သင့်အား “မှန်သောအသက်” သို့ ဘုရားသခင် လမ်းညွှန်ပါစေ
သင့်အား “မှန်သောအသက်” သို့ ဘုရားသခင် လမ်းညွှန်ပါစေ
လမ်းညွှန်သူမည်သူမဆိုအတွက် မရှိမဖြစ်လိုအပ်သောအရည်အသွေးမှာ ယုံကြည်ကိုးစားထိုက်မှုဖြစ်၏။ သမ္မာကျမ်းစာ၏ အာဘော်ရှင် ယေဟောဝါအား သိကျွမ်းကြသူတို့က ကိုယ်တော်သည် ရှိသမျှတွင် အားအကိုးထိုက်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း လက်ခံယုံကြည်ကြသည်။ ကိုယ်တော်သည် “မုသာနှင့်ကင်းစင်တော်မူ” ၏။ (တိတု ၁:၁၊ ၂; ၂ တိမောသေ ၃:၁၆) ဣသရေလလူမျိုးကို ကတိထားရာပြည်တော်သို့ ဦးဆောင်သွားခဲ့ပြီး ဘုရားသခင်အား ကြောက်ရွံ့သူဖြစ်သည့် ယောရှုကိုယ်တိုင်က ယေဟောဝါသည် ယုံကြည်ကိုးစားထိုက်ကြောင်း သက်သေခံခဲ့သည်။ ဣသရေလလူမျိုးကို သူ ဤသို့တိုက်ရိုက်ပြောဆိုခဲ့သည်– ‘သင်တို့၏ဘုရားသခင်သည် သင်တို့အကြောင်းနှင့်စပ်၍ မိန့်တော်မူသော ကတိတော်မြတ်တစ်စုံတစ်ခုမျှ မပြည့်စုံဘဲမနေ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှပါ သိကြ၏။’—ယောရှု ၂၃:၁၄၊ သမ္မာ။
ယောရှုခေတ်ကတည်းက ကျမ်းစာပရောဖက်ပြုချက်များစွာ ပြည့်စုံခဲ့လေပြီ။ အပြစ်ဆိုဖွယ်မရှိသော ဤမှတ်တမ်းက ပြည့်စုံရဦးမည့် ပရောဖက်ပြုချက်များကို အခိုင်အမာယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းဖြစ်စေသည်။ အဆိုပါပရောဖက်ပြုချက်များအနက် များစွာမှာ ကမ္ဘာမြေကြီးနှင့် နာခံမှုရှိသောလူသားတို့အတွက် ထားတော်မူသော ဘုရားသခင့်ရည်ရွယ်ချက်နှင့်သက်ဆိုင်သည်။
ဘုရားသခင့်လမ်းညွှန်မှုမှ သင် အကျိုးရယူမည်လော
မေတ္တာ၏ပြယုဂ်ဖြစ်တော်မူသော ယေဟောဝါသည် ကျွန်ုပ်တို့အား အမြဲပင် ပျော်ရွှင်စေလိုတော်မူသည်။ (ယောဟန် ၁၇:၃; ၁ ယောဟန် ၄:၈) မှန်ပါသည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ဖြစ်သည့် “မှန်သောအသက်” ကိုခံစားစေလိုတော်မူ၏။ (၁ တိမောသေ ၆:၁၂၊ ၁၉) ထို့ကြောင့် ဘုရားသခင့်မိန့်မှာချက်ကို နာခံကြသည့် ခြောက်သန်းကျော်သော ယေဟောဝါ၏သက်သေများသည် ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်း’ ကို မိမိတို့၏အိမ်နီးချင်းများအား ဝမ်းမြောက်စွာ ဝေငှနေကြသည်။ (မဿဲ ၂၄:၁၄) လောလောဆယ်တွင် သူတို့သည် ဤလုပ်ငန်းကို မြေကြီးပေါ် ရှိရှိသမျှနိုင်ငံနီးပါးဖြစ်သော နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် လုပ်ဆောင်နေကြသည်။
ဘုရားသခင့်နိုင်ငံတော်သည် ယေရှုခရစ်အုပ်ချုပ်မှုအောက်ရှိ ကောင်းကင်အစိုးရဖြစ်၏။ (ဒံယေလ ၇:၁၃၊ ၁၄; ဗျာ. ၁၁:၁၅) ကိုယ်တော်အုပ်ချုပ်သည့်အခါ ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများကို လိုက်နာရန်ငြင်းဆန်သည့် ဆိုးယုတ်သူအားလုံးကို ဖျက်ဆီးပါလိမ့်မည်။ (ဆာလံ ၃၇:၁၀; ၉၂:၇) ထို့နောက် “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့” ကမ္ဘာမြေတစ်ခုလုံးသည်လည်း ‘ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၉။
ကမ္ဘာပေါ်နေထိုင်သူတိုင်း ဘုရားသခင်အား ‘ဝိညာဉ်နှင့်အမှန်တရား’ ဖြင့် ဝတ်ပြုကိုးကွယ်ကြပြီး ကိုယ်တော်၏ မေတ္တာပါသောညွှန်ကြားချက်နှင့် စုံလင်ပြည့်ဝသောစံနှုန်းများကို စိတ်လိုကိုယ်လျောက် လိုက်နာကြသည့်အခါ ငြိမ်သက်မှုနှင့် သွေးစည်းညီညွတ်မှုတို့ လွှမ်းမိုးသွားမည်ကို စဉ်းစားကြည့်လိုက်ပါ။ (ယောဟန် ၄:၂၄) အဆုံးတွင် လူတို့သည် ဘုရားသခင်ကတိပြုထားသည့် “မှန်သောအသက်” ကို ခံစားရပေလိမ့်မည်။
သို့သော် ကြိုပြောထားသည့်အတိုင်း လူအနည်းငယ်ကသာ ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံပြီး အသက်ရရှိကြပေမည်။ (မဿဲ ၇:၁၃၊ ၁၄) ထိုသူတို့အထဲတွင် သင်လည်း ပါဝင်လိုသလော။ ပါဝင်လိုလျှင် သမ္မာကျမ်းစာကို လေ့လာဆန်းစစ်ရန်နှင့် ဘုရားသခင့်ဆုံးမစကား၏ လမ်းညွှန်မှုကို ခံယူရန် ယေဟောဝါသက်သေများက သင့်အား စိတ်အရင်းခံဖြင့် ဖိတ်ခေါ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါသည် အမှန်တကယ်ပင် အလွန်ကောင်းမြတ်တော်မူကြောင်း သင်ကိုယ်တိုင် “မြည်းစမ်း၍” သိရပါလိမ့်မည်။ (ဆာလံ ၃၄:၈) ငှက်များကို ၎င်းတို့လိုရာခရီးသို့ရောက်ရန် ပင်ကိုအသိစိတ်က အမှန်ပင်လမ်းညွှန်ပေးသည့်နည်းတူ ယေဟောဝါသည်လည်း မိမိအပေါ်သစ္စာတည်ကြည်သူတို့ကို ပရဒိသုအသက်တာသို့ လမ်းညွှန်တော်မူလိမ့်မည်။—လုကာ ၂၃:၄၃။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။”—မဿဲ ၅:၅၊ ကဘ။
“စိတ်နှိမ့်ချသောသူတို့မူကားပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။
“ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။”—ဗျာ. ၂၁:၃၊ ၄။
“ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍စုံလင်သောသူတို့သည် ကျန်ကြွင်းကြရလိမ့်မည်။ဆိုးသောသူတို့မူကား ပြည်တော်မှပယ်ရှားခြင်း၊သစ္စာဖျက်သောသူတို့လည်း နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။”—သု. ၂:၂၁၊ ၂၂၊ သမ္မာ။