ပင်ကိုအသိစိတ်ထက်သာသော လမ်းညွှန်မှု
ပင်ကိုအသိစိတ်ထက်သာသော လမ်းညွှန်မှု
“လူတစ်ဦး၏ ကိုယ်ပိုင်ကျင့်ဝတ်စံနှုန်းများသည် လွတ်လပ်စွာ ရွေးချယ်ထားခြင်းမျှသာဖြစ်ကာ အဆိုပါရွေးချယ်မှုများ တော်မှန်ဖြောင့်မတ်ခြင်းရှိမရှိဟူသည်ကို ပိုင်းခြားသိမြင်စေသော မူများမရှိလျှင် ဖြစ်ပေါ်လာသည့် ကျင့်ဝတ်စံနှုန်းကင်းမဲ့မှုကို တားဆီးရန် အစိုးရဥပဒေများကို မလွဲဧကန်အသုံးပြုရပေမည်။”—ဒေါက်တာ ဒဲန်ယယ်လ်ကာလာဟန်။
ကမ္ဘာ့ဒေသများစွာတွင် ကျင့်ဝတ်စံနှုန်းကင်းမဲ့မှု တိုးများလာနေခြင်းက ရာဇဝတ်မှုကို ထိန်းချုပ်ရန်ကြိုးပမ်းသည့်အနေနှင့် များပြားလှသော ဥပဒေများပြဋ္ဌာန်းဖို့ အစိုးရများအား ဖိအားပေးမှုဖြစ်စေခဲ့ရာ ကာလာဟန်စိုးရိမ်ပူပန်သည့်အတိုင်း အမှန်တကယ်ဖြစ်လာခြင်းမှာ ဝမ်းနည်းစရာပင်။ ပထမဦးဆုံးအကြိမ် ကျင်းပသည့် နိုင်ဂျီးရီးယားမိခင်များညီလာခံတွင် နိုင်ဂျီးရီးယားသမ္မတက နိုင်ငံ၏အနာဂတ်နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်နေကြောင်း တင်ပြခဲ့သည်။ သူသည် နိုင်ငံရေး သို့မဟုတ် ဆင်းရဲမွဲတေမှုကိုမဟုတ်ဘဲ “ပို၍ကြီးလေးသော ပြဿနာတစ်ခု” ဖြစ်သည့် “မိသားစု၊ အလုပ်၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွင်း အဓိကစံနှုန်းများ . . . ယေဘုယျတိုက်စားခံနေရမှု” ကို စိတ်ဝင်စားခဲ့သည်။
ဗြိတိန်နိုင်ငံတွင် မိခင် ၁,၇၃၆ ဦးကို လေ့လာဆန်းစစ်ခဲ့ရာ “အစဉ်အလာတည်ရှိခဲ့သော မိသားစုအခြေခံစံနှုန်းသည် တစ်ဟုန်ထိုးကျဆင်းနေသော ကျင့်ဝတ်စံနှုန်းများနှင့် ကြင်ဖော်မဲ့မိဘများ တိုးများလာမှုကြောင့် ဘေးသင့်လောက်အောင် ပျက်စီးယိုယွင်း” လာကြောင်း တွေ့ရှိရ၏။ ရုတ်နိုင်ငံတွင်လည်း ကိုယ်ကျင့်တရားစံနှုန်း ထူးထူးခြားခြား ကျဆင်းလျက်ရှိသည်။ ထိုနိုင်ငံတွင်နေထိုင်သူတို့သည် တစ်ခါနှင့်မျှမတူအောင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် လူများစွာနှင့် လိင်အကျင့်ယိုယွင်းနေကြကြောင်း တိုင်းမ်မဂ္ဂဇင်းက ဖော်ပြသည်။ “အဲဒါက ကျွန်မရဲ့ဘဝပဲ။ ကျွန်မလုပ်ချင်သလို လုပ်လို့ရတယ်” ဟု လိင်ဆက်ဆံဖော် အယောက် ၁၀၀ ကျော်ရှိကြောင်း ကြွားဝါခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦးကဆိုခဲ့၏။
ကိုယ်ကျင့်တရား တရွေ့ရွေ့တိုက်စားနေခြင်းသည် အခွင့်အာဏာရှိသူတို့ကိုလည်း ထိခိုက်ခဲ့လေပြီ။ “လူတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေကို ခိုင်မာတဲ့ ကိုယ်ကျင့်တရားရှိသူ စံပြုပုဂ္ဂိုလ်တွေအဖြစ် မလေးစားကြတော့ဘူး” ဟု ဂျာဗတ်အက္ကဘာက ကနေဒါနိုင်ငံထုတ် တိုရွန်တိုစတားသတင်းစာတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံရေးသမားများ၊ စီးပွားရေးအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် ဘာသာရေးခေါင်းဆောင်များပင်လျှင် “တော်မှန်တဲ့ကိုယ်ကျင့်တရား ကင်းမဲ့နေဟန်တူတယ်” ဟုသူကဆို၏။
ကျဆင်းရသည့်အကြောင်းရင်း
ဤသို့ဆုတ်ယုတ်ကျဆင်းရန် တွန်းအားပေးနေသောအကြောင်းရင်းများစွာ ရှိပါသည်။ အကြောင်းရင်းတစ်ခုမှာ အဆက်ဆက်ခံယူလာသော စံနှုန်းများကို ဆန့်ကျင်ပုန်ကန်သည့် ယေဘုယျစိတ်ဓာတ်ဖြစ်သည်။ ဥပမာ၊ အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်သည့် လူထုသဘောထားမေးမြန်းမှုတစ်ခုတွင် ဖြေကြားသူ ကောလိပ်ကျောင်းသားအများစုက “အမှားအမှန်ဆိုတာ ကိုယ်ပိုင်အယူအဆနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်” ဟုယူဆကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံရေးသမားဖြစ်သော စာရေးဆရာ ဇဘက်ဂ်ညက်ဗ် ဘရေဇင်စကီးက နောက်အကြောင်းရင်းတစ်ခုကို ဖော်ပြခဲ့သည်။ ယနေ့လူ့ဘောင်အဖွဲ့အစည်းသည် “ကိုယ့်အလိုဆန္ဒ ချက်ချင်းပြည့်ဝရေးအပေါ် အလွန်အာရုံစိုက်ကြောင်း၊ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အပျော်အပါးလိုက်စားမှုသည် အပြုအမူအပေါ် လွှမ်းမိုးလာနေကြောင်း” သူရေးသားခဲ့သည်။ * ကိုယ်ကျင့်တရားကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိခြင်း၊ လိုဘကြီးခြင်းနှင့် ကိုယ့်အလိုဆန္ဒဖြည့်ဆည်းခြင်းတို့သည် ဆွဲဆောင်မှုတစ်စုံတစ်ရာရှိနိုင်သော်လည်း ယင်းတို့သည် စစ်မှန်သောပျော်ရွှင်မှု၊ ကျေနပ်ရောင့်ရဲမှု၊ အခြားသူများနှင့် ဆက်ဆံရေးကောင်းမှုတို့ကို ဖြစ်စေပါသလော။
“လူတစ်ဦး၏ ဖြောင့်မတ်သောအမှုတို့က သူသည် ပညာရှိကြောင်း သက်သေထူ၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၉၊ ကဘ) တစ်ဟုန်ထိုးကျဆင်းနေသော ကျင့်ဝတ်စံနှုန်းများကြောင့် လူတို့သည် ပျော်ရွှင်မှုနှင့် လုံခြုံမှုကို ပို၍ခံစားနေရပါသလော။ တိုးများလာနေသော အယုံအကြည်မဲ့မှု၊ မလုံခြုံမှု၊ ဆက်ဆံရေးပျက်ပြားမှု၊ ကလေးသူငယ်များ ဖခင်မဲ့ သို့မဟုတ် မိခင်မဲ့ ကြီးပြင်းလာမှု၊ လိင်ဆိုင်ရာကူးစက်ရောဂါများပျံ့နှံ့မှု၊ မလိုချင်သောကိုယ်ဝန်ဆောင်မှု၊ မူးယစ်ဆေးစွဲမှုနှင့် အကြမ်းဖက်မှုစသည့် ရလဒ်အချို့သာ ပေါ်ထွက်လာသည်။ ဤအမှန်တရားများသည် အားရကျေနပ်မှုနှင့် အောင်မြင်မှုကို ဖော်ပြမည့်အစား ဝမ်းနည်းပူဆွေးမှုနှင့် ရှုံးနိမ့်မှုတို့ကိုသာ ဖော်ပြသည်။—ဂလာတိ ၆:၇၊ ၈။
မိမိခေတ်တွင်လည်း အလားတူပြဿနာများကို တွေ့ မြင်ခဲ့ရသည့် ဘုရားသခင့်ပရောဖက် ယေရမိက ‘အို ထာဝရဘုရားသခင် လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏” ဟူ၍မှုတ်သွင်းကာ ကောက်ချက်ချခဲ့သည်။ (ယေရမိ ၁၀:၂၃) အမှန်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်ထံမှ သီးခြားလွတ်လပ်စွာနေဖို့၊ အမှားနှင့်အမှန်ကို မိမိတို့ဘာသာရွေးချယ်ဖို့ ဖန်ဆင်းတော်မမူခဲ့ချေ။ ကျွန်ုပ်တို့အတွက် အကျိုးရှိပုံရသောအရာသည် အမှန်တကယ်တွင် ဘေးဖြစ်စေသောအရာ ဖြစ်ပေမည်။ “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏” ဟုသမ္မာကျမ်းစာက နယပုံပြင်ကျမ်း ၁၄:၁၂ တွင်ဆိုထားသည်။
အတွင်းရန်သူ
ကိုယ်ကျင့်တရားနှင့်ဆိုင်သော ကိစ္စရပ်များတွင် လမ်းညွှန်မှုလိုအပ်ရသည့် အကြောင်းရင်းတစ်ခုမှာ အဘယ်နည်း။ ကျွန်ုပ်တို့၏နှလုံးက ကျွန်ုပ်တို့ကို လှည့်စားတတ်သောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဟုယေရမိ ၁၇:၉ တွင်ဆိုသည်။ လှည့်စားတတ်ပြီး ထင်ရာစိုင်းသူတစ်ဦးဦးကို သင်သိထားမည်ဆိုလျှင် သူ့ကို သင်ယုံကြည်ကိုးစားပါမည်လော။ ယုံကြည်ကိုးစားမည်မဟုတ်ချေ။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် အဆိုပါဉာဉ်ဆိုးများကို ထုတ်ဖော်ပြတတ်သည့်နှလုံးကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပွင့်ပွင့်လင်းလင်းနှင့် မေတ္တာပါစွာ ဤသို့သတိပေးတော်မူသည်– “မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။”—သု. ၂၈:၂၆။
ကျွန်ုပ်တို့ လုပ်ဆောင်ဖို့လိုအပ်သည့်အရာကို ဤကျမ်းချက်က ဖော်ပြပါသည်။ ကျွန်ုပ်တို့၏မစုံလင်သော စွမ်းရည်များကို ယုံကြည်ကိုးစားမည့်အစား ဘုရားသခင်ရေးရာဉာဏ်ပညာအတိုင်း လျှောက်လှမ်းဖို့လိုအပ်၏။ ဤသို့အားဖြင့် ကျွန်ုပ်တို့ကိုယ်ကို အန္တရာယ်ထောင်ချောက်များစွာမှ ကယ်တင်နိုင်ပေသည်။ ထို့ ပြင် အဖိုးထိုက်ဉာဏ်ပညာကို စိတ်ရင်းမှန်ဖြင့်ရလိုသူအားလုံး အလွယ်တကူ ရရှိနိုင်သည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။”—ယာကုပ် ၁:၅။
ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့” ယုံကြည်ကိုးစားလော့
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အကြောင်းကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘ကိုယ်တော်သည် ကျောက်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ နည်းလမ်းတော်ရှိသမျှသည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရားသခင်၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင် ဖြစ်တော်မူ၏။’ (တရားဟောရာ ၃၂:၄၊ သမ္မာ) မှန်ပါသည်၊ ယေဟောဝါသည် ကျောက်ဆောင်နှင့်တူသည်။ ကျွန်ုပ်တို့ပတ်ပတ်လည်တွင် အဘယ်အရာပင်ပြောင်းလဲနေပါစေ ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးလမ်းညွှန်မှုအတွက် ကိုယ်တော်ကို အပြည့်အဝ မှီခိုအားထားနိုင်ပေသည်။ နယပုံပြင် ၃:၅၊ ၆ က ဤသို့ဆို၏– ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’
“[ကျွန်ုပ်တို့၏] ဆံပင်” ကိုရေတွက်ထားသည့် ဖန်ဆင်းရှင်ထက် သာ၍ကောင်းသောလမ်းညွှန်မှုကို မည်သူပေးနိုင်ပါမည်နည်း။ (မဿဲ ၁၀:၃၀) ထို့ ပြင် ကိုယ်တော်သည် မိတ်ဆွေစစ်ဖြစ်ကြောင်း သက်သေထူကာ အခါခပ်သိမ်း၊ အမှန်တရားကို ကျွန်ုပ်တို့လက်ခံရခက်သည့်အခါ၌ပင် ကျွန်ုပ်တို့အပေါ် ရိုးရိုးသားသားဆက်ဆံသည်အထိ ချစ်တော်မူသည်။—ဆာလံ ၁၄၁:၅; သု. ၂၇:၆။
ယေဟောဝါသည် မိမိ၏လမ်းညွှန်မှုကို လိုက်နာရန် ကျွန်ုပ်တို့အား အတင်းအကျပ်မပြုကြောင်းကိုလည်း သတိပြုကြည့်ပါဦး။ ယင်းအစား ကိုယ်တော်သည် မေတ္တာအရင်းခံဖြင့် ကျွန်ုပ်တို့အား ဖျောင်းဖျတော်မူ၏။ ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’ (ဟေရှာယ ၄၈:၁၇၊ ၁၈) သင်သည် ထိုကဲ့သို့သောဘုရားသခင်ထံ ဆွဲဆောင်မခံရပေလော။ ထို့ ပြင် ကိုယ်တော်သည် မိမိ၏ဉာဏ်ပညာတော်ကို ကျွန်ုပ်တို့အလွယ်တကူရရှိနိုင်စေရန် ကမ္ဘာပေါ်တွင် အဖြန့်ဝေရဆုံးဖြစ်သည့် မိမိ၏မှုတ်သွင်းခံနှုတ်မြွက်စကားတော် သမ္မာကျမ်းစာအားဖြင့် စီမံပေးတော်မူခဲ့ပြီ။—၂ တိမောသေ ၃:၁၆၊ ၁၇။
ဘုရားသခင့်နှုတ်မြွက်စကားတော်သည်လမ်းခရီးကို ထွန်းလင်းစေ
သမ္မာကျမ်းစာနှင့်စပ်လျဉ်း၍ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– ‘နှုတ်မြွက်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’ (ဆာလံ ၁၁၉:၁၀၅) ကျွန်ုပ်တို့ခြေရှေ့ရှိမီးခွက်သည် အနီးကပ်အန္တရာယ်များကို တွေ့မြင်စေကာ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏လမ်းခရီးရှိ အလင်းသည် သွားရမည့်လမ်းကို ထွန်းလင်းပေးသည်။ ရိုးရိုးလေးဆိုရလျှင် ဘုရားသခင့်နှုတ်မြွက်တော်သည် ပစ္စုပ္ပန်နှင့်ရော အနာဂတ်နှင့်ပါဆိုင်သောကိစ္စရပ်အားလုံးတွင် ကျွန်ုပ်တို့အား ပညာရှိပြီး တော်မှန်ဖြောင့်မတ်သည့် ဆုံးဖြတ်ချက်များချစေခြင်းအားဖြင့် ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုံရန် လမ်းညွှန်ပေးနိုင်ပါသည်။
ဥပမာ၊ တောင်ပေါ်တရားတော်ကို သုံးသပ်ကြည့်ပါ။ မဿဲ အခန်းကြီး ၅ မှ ၇ အထိ မှတ်တမ်းတင်ထားသော အဆိုပါဟောပြောချက်တိုတိုလေးတွင် အတိတ်ကာလနှင့်သက်ဆိုင်ခဲ့သည့်အတိုင်းပင် မျက်မှောက်ခေတ်နှင့်လည်း သက်ဆိုင်နေသော ပျော်ရွှင်ခြင်း၊ ချစ်ခြင်း၊ မုန်းတီးခြင်း၊ သနားကြင်နာခြင်း၊ ကိုယ်ကျင့်တရား၊ ဆုတောင်းခြင်း၊ ဥစ္စာဘဏ္ဍာဆည်းပူးခြင်းနှင့် အခြားသောအကြောင်းအရာများစွာကို ယေရှုမိန့်ကြားခဲ့သည်။ ကိုယ်တော်၏အဆိုအမိန့်များသည် အလွန်ထိုးထွင်းသိမြင်မှုရှိလှရာ “လူအုပ်သည် ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ” လေသည်။ (မဿဲ ၇:၂၈၊ ကဘ) ကျေးဇူးပြု၍ အချိန်အနည်းငယ်ယူကာ အဆိုပါတောင်ပေါ်တရားတော်ကို အသင်ကိုယ်တိုင် ဖတ်ကြည့်ပါလေ။ သင့်စိတ်နှလုံးကို ထိမိသွားပါလိမ့်မည်။
ဘုရားသခင့်အကူအညီကို “တောင်းမြဲတောင်းကြလော့”
ဘုရားသခင့်အမြင်တွင် မှန်ကန်ရာကို လုပ်ဆောင်ခြင်းသည် အမြဲလွယ်ကူမည်မဟုတ်ကြောင်း ဝန်ခံရပေမည်။ အမှန်ဆိုရလျှင် သမ္မာကျမ်းစာက အပြစ်ကို ကျွန်ုပ်တို့ အကြိတ်အနယ်တိုက်လှန်နေခြင်းကို စစ်ပွဲတစ်ခုနှင့် ခိုင်းနှိုင်းထားသည်။ (ရောမ ၇:၂၁-၂၄) သို့သော် ဘုရားသခင့်အကူအညီဖြင့် အဆိုပါစစ်ပွဲကို အောင်မြင်နိုင်ပါသည်။ ယေရှုက “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ . . . အကြောင်းမူကား တောင်းသောသူတိုင်း ရ၏။ ရှာသောသူတိုင်းလည်း တွေ့၏” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၁:၉၊ ၁၀၊ ကဘ) ယေဟောဝါသည် ထာဝရအသက်သို့ပို့ဆောင်သော ကျဉ်းမြောင်းသည့်လမ်းကို စိတ်ရင်းမှန်ဖြင့် ကြိုးစားလျှောက်လှမ်းနေသူ မည်သူမဆိုထံမှ လှည့်ထွက်သွားတော်မူမည်မဟုတ်ချေ။—မဿဲ ၇:၁၃၊ ၁၄။
ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာစဉ်က ဆေးရွက်ကြီးစွဲနေသူ ဖရန့်ခ်၏ပုံနမူနာကို သတိပြုကြည့်ပါ။ ၂ ကောရိန္သု ၇:၁ ကိုဖတ်ရှုပြီး မိမိ၏အကျင့်သည် ဘုရားသခင့်အမြင်တွင် ‘ကိုယ်ခန္ဓာကို ညစ်ညူးစေ’ သည့်အကျင့်ဖြစ်ကြောင်း မှန်ကန်စွာ ကောက်ချက်ချပြီးနောက် ဆေးလိပ်ဖြတ်ရန် ဖရန့်ခ် သန္နိဋ္ဌာန်ချလိုက်၏။ သို့သော် သူ၏ဆုံးဖြတ်ချက်နှင့်အညီ လုပ်ဆောင်ဖို့ဟူသည် အလွန်လွယ်ကူသည်ကား မဟုတ်ပေ။ တစ်ကြိမ်တွင် သူသည် စီးကရက်တိုများကို သောက်ရန် လေးဖက်ထောက်ပြီး ရှာဖွေသည့်အခြေအနေသို့ပင် ရောက်ခဲ့ရလေသည်။
ဣန္ဒြေမဲ့သော ဤအပြုအမူက ဖရန့်ခ်အား ဆေးရွက်ကြီး၏ကျွန်ဘဝရောက်ခဲ့ရပုံကို သိမြင်လာစေခဲ့သည်။ (ရောမ ၆:၁၆) သို့နှင့် သူသည် အကူအညီရရှိရန် ထက်ထက်သန်သန် ဆုတောင်းခဲ့ပြီး ယေဟောဝါသက်သေများ၏ ဒေသခံခရစ်ယာန်အသင်းတော်မှ ပြင်ဆင်ပေးသော အကျိုးပြုပေါင်းသင်းမှုကို အပြည့်အဝရယူခဲ့ရာ ၎င်း၏အကျင့်ဆိုးကို အောင်နိုင်ခဲ့လေသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
သင်၏ဝိညာဉ်ရေးလိုအပ်ရာကို ဖြည့်ဆည်းပေးပါ
သမ္မာကျမ်းစာသည် သာလွန်ထူးကဲသော ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးလမ်းညွှန်မှုကို ဖော်ပြပေးသည့်အပြင် ယင်း၏လမ်းညွှန်မှုနှင့်အညီ လုပ်ဆောင်ရန်လည်း လှုံ့ဆော်ပေးကြောင်း ဖော်ပြသည့် တွေ့ကြုံမှုများအနက် ဖရန့်ခ်၏တွေ့ကြုံမှုမှာ တစ်ခုသာဖြစ်၏။ ထို့ကြောင့် ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါ မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” ဟုမိန့်ဆိုခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—မဿဲ ၄:၄၊ ကဘ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အဖိုးထိုက်လှသော အမှန်တရားများကို လက်ခံ၍ အလေးဂရုပြုသောအခါ စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း၊ ဝိညာဉ်ရေးပိုင်းနှင့် ကာယပိုင်းတို့တွင် အဘက်ဘက်မှ အကျိုးရရှိကြလေသည်။ ဆာလံ ၁၉:၇၊ ၈ တွင် ဤသို့ဆိုထား၏– ‘ထာဝရဘုရားသခင်၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင် [သို့မဟုတ် ပြန်လည်နိုးကြားလာစေ] တတ်၏။ . . . ထာဝရဘုရားသခင်၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရားသခင်၏ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို [ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို မျှော်လင့်ချက်ဖြင့် ရှင်းရှင်းမြင်စေ] ရှင်းလင်းစေတတ်၏။”
ယေဟောဝါသည် မိမိ၏နှုတ်မြွက်တော်အားဖြင့် ကျွန်ုပ်တို့အတွက် တိကျမှန်ကန်သော ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်အိမ်မြှောင်ကို ပြဋ္ဌာန်းပေးရုံထက်မက ယခုပင် အကောင်းဆုံး အသက်ရှင်နေထိုင်နိုင်ရန် ကူညီပေးတော်မူသည်။ အနာဂတ်နှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့အား ကိုယ်တော်အသိပေးတော်မူ၏။ (ဟေရှာယ ၄၂:၉) နောက်ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံသူတိုင်းအတွက် ထိုအနာဂတ်သည် တောက်ပနေပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 အပျော်အပါးလိုက်စားမှုဟူသည် ဘဝတွင် အပျော်အပါးသာ အဓိကဟူသောခံယူချက်ဖြစ်၏။
[စာမျက်နှာ ၄၊ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင့်ကိုယ်ပိုင် ကိုယ်ကျင့်တရားဆိုင်ရာ “လမ်းညွှန်အိမ်မြှောင်”
လူသားတို့သည် အဖိုးထိုက်လက်ဆောင်ဖြစ်သော ကိုယ်ကိုကိုယ်သိသောစိတ်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် လူအမျိုးအနွယ်ခပ်သိမ်း၊ ခေတ်အဆက်ဆက်မှ လူတို့တွင် အများအားဖြင့် ဆင်တူသော ကျင့်ဝတ်စံနှုန်းများရှိခဲ့ကြလေသည်။ (ရောမ ၂:၁၄၊ ၁၅) သို့သော် ကိုယ်ကိုကိုယ်သိသောစိတ်သည် အမှားအယွင်းမရှိနိုင်သော လမ်းညွှန်တစ်ခုမဟုတ်ပေ။ ယင်းသည် အယူမှားဘာသာရေးယုံကြည်ချက်များ၊ လူ့အတွေးအခေါ်များ၊ အစွဲအလမ်းများနှင့် ဆိုးညစ်သောဆန္ဒများ၏ ဩဇာလွှမ်းမိုးမှုခံရနိုင်သည်။ (ယေရမိ ၁၇:၉; ကောလောသဲ ၂:၈) သို့ဖြစ်၍ လေယာဉ်မှူးတစ်ဦးသည် မိမိ၏လေကြောင်းပြကိရိယာများကို စံကိုက်ချိန်ညှိဖို့ လိုအပ်မည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လည်း မိမိတို့၏ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဆိုင်ရာ လမ်းညွှန်အိမ်မြှောင်ကို ကျွန်ုပ်တို့၏ “ပညတ်တရားရှင်” ဖြစ်သော ယေဟောဝါဘုရားသခင်၏ စံနှုန်းတော်များနှင့်အညီ စစ်ဆေးကာ လိုအပ်လျှင် ပြုပြင်ချိန်ညှိပေးဖို့လိုသည်။ (ဟေရှာယ ၃၃:၂၂) လူ့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားနိုင်သည့် လူ့ကျင့်ဝတ်စံနှုန်းများနှင့်မတူဘဲ ဘုရားသခင်၏ စုံလင်သောစံနှုန်းတော်များမှာ ထာဝစဉ်တည်မြဲ၏။ ‘ငါသည် ထာဝရဘုရားသခင်ဖြစ်၏။ ပြောင်းလဲခြင်းမရှိ’ ဟု ကိုယ်တော်မိန့်ဆိုတော်မူသည်။—မာလခိ ၃:၆။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အောင်မြင်မှုနှင့် ပျော်ရွှင်မှုအတွက် လမ်းညွှန်ချက်
ပျော်ရွှင်မှုကို ရှာတွေ့ခြင်း
“ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် မင်္ဂလာရှိကြ၏။”—မဿဲ ၅:၃၊ ကဘ။
“ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍မင်္ဂလာရှိသည်။”—တမန်တော် ၂၀:၃၅၊ သမ္မာ။
“ဘုရားသခင်၏တရားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍မင်္ဂလာရှိ၏။”—လုကာ ၁၁:၂၈၊ ကဘ။
ယုံကြည်ကိုးစားမှုကို ပြုစုပျိုးထောင်ခြင်း
“မှန်သောစကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။”—ဧဖက် ၄:၂၅။
‘ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးစေနှင့်။’—ဧဖက် ၄:၂၈။
“ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုသည် အသရေရှိသည်ဟု မှတ်စေလော့။ သူ့အိပ်ရာကိုလည်း မညစ်ညူးစေနှင့်။”—ဟေဗြဲ ၁၃:၄၊ သမ္မာ။
ကောင်းသောဆက်ဆံရေးခိုင်မြဲအောင် ကြိုးပမ်းခြင်း
“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မဿဲ ၇:၁၂။
“[လင်ယောက်ျား] သည် . . . ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။”—ဧဖက် ၅:၃၃။
“တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် . . . အပြစ်ကိုလွှတ်ကြလော့။”—ကောလောသဲ ၃:၁၃။
သဘောထားကွဲလွဲမှုကို ရှောင်ခြင်းနှင့် ရင်ဆိုင်ဖြေရှင်းခြင်း
“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။”—ရောမ ၁၂:၁၇။
“မေတ္တာသည် သည်းခံတတ်၏။ ကြင်နာသနားတတ်၏။ . . . သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။”—၁ ကောရိန္သု ၁၃:၄၊ ၅၊ ခမ။
“အမျက်မပြေဘဲ နေမဝင်စေနှင့်။”—ဧဖက် ၄:၂၆။