ဤသို့ဖော်ပြထားသည်ကို သတိပြုပါ– “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” ဘုရားသခင်၏ပညတ်တော်ရှိသမျှကို ကျွန်ုပ်တို့လိုက်လျှောက်ရန် အစွမ်းကုန်ကြိုးစားလျှင် ကိုယ်တော်အပေါ် ကိုယ်ကျိုးမဖက်သောမေတ္တာ တင်ပြရာရောက်၏။—မဿဲ ၂၂:၃၇။
ယေဟောဝါသည် ကျွန်ုပ်တို့အား အရာရာတွင် ပြည့်ဝစုံလင်နေရမည်ဟု တောင်းဆိုတော်မမူချေ။ ကျွန်ုပ်တို့သည် မိမိတို့၏အမှားများအတွက် အမှန်တကယ်ဝမ်းနည်းကာ ယင်းတို့ကို နောက်ထပ်မပြုလုပ်မိရန် ကြိုစားလျှင် ကျွန်ုပ်တို့ကို ကိုယ်တော် လိုလိုလားလားခွင့်လွှတ်တော်မူ၏။ (ဆာလံ ၁၀၃:၁၂-၁၄; တမန်တော် ၃:၁၉) သို့သော် အခြားကိစ္စများတွင် နာခံမှုရှိခြင်းဖြင့် အစားထိုး၍ရမည်ဟုယူဆကာ အချို့သောပညတ်များကို တမင်တကာလျစ်လျူရှုမည်ဆိုလျှင် ဘုရားသခင် လက်ခံမည်လော။ ယင်းကို လက်မခံကြောင်း ကျမ်းစာပုံနမူနာတစ်ခုက ဖော်ပြသည်။
ဣသရေလရှင်ဘုရင်ရှောလုသည် ဘုရားသခင့်မိန့်မှာချက်အချို့ကိုသာ နာခံရန်ရွေးချယ်ခဲ့၏။ သူသည် အာမလက်လူတို့နှင့် စစ်ဆင်နွှဲသည့်အခါ ၎င်းတို့၏ခြံမွေးတိရစ္ဆာန်များကို ချန်မထားဘဲ ‘သတ်ပစ်’ ရန်ညွှန်ကြားခံခဲ့ရသည်။ ရှောလုသည် အခြားညွှန်ကြားချက်များကို လိုက်နာခဲ့သော်လည်း ဤညွှန်ကြားချက်ကိုမူ မနာခံဘဲ ‘အကောင်းဆုံးသိုးနွားများ’ ကို မသတ်ဘဲချန်ထားခဲ့သည်။ အဘယ်ကြောင့်နည်း။ သူနှင့် သူ၏လူတို့သည် ယင်းတို့ကို ကိုယ့်အတွက် ချန်ထားလိုကြသည်။—၁ ဓမ္မရာဇဝင် ၁၅:၂-၉။
ပရောဖက်ရှမွေလက ဘုရားသခင့်အမိန့်တော်ကို အဘယ်ကြောင့်မနာခံသနည်းဟု ရှောလုအား မေးသောအခါ ရှောလုက မိမိသည် အမိန့်တော်ကိုနာခံပါသည်ဟု ချေပပြောဆိုခဲ့၏။ သူသည် ဘုရားသခင်အား ပူဇော်ခဲ့သောယဇ်များအပါအဝင် သူနှင့် သူ၏လူတို့ပြုလုပ်ခဲ့သည့် ကောင်းမှုများကို ဖော်ပြခဲ့သည်။ ရှမွေလက ဤသို့မေးခဲ့သည်– ‘ယေဟောဝါ၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။’ (၁ ဓမ္မရာဇဝင် ၁၅:၁၇-၂၂) ယင်းကြောင့် ကိစ္စအချို့တွင် ဘုရားသခင်အား မနာခံခြင်းကို ယဇ်များပူဇော်ခြင်း သို့မဟုတ် အခြားကောင်းမှုများပြုခြင်းဖြင့် အစားထိုး၍မရနိုင်ပေ။
ဘုရားသခင့်စံနှုန်းများ—ကိုယ်တော့်မေတ္တာတော်ဆိုင်ရာ အထောက်အထား
ယေဟောဝါသည် မေတ္တာရှင်ဖြစ်ရာ မိမိစိတ်တော်နှင့်တွေ့ရန် ကျွန်ုပ်တို့ မည်သို့ ပြုလုပ်ရမည်ကို မှန်းဆမနေစေလိုပေ။ သမ္မာကျမ်းစာတွင် “ဤမည်သောလမ်းသည် မှန်၏၊ ဤလမ်း၌သွားလော့” ဟုဖော်ပြခြင်းဖြင့် ကိုယ်တော်သည် ပြတ်သားသည့် ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်မှုကို ပေးတော်မူ၏။ (ဟေရှာယ ၃၀:၂၁) ကျွန်ုပ်တို့သည် ကိုယ်တော့်လမ်းညွှန်မှုကို လိုက်လျှောက်သောအခါ လူသားတို့၏ ကွဲလွဲနေသော ကျင့်ဝတ်ဆိုင်ရာအယူအဆများကို ဆန်းစစ်ခြင်းမှဖြစ်ပေါ်လာသည့် စိတ်အလိုမကျမှု၊ မရေရာမှုတို့နှင့်ကင်းဝေးပေမည်။ ထို့ ပြင် ဘုရားသခင်သည် အမြဲပင် ‘ကျွန်ုပ်တို့အကျိုးအတွက် သွန်သင်’ လမ်းညွှန်ပေးတော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
“ကောင်းမြတ်ခြင်း” တွင် အဘယ်အရာပါဝင်ကြောင်း ရွေးချယ်ရာတွင် အန္တရာယ်ကား အဘယ်နည်း။ ကျွန်ုပ်တို့အားလုံးသည် တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူလိုသောသဘောကို အမွေခံခဲ့ရ၏။ ကျွန်ုပ်တို့၏နှလုံးက ကျွန်ုပ်တို့ကို လှည့်စားနိုင်သည်။ (ယေရမိ ၁၇:၉) ခက်ခဲသည် သို့မဟုတ် ကန့်သတ်ချုပ်ချယ်သည်ဟု အဓိပ္ပာယ်ကောက်ပြီး ဘုရားသခင့်တောင်းဆိုချက်များ၏ အရေးပါမှုကို အလွယ်တကူ လျှော့တွက်မိနိုင်သည်။
ဥပမာ၊ လက်မထပ်ထားသူနှစ်ဦးသည် လိင်အကျင့်ယိုယွင်းဖို့ ရွေးချယ်ကြပေမည်။ အခြားမည်သူမျှ ပါဝင်ပတ်သက်ခြင်းမရှိသောကြောင့် ယင်းသည် ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်ဟု သူတို့ယူမှတ်ကြပေမည်။ သူတို့၏လုပ်ရပ်များသည် ကျမ်းစာစံနှုန်းများနှင့်မကိုက်ညီကြောင်း သူတို့သဘောပေါက်မည်ဖြစ်သော်လည်း “မည်သူမျှ ထိခိုက်နစ်နာမှုမရှိ” သရွေ့ ဘုရားသခင် ပြစ်တင်ရှုတ်ချမည်မဟုတ်ဟု ကောက်ချက်ချပေမည်။ သူတို့၏ဆန္ဒများက သူတို့လုပ်ရပ်၏အဓိပ္ပာယ်နှင့် အကျိုးဆက်များကို အပြည့်အဝသဘောမပေါက်ရန် ကာဆီးထားသည်။ သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။”—သု. ၁၄:၁၂။
ယေဟောဝါ၏ပညတ်တော်ရှိသမျှသည် လူသားများအပေါ်ထားရှိသည့် ကိုယ်တော့်မေတ္တာနှင့် ကျွန်ုပ်တို့အား ဆင်းရဲခက်ခဲမှုများမကြုံစေလိုသည့် ကိုယ်တော့်ဆန္ဒတို့ကို ပေါ်လွင်စေသည်။ လိင်ဆိုင်ရာကိုယ်ကျင့်တရား သို့မဟုတ် အခြားအမူအကျင့်နှင့်ပတ်သက်သော ဘုရားသခင့်စံနှုန်းများကို မလိုက်နာခြင်းဖြင့် လူတို့၏ဘဝတွင် ကြီးမားသောပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ကို မရရှိခဲ့ကြပါ။ ထိုသို့ ပြုခြင်းက လူများစွာ၏အသက်တာကို ပို၍ခက်ခဲရှုပ်ထွေးစေခဲ့ပြီ။ သို့သော် ဘုရားသခင့်ပညတ်တော်များကို လိုက်လျှောက်ခြင်းသည် ကောင်းမွန်သောအသက်တာဖြင့်နေထိုင်ရန် ကျွန်ုပ်တို့၏ကြိုးစားမှုကို အထောက်အကူပြုပြီး ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများအား အကြောင်းမဲ့ထိခိုက်ခြင်းကို ရှောင်ရှားစေနိုင်သည်။—ဆာလံ ၁၉:၇-၁၁။
သင်သည် ဘုရားသခင်၏ရှုထောင့်မှ လူကောင်းတစ်ဦး အမှန်ဖြစ်လိုပါက ကိုယ်တော့်လမ်းညွှန်မှုကို လိုက်လျှောက်ရန် အစွမ်းကုန်ကြိုးစားပါ။ ‘[ယေဟောဝါ၏] ပညတ်တော်တို့သည် စောင့်ခဲသည်မဟုတ်’ ကြောင်း သင်ကိုယ်တိုင် တွေ့ ကြုံခံစားရပေမည်။—၁ ယောဟန် ၅:၃။
သင်စဉ်းစားဖူးသလော
▪ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ လမ်းညွှန်မှုကို အဘယ်ကြောင့် ခံယူသင့်သနည်း။—ဗျာ. ၄:၁၁။
▪ ဘုရားသခင့်ပညတ်တော်ရှိသမျှကို နာခံရမည်လော။—၁ ယောဟန် ၅:၃။
▪ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကျင့်ဝတ်စံနှုန်းများကို ရွေးချယ်ခြင်းသည် အဘယ်ကြောင့် ပညာမဲ့ရာကျသနည်း။—သု. ၁၄:၁၂; ယေရမိ ၁၇:၉။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဘုရားသခင့်ရှုမြင်ပုံမျိုး သင်၌ရှိသလော