“ယေဟောဝါ၊ ကျေးဇူးပြု၍ ကိုယ်တော့်အမှုတော် ဆောင်ခွင့်ပြုပါ”
“ယေဟောဝါ၊ ကျေးဇူးပြု၍ ကိုယ်တော့်အမှုတော် ဆောင်ခွင့်ပြုပါ”
ဒဲန်ယယ်လ် ဟောလ် ပြောပြသည်
ကျွန်မ ငယ်ငယ်တုန်းက ဘေးအိမ်မှာနေတဲ့ အဘွားဆီ သွားလည်ရတာ သဘောကျတယ်။ အဘွားဟာ နေ့လယ်နေ့ခင်းတိုင်း တစ်မှေးအိပ်စက်လေ့ရှိတယ်။ အဲဒီအချိန်မှာ သူ့ဆီသွားလည်ရင် အိပ်ရာပေါ်မှာအတူထိုင်ပြီး ကျမ်းစာပုံပြင်တွေကို ဖတ်ပြတယ်။ “သမီးကို ယေဟောဝါချစ်တယ်ဆိုတာ ဘယ်တော့မှမမေ့နဲ့။ ယေဟောဝါကို သမီးချစ်ရင်သမီးကို ကိုယ်တော်အမြဲစောင့်ရှောက်လိမ့်မယ်” လို့ အဘွားက ကျွန်မကို မကြာခဏပြောပြတယ်။ အဘွားရဲ့စကားတွေက ဖျောက်ဖျက်လို့မရအောင် ကျွန်မစိတ်ထဲစွဲနေတယ်။
အဘွားဆုံးသွားတဲ့ ၁၉၇၇ ခုနှစ်မှာ ကျွန်မအသက်က လေးနှစ်ပဲရှိသေးတယ်။ ဩစတြေးလျနိုင်ငံက ကျွန်မတို့ရဲ့ဇာတိမြို့ဖြစ်တဲ့ မိုအီ မြို့မှာရှိတဲ့ အဖေရဲ့ဆွေမျိုးအားလုံးလိုပဲ အဘွားဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်။ ကျွန်မရဲ့မိဘတွေဟာ သက်သေခံတွေမဟုတ်ကြပေမဲ့ အဖေကတော့ သက်သေခံတွေကို သဘောကျတယ်။ နောက်ပိုင်းမှာ နယူးဆောက်ဝေးလ်ကမ်းရိုးတန်းအနီးက တင်တန်ဘာရ် မြို့လေးကို ကျွန်မတို့မိသားစု ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ ကျွန်မရဲ့အစ်ကို ဂျေမီ နဲ့ ကျွန်မဟာ အဖေနဲ့အတူ ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးတွေကို ရံဖန်ရံခါ သွားတက်တယ်။
ကျွန်မ ရှစ်နှစ်အရွယ်ရောက်တော့ ကျွန်မရဲ့မိဘနှစ်ပါးဟာ ခွဲနေကြတယ်။ အဖေက မိုအီ မြို့ကို ပြန်သွားပြီး ဂျေမီနဲ့ ကျွန်မကတော့ အမေနဲ့အတူနေရစ်ခဲ့တယ်။ အမေက ကျမ်းစာကို စိတ်မဝင်စားဘူး။ သက်သေခံတွေရဲ့ အစည်းအဝေးတွေ တက်တာကိုလည်း မကြိုက်ဘူး။ ဒါကြောင့် ကျွန်မအရမ်းဝမ်းနည်းတယ်။ စိတ်ထဲစွဲနေတဲ့ အဘွားရဲ့စကားကို ကျွန်မ ပြန်သတိရတယ်။ ယေဟောဝါကို ကျွန်မချစ်တယ်ဆိုတာ ကျွန်မသိတယ်။ ပြီးတော့ ကိုယ်တော့်အမှုတော်ကိုလည်း ထမ်းဆောင်ချင်တယ်။ ဒါကြောင့် ယေဟောဝါထံ ဆုတောင်းပြီး ကျွန်မလည်း ကိုယ်တော်ရဲ့သက်သေတစ်ဦးဖြစ်တယ်ဆိုတာ ပြောပြတယ်။ ဂျေမီလည်း ဒီလိုပဲခံစားခဲ့ရတယ်။
ကျောင်းတွင်ကြုံရသော စမ်းသပ်မှုများ
အဲဒီနောက်မကြာခင်၊ ကျောင်းမှာ ဆရာက ကျောင်းမှတ်တမ်းစာအုပ်ထဲမှာ ရေးမှတ်ဖို့ ကိုယ်ကိုးကွယ်တဲ့ဘာသာကို အတန်းသားတစ်ဦးစီကို အသံကျယ်ကျယ်နဲ့ပြောခိုင်းတယ်။ ဂျေမီအလှည့်ရောက်တော့ ဂျေမီက ကျယ်လောင်၊ ပြတ်သားတဲ့အသံနဲ့ “ယေဟောဝါသက်သေ” လို့ပြောလိုက်တယ်။ ဆရာက ခဏရပ်ပြီး ပြန်ဖြေခိုင်းတဲ့အခါ ဂျေမီက အရင်အတိုင်းပဲ ပြန်ဖြေတယ်။ ဆရာက “ငါတော့မထင်ဘူး။ နောက်မှ မင်းဆီ ငါပြန်လာခဲ့မယ်” လို့ပြောတယ်။ ကျွန်မအလှည့်ရောက်တော့ ကျွန်မလည်း “ယေဟောဝါသက်သေ” လို့ အသံကျယ်ကျယ်နဲ့ပြောလိုက်တယ်။ ဆရာစိတ်ပျက်သွားပြီး ကျောင်းအုပ်ကြီးကို ခေါ်လိုက်တယ်။
“ငါ့ဆီမှာ မင်းတို့ရဲ့ ကျောင်းအပ်တဲ့စာရွက်စာတမ်းတွေရှိတယ်။ မင်းတို့ရဲ့မိဘတွေက မင်းတို့ကို ယေဟောဝါသက်သေတွေဆိုပြီး စာရင်းမပေးထားဘူး” ဟု ကျောင်းအုပ်ကြီးက အခိုင်အမာပြောတယ်။ “ဒီဘာသာက ကျွန်မတို့ ကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်” လို့ လေးလေးစားစား ပြန်ဖြေလိုက်တယ်။ ကျောင်းအုပ်ကြီးရော ဆရာပါ အဲဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောတော့ဘူး။
ကျောင်းမှာ အတန်းဖော်တွေကို ကျွန်မရဲ့ကျမ်းစာအသိပညာ အနည်းငယ်ဝေမျှဖို့ ကြိုးစားခဲ့တယ်။ ကျွန်ုပ်၏ကျမ်းစာပုံပြင် * စာအုပ်ကိုယူသွားပြီး ဘုရားသခင်ကိုယုံကြည်တဲ့ မိန်းကလေးတစ်ဦးကို တစ်ခါတလေ ဖတ်ပြတတ်တယ်။ ဒါပေမဲ့ ခရစ်ယာန်စံနှုန်းတွေနဲ့အညီနေထိုင်ဖို့ ကြိုးစားတဲ့အတွက် လူတွေက ကျွန်မကို မကြိုက်ကြဘူး။ ဒါကြောင့် တစ်ခါတလေ အဖော်မဲ့ပြီး စိတ်အားငယ်မိတယ်။
ယေဟောဝါထံ ထက်ထက်သန်သန်နဲ့ မကြာခဏဆုတောင်းလို့ ကိုယ်တော်ဟာ ကျွန်မရဲ့အရင်းနှီးဆုံး မိတ်ဆွေဖြစ်လာတယ်။ နေ့တိုင်း ကျောင်းဆင်းလာတာနဲ့ ကျွန်မရဲ့အိပ်ရာပေါ်မှာထိုင်ပြီး တစ်နေ့တာဖြစ်ခဲ့သမျှအသေးစိတ်ကို ယေဟောဝါထံ ရင်ဖွင့်ပြောပြတယ်။ ကျွန်မ မကြာခဏငိုခဲ့ရတယ်။ “ယေဟောဝါ၊ ကျေးဇူးပြု၍ ကိုယ်တော့်လူမျိုးတော်နဲ့အတူ အမှုဆောင်ခွင့်ပြုပါ” လို့ ငိုယိုပြီးအသနားခံခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် စိတ်ထဲပေါ့သွားသလို အမြဲခံစားရတယ်။
ခွန်အားပေးသော စာတစ်စောင်
ကျွန်မအသက်ဆယ်နှစ်မှာ ဂျေမီက အဖေနဲ့အတူနေဖို့ မိုအီ မြို့ကို ပြန်သွားတယ်။ အခုဆိုရင် ကျွန်မဟာ ဝိညာဉ်ရေးနဲ့ ပိုတောင်ဝေးသွားပြီ။ အဲဒီနောက် ဘေးအိမ်ကို သွားလည်တဲ့အခါ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ မဂ္ဂဇင်းတချို့ကို တွေ့ခဲ့ရတယ်။ ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ ဒေသခံဌာနခွဲရုံးလိပ်စာကို အလွတ်ကျက်လိုက်ပြီး ရေးမှတ်ထားဖို့ အိမ်ကို အလောတကြီးပြန်လာတယ်။ ကျွန်မရဲ့အခြေအနေကိုရှင်းပြပြီး ဝိညာဉ်ရေးအကူအညီတောင်းခံတဲ့ ရင်ဖွင့်စာတစ်စောင် ဌာနခွဲရုံးကို ရေးလိုက်တယ်။ ကျွန်မအတွက်ပဲရေးထားတဲ့ သူတို့ရဲ့ နှစ်မျက်နှာရှည်ပြီး စိတ်လှုပ်ရှားစေတဲ့ပြန်စာကို ဖတ်ရတဲ့အခါ ကျွန်မရဲ့မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လာတယ်။ ဒါက ကျွန်မဟာ ယေဟောဝါအတွက် တန်ဖိုးရှိတဲ့သူဖြစ်တယ်ဆိုတဲ့ သက်သေပဲ။
ကျမ်းစာခေတ်က ရှုရိစစ်ဗိုလ်ချုပ်နေမန်ရဲ့ အစေခံတစ်ဦးဖြစ်တဲ့ ဣသရေလလုံမငယ်လေးရဲ့ ယုံကြည်ခြင်းကိုတုပဖို့ စာထဲမှာ ကျွန်မကို တိုက်တွန်းထားတယ်။ သုံ့ပန်းတစ်ဦးဖြစ်ပြီး မိမိရဲ့မွေးရပ်မြေနဲ့ဝေးရာမှာ နေရပေမဲ့ အဲဒီလုံမငယ်လေးဟာ ယေဟောဝါဘုရားသခင်နဲ့ နီးနီးကပ်ကပ်ရှိနေခဲ့တယ်။ ဒါ့အပြင် သူရဲ့ယုံကြည်ခြင်းအကြောင်း သတ္တိရှိရှိဟောပြောခြင်းအားဖြင့် သူဟာ ကိုယ်တော်အတွက် စစ်မှန်တဲ့သက်သေတစ်ဦးဖြစ်တယ်ဆိုတာ ပြသခဲ့တယ်။—၄ ဓမ္မရာဇဝင် ၅:၁-၄။
ဌာနခွဲရုံးကစာထဲမှာ ဒီလိုဖော်ပြထားသေးတယ်– “ငယ်ရွယ်တဲ့မိန်းကလေးတစ်ဦးအနေနဲ့ သင်ဟာ မိဘတွေရဲ့စကားနားထောင်ပြီး ကျောင်းမှာစာကြိုးစားခြင်းအားဖြင့် ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်သင့်တယ်။ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းဖြင့်လည်း ယေဟောဝါနဲ့ နီးနီးကပ်ကပ်ရှိနေဖို့လိုတယ်။” စာရဲ့နိဂုံးမှာ “ဒဲန်ယယ်လ်၊ ကျွန်ုပ်တို့ ဘယ်နေရာမှာပဲနေရပါစေ ယေဟောဝါက ကျွန်ုပ်တို့အနားမှာ အမြဲရှိနေတယ်။ ဒါကို သင်ယုံကြည်တယ်ဆိုတာ ကျွန်ုပ်တို့သိပါတယ်” လို့ရေးထားတယ်။ (ရောမ ၈:၃၅-၃၉) အခုဆိုရင် ဖတ်ဖန်များလို့ ဟောင်းနွမ်းပြီး ဆွေးရိနေတဲ့ အဲဒီစာဟာ ကျွန်မရဲ့ကျမ်းစာအုပ်ထဲမှာ ရှိသေးတယ်။ နှစ်တွေတစ်လျှောက်မှာ အဲဒီစာကို ကျွန်မ မကြာခဏဖတ်တယ်။ ဖတ်တဲ့အခါတိုင်း မျက်ရည်ကျရတယ်။
သိပ်မကြာခင်မှာ နောက်စာတစ်စောင်ကို ကျွန်မရရှိခဲ့တယ်။ အဲဒီစာထဲမှာ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို စာတိုက်ကတစ်ဆင့်ရရှိနိုင်အောင် ကျွန်မအတွက် အဖေစီစဉ်ပေးထားတယ်လို့ ရေးထားတယ်။ ကျွန်မအရမ်းပျော်သွားတယ်။ အခုဆိုရင် ဝိညာဉ်အစာ ပုံမှန်ရရှိနေပြီ။ မဂ္ဂဇင်းတွေရောက်လာတိုင်း အစကနေအဆုံးထိ ဖတ်တယ်။ တန်ဖိုးရှိတဲ့ ဒီမဂ္ဂဇင်းတွေထဲက ပထမဆုံးရရှိခဲ့တဲ့စာစောင်တွေ အခုထိရှိနေတုန်းပဲ။ အဲဒီအချိန်လောက်မှာ ဒေသခံအသင်းတော်က ခရစ်ယာန်အကြီးအကဲတစ်ဦး ကျွန်မဆီ စတင်လည်ပတ်ခဲ့တယ်။ သူ့ရဲ့လည်ပတ်မှုတွေက ခဏပဲကြာပေမဲ့ အရမ်းအားရှိတယ်။
ပြောင်းလဲမှုများက တိုးတက်မှုကို ဖြစ်ပေါ်စေ
ကျွန်မရဲ့ဝိညာဉ်ရေးအခြေအနေ တိုးတက်နေပေမယ့်လည်း ယေဟောဝါကို လွတ်လွတ်လပ်လပ်ဝတ်ပြုဖို့ ဆန္ဒပြင်းပြနေတုန်းပဲ။ ဒါကြောင့် ကျွန်မအသက် ၁၃ နှစ်ရောက်တဲ့အခါ အဖေနဲ့အတူနေလို့ရမလားလို့ အမေ့ကိုမေးခဲ့တယ်။ ကျွန်မကို အမေအရမ်းချစ်သလို ကျွန်မလည်း အမေ့ကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့အမှုတော်ဆောင်ဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားတယ်။ အမေသဘောတူတဲ့အတွက် မိုအီ မြို့ကို ကျွန်မပြန်သွားပြီး ဒေသခံအသင်းတော်နဲ့အတူ ကျမ်းစာစလေ့လာတယ်။ အဖေ့ခွင့်ပြုချက်နဲ့ ဂျေမီနဲ့ ကျွန်မဟာ အစည်းအဝေးအားလုံးကိုလည်း တက်ခဲ့ကြတယ်။ ဒေသခံသက်သေခံတွေဟာ ကျွန်မတို့ကို အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြတယ်။ ဂျေမီနဲ့ကျွန်မ ဝိညာဉ်ရေးမှာ မြန်မြန်ဆန်ဆန်တိုးတက်လာပြီးနောက် ကျွန်မတို့ဟာ လအနည်းငယ်ခြားပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ကျွန်မငယ်ငယ်တုန်းက တောင်းခဲ့တဲ့ ဆုတောင်းချက် ဖြေကြားခံခဲ့ရတာအမှန်ပဲ။ ကျွန်မ ယေဟောဝါရဲ့အမှုတော်ကို ကိုယ်တော့်လူမျိုးတော်နဲ့အတူ ထမ်းဆောင်ခွင့်ရခဲ့တယ်။
ဒီအတောအတွင်းမှာ ကျွန်မရဲ့ဦးလေးနဲ့အဒေါ်ဖြစ်ကြတဲ့ ဖိလစ်နဲ့ လော်ရန်တေလာ တို့နဲ့ အရမ်းခင်မင်ရင်းနှီးလာတယ်။ သူတို့လည်း မိုအီအသင်းတော်ကပဲဖြစ်တယ်။ ကျွန်မကို သမီးလေးတစ်ယောက်လို သူတို့ဆက်ဆံတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသူတွေ ပိုပြီးလိုအပ်တဲ့နေရာမှာအမှုဆောင်ဖို့ ပါပူဝါ နယူးဂီနီနိုင်ငံ၊ ဘူးဂန်ဗယ်လ်ကျွန်းကို ပြောင်းရွှေ့ရတဲ့အခါ သူတို့နဲ့အတူလိုက်ဖို့ ကျွန်မကိုဖိတ်ခေါ်တော့ ချက်ချင်းလက်ခံလိုက်တယ်။ ကျွန်မအသက် ၁၅ နှစ်ပဲရှိသေးပေမဲ့ အဖေနဲ့အမေက ကျွန်မကို လိုက်သွားခွင့်ပြုခဲ့တယ်။
ဘူးဂန်ဗယ်လ်ကျွန်းမှာ ကျွန်မ စာပေးစာယူနဲ့ ကျောင်းဆက်တက်တယ်။ ကျောင်းစာလုပ်တာကလွဲရင် ကျွန်မရဲ့အချိန်အများစုကို သက်သေခံဟောပြောရာမှာ အသုံးပြုခဲ့တယ်။ ခရစ်ယာန်သာသနာပြုတွေ၊ ရှေ့ဆောင်တွေနဲ့အတူ အမှုဆောင်ရတာ တကယ့်ကိုပျော်စရာပဲ။ ဒေသခံပြည်သူတွေဟာ ကျွန်မတွေ့ခဲ့ဖူးသမျှထဲမှာ နှိမ့်ချမှုအရှိဆုံးပဲဆိုတာ သေချာတယ်။ အများစုက ကျမ်းစာလေ့လာဖို့ ထက်သန်ကြတယ်။
အဲဒီနှစ်နောက်ပိုင်းမှာ နိုင်ငံရေးပဋိပက္ခဖြစ်ပြီး အန္တရာယ်များလွန်းတဲ့အတွက် အဲဒီမှာ ကျွန်မဆက်နေလို့မဖြစ်တော့ဘူး။ ကျွန်းလေးနဲ့ ချစ်စရာကောင်းတဲ့ ကျွန်းသူကျွန်းသားတွေကို စွန့်ခွာရတာ ကြေကွဲစရာပဲ။ လေယာဉ်ငယ်လေးတစ်စင်းနဲ့ ကျွန်မထွက်ခွာချိန်မှာ လေယာဉ်ပြေးလမ်းပေါ် မတ်တတ်ရပ်ပြီး လက်ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ ဦးလေးဖိလစ်ကို မြင်နေရတယ်။ ကျွန်မ ချုံးပွဲချငိုပစ်လိုက်ပြီး တစ်နေ့နေ့မှာ ခရစ်ယာန်သာသနာပြုတစ်ဦးအနေနဲ့ တိုင်းတစ်ပါးမှာ အမှုတော်ဆောင်ခွင့်ပြုပါလို့ ယေဟောဝါထံ တိတ်တိတ်လေးအသနားခံလိုက်တယ်။
နောက်ထပ်ဆုတောင်းချက်များ ဖြေကြားခံရ
ဩစတြေးလျကိုပြန်ရောက်ပြီး အထက်တန်းကျောင်းပြီးတဲ့နောက် ဥပဒေအကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ ရုံးဝန်ထမ်းအလုပ်သင်တစ်ဦးအနေနဲ့ အလုပ်ဝင်ခဲ့တယ်။ ဒီအတောအတွင်းမှာ အဖေက နောက်အိမ်ထောင်ပြုပြီး မိထွေးပထွေးမိသားစုကြီးကို ကျွေးမွေးစောင့်ရှောက်နေရတယ်။ ဂျေမီက အမေနဲ့အတူနေတယ်။ ကျွန်မကတော့ အချိန်အတန်ကြာတဲ့အထိ မိဘနှစ်ဦးစလုံးဆီမှာ တစ်လှည့်စီနေခဲ့တယ်။ ဘဝဟာ ခက်ခဲရှုပ်ထွေးနေပုံရတယ်။ ကျွန်မရဲ့ဘဝကို ရိုးရှင်းအောင်ထားပြီး ဝိညာဉ်ရေးပန်းတိုင်တွေအပေါ် အာရုံစိုက်ဖို့လိုခဲ့တယ်။ ဒါကြောင့် ၁၉၉၄ ခုနှစ်ရောက်တော့ မိုအီ မြို့မှာ ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ခဲ့တယ်။
ကျွန်မ ပျော်ခဲ့ရပြန်တယ်။ ကျွန်မရဲ့မိတ်ဆွေတွေဟာ အသင်းတော်ထဲက ဝိညာဉ်ရေးစိတ်ဝင်စားတဲ့ လူငယ်တွေဖြစ်တယ်။ ကျွန်မကို သူတို့ အများကြီးကူညီပေးခဲ့ကြတယ်။ အမှန်အတိုင်းပြောရရင် ၁၉၉၆ ခုနှစ်မှာ အဲဒီမိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့ ဝေလ် ဆိုတဲ့သူနဲ့ ကျွန်မလက်ထပ်လိုက်တယ်။ ဝေလ် ဟာ အပြောအဆိုသိမ်မွေ့ရုံမက ကြင်နာတတ်ပြီး နှိမ့်ချမှုရှိတယ်။ သူဟာ ကျွန်မအတွက် ယေဟောဝါပေးတဲ့ စစ်မှန်တဲ့ကောင်းချီးပါပဲ။
အိမ်ထောင်သည်ဘဝနဲ့ ကျွန်မတို့အခြေချခဲ့ကြတယ်။ ကျွန်မတို့ရဲ့ပျော်ရွှင်မှုဟာ ပြီးပြည့်စုံပုံရတယ်။ တစ်နေ့မှာ ဝေလ် ဟာ ကျွန်မတို့နယ်မြေအတွင်းမှာရှိတဲ့ အသင်းတော်တွေထံ လည်ပတ်ရတဲ့ နယ်လှည့်ကြီးကြပ်မှူးနဲ့အတူ အမှုဆောင်ပြီးနောက် အိမ်ကို ပြန်ရောက်လာတယ်။ ဝေလ် က ကျွန်မကို ထိုင်ခိုင်းပြီး “တခြားအသင်းတော်တစ်ခုကို အကူအညီပေးဖို့ ပြောင်းရွှေ့နိုင်မလား” လို့မေးတယ်။ ကျွန်မစိတ်ထဲမှာတော့ ပြောင်းရွှေ့နိုင်တယ်လို့ ချက်ချင်းဖြေလိုက်တယ်။ ဒါပေမဲ့ ကျွန်မက “ဘယ်နေရာလဲ၊ ဗန္နူအာတူ ကိုလား၊ ဖီဂျီ ကိုလား” လို့နောက်ပြီးမေးလိုက်တယ်။ ဝေလ် က မိုရ်ဝယ်လ်အသင်းတော်ကို ပြောင်းရမှာလို့ ပြန်ဖြေတဲ့အခါ “အဲဒီအသင်းတော်က ကျွန်မတို့နဲ့နီးနီးလေးပဲ” လို့လွှတ်ခနဲပြောလိုက်တယ်။ ကျွန်မတို့နှစ်ဦးစလုံး ရယ်လိုက်ကြပြီး ရှေ့ဆောင်တွေအနေနဲ့ အိမ်နီးချင်းအသင်းတော်ကို လိုလိုလားလားပြောင်းရွှေဖို့ ချက်ချင်းသဘောတူခဲ့ကြတယ်။
မိုရ်ဝယ်လ် မှာရှိနေတဲ့ နောက်သုံးနှစ်အတွင်းမှာ ပျော်ရွှင်ပြီး အကျိုးရှိခဲ့တယ်။ အဲဒီနောက် နောက်ထပ်အံ့သြစရာ ဖြစ်ပျက်လာပြန်တယ်။ အထူးရှေ့ဆောင်တွေအနေနဲ့အမှုဆောင်ဖို့ ယေဟောဝါသက်သေတွေရဲ့ ဩစတြေးလျဌာနခွဲရုံးက ဖိတ်ခေါ်စာတစ်စောင်ကို ကျွန်မတို့ရရှိတယ်။ ကျွန်မတို့တာဝန်ကျတဲ့နေရာက အင်ဒိုနီးရှားကျွန်းစုရဲ့ အရှေ့စွန်းမှာရှိတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အရှေ့တီမောဖြစ်တယ်။ ကျွန်မရဲ့မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လာတယ်။ ကျွန်မရဲ့ဆုတောင်းချက်အားလုံးကို ဖြေကြားပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ ကျွန်မကို ကိုယ်တော်ရဲ့ကျေးကျွန်အဖြစ် လက်ခံတဲ့အပြင် အခုဆိုရင် ကျွန်မခင်ပွန်းနဲ့ ကျွန်မကို တိုင်းတစ်ပါးမှာအမှုဆောင်ဖို့လည်း ခွင့်ပြုခဲ့တယ်။
နိုင်ငံရပ်ခြားတွင် အမှုဆောင်ခြင်း
၂၀၀၃၊ ဇူလိုင်မှာ မြို့တော်ဒီလီကို ကျွန်မတို့ရောက်ခဲ့ကြတယ်။ တစ်နိုင်ငံလုံးမှာ တစ်ခုတည်းပဲရှိတဲ့ ဒီလီအသင်းတော်မှာ ဩစတြေးလျနိုင်ငံက အထူးရှေ့ဆောင် ၁၃ ဦးနဲ့ ဒေသခံသက်သေခံအနည်းငယ်ပဲရှိတယ်။ တီမောက ညီအစ်ကိုညီအစ်မတွေ အရမ်းဆင်းရဲကြတယ်။ သူတို့အများစုဟာ ၁၉၉၉ ခုနှစ်မှာပြီးဆုံးသွားတဲ့ ၂၄ နှစ်ကြာ ပြည်တွင်းစစ်အတွင်းမှာ ပစ္စည်းဥစ္စာနဲ့ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ကြရတယ်။ လူအတော်များများဟာ ယုံကြည်ချက်အသစ်ကြောင့် မိသားစုရဲ့ဆန့်ကျင်မှုကိုလည်း အပြင်းအထန်ခံခဲ့ကြရတယ်။ ဆင်းရဲခက်ခဲမှုတွေကြုံရပေမဲ့ သူတို့ဟာ ဝိညာဉ်ရေးမှာကြွယ်ဝပြီး ပျော်ရွှင်နေကြတယ်။—ဗျာ. ၂:၈၊ ၉။
တီမောနိုင်ငံသားအများစုဟာ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာကို လေးမြတ်တာ ကျွန်မတို့တွေ့ ခဲ့ကြရတယ်။ မကြာခင်မှာပဲ ကျွန်မတို့ကျင်းပနိုင်တာထက်ပိုများတဲ့ ကျမ်းစာသင်အံမှုတွေရရှိခဲ့တယ်။ အချိန်အတန်ကြာတဲ့အခါ ကျွန်မတို့ရဲ့ အစောပိုင်းသင်သားတွေထဲက တချို့ဟာ နှစ်ခြင်းခံပြီးတဲ့ ညီအစ်ကိုညီအစ်မတွေဖြစ်လာပြီး ကျွန်မတို့နဲ့အတူ အမှုဆောင်ကြတယ်။ သူတို့ရဲ့ ဝိညာဉ်ရေးတိုးတက်မှုကို မြင်ရတဲ့အခါ ကျွန်မတို့အရမ်းဝမ်းသာတယ်။
အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ ဒီလီမြို့ရဲ့အခြေအနေက ဖရိုဖရဲဖြစ်သွားပြန်တယ်။ လူမျိုးစုမတူတဲ့အုပ်စုတွေကြားက တင်းမာမှုတွေဟာ ထိန်းမနိုင်သိမ်းမရအခြေအနေကို လုံးလုံးရောက်ရှိသွားတယ်။ အိမ်တွေကို လုယက်ကြတယ်၊ ဒါမှမဟုတ် ပြာပုံဖြစ်တဲ့အထိ မီးရှို့ ကြတယ်။ ဒေသခံသက်သေခံတွေဟာ အထူးရှေ့ဆောင်တွေရဲ့အိမ်တွေမှာ ခိုလှုံကြရတယ်။ ကျွန်မတို့အိမ်နဲ့ ဝင်းခြံဟာ ယာယီခိုလှုံရေးစခန်းအသွင် ပြောင်းသွားတယ်။ တစ်ခါကဆိုရင် လူတစ်ရာနီးပါးလောက် ကျွန်မတို့နဲ့အတူနေကြတယ်။ ကျွန်မတို့ ကားထားတဲ့နေရာဟာ မီးဖိုဆောင်၊ ထမင်းစားခန်းနဲ့ ယာယီဘုရားသခင့်နိုင်ငံတော်ခန်းမဖြစ်သွားတယ်။
အနီးအနားမှာ သေနတ်သံတွေ၊ လက်ပစ်ဗုံးပေါက်ကွဲသံတွေ ကြားနေရပေမဲ့ ကျွန်မတို့ရဲ့ ရှေ့ဆောင်အိမ်ကတော့ ငြိမ်သက်နေတဲ့ ခိုလှုံရာနေရာတစ်ခုဖြစ်ခဲ့တယ်။ ကျွန်မတို့အားလုံး ယေဟောဝါရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံစားကြရတယ်။ နေ့ရက်တိုင်းကို အုပ်စုလိုက် ကျမ်းချက်တစ်ချက်ဆွေးနွေးတာနဲ့ အစပြုခဲ့ကြတယ်။ အစည်းအဝေးတွေကို ခါတိုင်းလိုပဲကျင်းပတယ်။ စိတ်ဝင်စားသူတွေနဲ့လည်း ကျမ်းစာသင်အံမှုတွေ ကျင်းပခဲ့ကြတယ်။
ရက်သတ္တပတ်တွေ ကုန်လွန်လာတာနဲ့အမျှ ဒီလီမြို့မှာဆက်နေမယ်ဆိုရင် နိုင်ငံရဲ့အရှေ့ပိုင်းမှာမွေးဖွားခဲ့တဲ့ ညီအစ်ကိုတွေအတွက် အန္တရာယ်ရှိတယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် တာဝန်ရှိတဲ့ သက်သေခံညီအစ်ကိုတွေက ဒီလီမြို့ရဲ့အရှေ့ဘက် သုံးနာရီခရီးအကွာမှာတည်ရှိတဲ့ ဒုတိယအကြီးဆုံးမြို့တော် ဘောင်ကောင်မှာ အုပ်စုသစ်တစ်ခုဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ဝေလ် နဲ့ ကျွန်မ တာဝန်သစ်တစ်ခုရရှိခဲ့တယ်။
ကျွန်မတို့ အရှေ့တီမောကိုရောက်ပြီး သုံးနှစ်နီးပါးအကြာ ၂၀၀၆၊ ဇူလိုင်လမှာ ဘောင်ကောင် ကို ရောက်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့အုပ်စုအသစ်မှာ အထူးရှေ့ဆောင်လေးဦးနဲ့ တီမောနိုင်ငံသားသက်သေခံခြောက်ဦးရှိတယ်။ ဒေသခံညီအစ်ကိုညီအစ်မတွေဟာ ဒီလီမြို့မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်ရာအားလုံးကို စွန့်ခွာခဲ့ကြရပေမဲ့ အပြုံးမပျက်ခဲ့ကြဘူး။ သူတို့ရဲ့တည်ကြည်မှုနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကျွန်မတို့ တကယ်လေးစားတယ်။
ဝေလ် နဲ့ ကျွန်မဟာ ဘောင်ကောင် မှာ အခုထိ အမှုဆောင်နေတုန်းပဲ။ ကျွန်မတို့ ရရှိထားတဲ့တာဝန်ကို မြတ်နိုးပြီး ယေဟောဝါထံတော်က နောက်ထပ်ကောင်းချီးအဖြစ် ရှုမြင်ကြတယ်။ အတိတ်ကိုပြန်ပြောင်းသုံးသပ်ကြည့်ရင် အဘွားပြောတာ မှန်တယ်ဆိုတာ သိလာရတယ်။ နှစ်ကာလတွေတစ်လျှောက် ကျွန်မကို ယေဟောဝါ အမြဲကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ ကျွန်မကို ကိုယ်တော့်လူမျိုးနဲ့အတူ အမှုဆောင်ခွင့်ပြုတဲ့အတွက် ကိုယ်တော်ကို အမြဲကျေးဇူးတင်နေတယ်။ ရှင်ပြန်ထမြောက်ချိန်မှာ အဘွားနဲ့ပြန်တွေ့ဖို့လည်း စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ အမှန်တကယ်ပျော်ရွှင်ပြီး အကျိုးရှိတဲ့အသက်တာကို လမ်းညွှန်ပြသပေးတဲ့အတွက် အဘွားကို ကျေးဇူးတင်ပါတယ်လို့ အဲဒီအခါကျမှ ပြောနိုင်မှာဖြစ်တယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အဘွားနဲ့အတူ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ကျွန်မရဲ့ခင်ပွန်း ဝေလ် နဲ့အတူ