သင်သည် အရောင်ကန်းခြင်းဝေဒနာ ခံစားနေရပါသလော
သင်သည် အရောင်ကန်းခြင်းဝေဒနာ ခံစားနေရပါသလော
“ကျွန်တော်အဝတ်အစားဝတ်တဲ့အခါ ကျွန်တော်ရွေးတဲ့အရောင်တွေ လိုက်ဖက်ရဲ့လားဆိုတာကို ကျွန်တော့်ဇနီးက စစ်ဆေးပေးတယ်။ မနက်စာစားတဲ့အခါ အသီးမှည့်မမှည့်ဆိုတာ မခွဲခြားနိုင်တဲ့အတွက် သူကပဲ ရွေးပေးရတယ်။ အလုပ်မှာလည်း ကွန်ပျူတာအချက်အလက်တွေကို အရောင်နဲ့ ခွဲခြားထားလေ့ရှိလို့ ကွန်ပျူတာဖန်သားပြင်ပေါ်က ဘယ်နေရာကိုနှိပ်ရမယ်ဆိုတာ မသိနိုင်တာက အမြဲလိုလိုပဲ။ ကားမောင်းနေတဲ့အခါမှာလည်း ကျွန်တော့်အတွက် မီးနီနဲ့ မီးစိမ်းက အတူတူဖြစ်နေတယ်။ ဒါကြောင့်လင်းနေတဲ့မီးက အပေါ်ကလား၊ အောက်ကလားဆိုတာကို ဂရုစိုက်ရတယ်။ ဒါပေမဲ့ အလျားလိုက်ရှိနေတဲ့ ယာဉ်ကြောထိန်းအချက်ပြမီးတွေက ပြဿနာတစ်ခုဖြစ်နိုင်တယ်” ဟုရော့ဒ်နီကဆိုသည်။
ရော့ဒ်နီတွင် အရောင်ကန်းခြင်းဝေဒနာ ရှိနေ၏။ မျက်စိအတွင်းပိုင်းရှိ အလင်းရောင်ကိုအာရုံခံနိုင်သော မြင်လွှာကို ချွတ်ယွင်းမှုဖြစ်စေသည့် မျိုးရိုးလိုက်ရောဂါကို သူရရှိထားသည်။ ဥရောပမျိုးရိုးမှဆင်းသက်လာသူ အမျိုးသား ၁၂ ဦးတိုင်းတွင် တစ်ဦးခန့်နှင့် အမျိုးသမီး ၂၀၀ တိုင်းတွင် တစ်ဦးခန့်သည် ထိုအခြေအနေမျိုးရှိရာ ရော့တ်နီလည်း အပါအဝင်ဖြစ်သည်။ * ဝေဒနာသည်အများစုကဲ့သို့ပင် ရော့ဒ်နီသည် အနက်နှင့်အဖြူရောင်မှလွဲ၍ အရောင်အမျိုးမျိုးကို တွေ့မြင်နိုင်ပါသည်။ သို့သော် အချို့သောအရောင်များကိုမူ ပုံမှန်အမြင်အာရုံရှိသူတို့မြင်သကဲ့သို့ မမြင်ချေ။
လူ၏မျက်စိတွင် ပုံမှန်အားဖြင့် မြင်လွှာ၌ အရောင်ကိုအာရုံခံနိုင်သည့် ကတော့ပုံဆဲလ် သုံးမျိုးပါရှိသည်။ တစ်မျိုးစီသည် မူလအရောင်ဖြစ်သော အပြာ၊ အစိမ်း သို့မဟုတ် အနီရောင်တို့၏ လှိုင်းအလျားကိုသိနိုင်ရန် ပုံစံပြုထားခံရသည်။ လှိုင်းအလျားအမျိုးမျိုး၏အလင်းသည် ဦးနှောက်ကိုအချက်ပေးသော သက်ဆိုင်ရာကတော့ပုံဆဲလ်များကို လှုပ်ရှားစေကာ အရောင်များကို ခွဲခြားမြင်စေလေသည်။ * သို့သော် အရောင်ကန်းခြင်းဝေဒနာ ခံစားနေရသူတို့တွင် အရောင်တစ်ရောင် သို့မဟုတ် ထိုထက်များသောအရောင်များအပေါ် ကတော့ပုံဆဲလ်များ၏ အာရုံခံနိုင်စွမ်းမှာ အားနည်းနေရာ သို့မဟုတ် လှိုင်းအလျားအဖြစ် ပြောင်းလဲသွားရာ အရောင်အပေါ် ယင်းတို့၏တုံ့ ပြန်မှုကလည်း ပြောင်းလဲသွားလေသည်။ ဝေဒနာသည်အများစုသည် အဝါရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်နှင့် အညိုရောင်တို့ကို ခွဲခြားရခက်ကြသည်။ ဤချွတ်ယွင်းချက်က အညိုရောင်ပေါင်မုန့် သို့မဟုတ် အဝါရောင်ဒိန်ခဲပေါ်ရှိ အစိမ်းရောင်မှိုကို တွေ့မြင်ရန် အခက်တွေ့စေနိုင်သည်။ သို့မဟုတ် မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်ပိုင်ရှင်ကို မျက်လုံးစိမ်းစိမ်း၊ အနီရောင်ဆံပင်ပိုင်ရှင်နှင့် မခွဲခြားတတ်ဘဲဖြစ်စေနိုင်သည်။ လူတစ်ဦး၏ အနီရောင်ကိုအာရုံခံနိုင်သော ကတော့ပုံဆဲလ်များသည် အလွန်အားနည်းနေမည်ဆိုလျှင် အနီရောင်နှင်းဆီက အနက်ရောင်ဖြစ်သွားပေမည်။ ဝေဒနာသည်အနည်းစုမှာ အပြာရောင်ကို မတွေ့မြင်နိုင်ကြပေ။
အရောင်ကန်းခြင်းနှင့် ကလေးသူငယ်များ
အရောင်မြင်ခြင်း၌ ချွတ်ယွင်းမှုများသည် အများအားဖြင့် မျိုးရိုးလိုက်ခြင်းဖြစ်ရာ မွေးကတည်းက ပါလာခြင်းဖြစ်သည်။ ယင်းအခြေအနေဖြင့် မွေးဖွားလာသော ကလေးသူငယ်များသည် မသိစိတ်ဖြင့် အရောင်ကွဲပြားမှုကိုခွဲခြားရန် သင်ယူလေ့ရှိသည်။ ဥပမာ၊ အချို့သောအရောင်များ တစ်ခုနှင့်တစ်ခုကွဲပြားခြားနားမှုကို သူတို့မမြင်နိုင်သော်လည်း အရောင်များ ကွဲပြားခြားနားကြောင်း၊ တောက်ပမှုရှိကြောင်းတို့ကို သိရှိနိုင်ပြီး ဤကွဲပြားခြားနားမှုများကို အရောင်အမည်များဖြင့် ဆက်စပ်ပေးနိုင်ပေမည်။ ထို့ ပြင် အရာဝတ္ထုများကို အရောင်ဖြင့်မဟုတ်ဘဲ အဆင်များ၊ အကွက်များဖြင့်လည်း ခွဲခြားသိမြင်နိုင်ပေမည်။ အမှန်မှာ လူငယ်များစွာသည် ကလေးဘဝတစ်လျှောက်လုံး အရောင်မခွဲခြားနိုင်ခြင်းကို အမှုမဲ့အမှတ်မဲ့ဖြစ်နေကြလေသည်။
အကြောင်းမှာ ကျောင်းများတွင်၊ အထူးသဖြင့် မူကြိုကျောင်းများတွင် ရောင်စုံသွန်သင်ခြင်းကိရိယာများကို အသုံးပြုလေ့ရှိရာ အရောင်ကန်းခြင်းဝေဒနာခံစားရနိုင်သည့် ကလေးတစ်ဦးအား သွန်သင်ခြင်းစွမ်းရည်ချို့တဲ့နေသည်ဟု မိဘများနှင့် ဆရာများက မှားယွင်းစွာ ယူဆကြပေမည်။ ဆရာမတစ်ဦးသည် အသက်ငါးနှစ်အရွယ် ယောက်ျားလေးတစ်ဦးအား ပန်းရောင်မိုးတိမ်ပုံများ၊ အစိမ်းရောင်လူပုံများနှင့် အညိုရောင်သစ်ရွက်များပါသည့် သစ်ပင်ပုံများကို ဆွဲထားသောကြောင့် အပြစ်ပေးခဲ့ဖူးသည်။ အရောင်ကန်းခြင်းဝေဒနာခံစားနေရသည့် ကလေးတစ်ဦးအဖို့မူ အဆိုပါအရောင်များသည် မှန်ကန်သောအရောင်များဖြစ်ပေမည်။ ထို့ကြောင့် အကြောင်းကောင်းရှိ၍ ကလေးဘဝကတည်းက ပုံမှန်အရောင်မြင်နိုင်စွမ်းကို မှန်မှန်စစ်ဆေးပါရန် အာဏာပိုင်တချို့က အကြံပြုကြခြင်းဖြစ်သည်။
ဤအခြေအနေအတွက် ကုသနည်းမရှိသေးသော်လည်း ယင်းသည် အသက်အရွယ်ကြောင့် ပို၍မဆိုးဝါးနိုင်သကဲ့သို့ စက္ခုအာရုံတွင် အခြားချွတ်ယွင်းချက်များဖြစ်နိုင်သည့် အန္တရာယ်ကိုလည်း မတိုးများစေနိုင်ပါ။ * အရောင်ကန်းခြင်းသည် ချို့တဲ့မှုတစ်ခုဖြစ်ရာ စိတ်ပျက်စရာပင်။ သို့သော် ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် မစုံလင်မှု၏အစအနမှန်သမျှကို ဘုရားသခင်အားကြောက်ရွံ့သူတို့ထံမှ ဖယ်ရှားပေးပါလိမ့်မည်။ သို့နှင့် မည်သည့်အမြင်အာရုံ ချွတ်ယွင်းမှုမျိုးကိုမဆို ခံစားနေရသူတို့သည် ယေဟောဝါ၏လက်ရာတော် ဘုန်းထွန်းတောက်မှုမှန်သမျှကို တွေ့ မြင်ရပေမည်။—ဟေရှာယ ၃၅:၅; မဿဲ ၁၅:၃၀၊ ၃၁; ဗျာ. ၂၁:၃၊ ၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 အရောင်ကန်းခြင်းကို လူမျိုးစုတိုင်း၌ တွေ့ရှိနိုင်သော်လည်း ကော့ကေးဆပ်လူမျိုးတွင် အဖြစ်များ၏။
^ အပိုဒ်၊ 4 တိရစ္ဆာန်များစွာသည် ပုံမှန်အရောင်မြင်နိုင်စွမ်းတွင် ကျွန်ုပ်တို့လူသားများနှင့် ကွဲပြားခြားနားသော်လည်း အရောင်များကိုမူ ခွဲခြားသိမြင်နိုင်သည်။ ဥပမာ၊ ခွေးများ၏မြင်လွှာတွင် ကတော့ပုံဆဲလ်နှစ်မျိုးသာရှိပြီး တစ်မျိုးမှာ အပြာရောင်အတွက်ဖြစ်ကာ နောက်တစ်မျိုးမှာ အနီနှင့်အစိမ်းစပ်အရောင်အတွက်ဖြစ်သည်။ ငှက်အချို့တွင်မူ ကတော့ပုံဆဲလ်လေးမျိုးရှိပြီး ခရမ်းလွန်ရောင်ခြည်ကို တွေ့ မြင်နိုင်စွမ်းရှိရာ ယင်းက လူတို့၏အမြင်အာရုံထက် သာလွန်၏။
^ အပိုဒ်၊ 8 အရောင်ကန်းခြင်းသည် တစ်ခါတစ်ရံ ရောဂါကြောင့်ဖြစ်နိုင်ပါသည်။ ဇရာအိုပိုင်းတွင် သင်၏ပုံမှန်အရောင်မြင်နိုင်စွမ်း၌ ပြောင်းလဲမှုများကို သတိပြုမိပါက မျက်စိဆရာဝန်တစ်ဦးနှင့်ပြသလိုပေမည်။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အရောင်ကန်းခြင်းကို စမ်းသပ်ခြင်း
အရောင်ကန်းခြင်းအမျိုးအစားနှင့် အတိုင်းအတာကိုစမ်းသပ်ရန် လူတစ်ဦးသည် အရောင်အသွေးမျိုးစုံပါဝင်သည့် အစက်အပြောက်ပုံစံများကို အသုံးပြုရလေ့ရှိသည်။ အသုံးများသည့် အီရှီဟာရာစမ်းသပ်မှုတွင် ပုံစံ ၃၈ မျိုးအထိ ပါဝင်၏။ ဥပမာ၊ ပုံစံတစ်မျိုးကို နေ့အချိန်တွင် ကြည့်ရှုရာ၌ ပုံမှန်အမြင်အာရုံရှိသူတစ်ဦးသည် (ဘယ်ဘက်တွင်) နံပါတ် ၄၂ နှင့် ၇၄ ဟုမြင်သင့်သော်လည်း အနီရောင်နှင့်အစိမ်းရောင်ကို မမြင်နိုင်သူတစ်ဦးကမူ အပေါ်ဘက်တွင် မည်သည့်နံပါတ်ကိုမျှမမြင်ရဘဲ အောက်ဘက်ရှိနံပါတ်ကိုမူ ၂၁ ဟုမြင်ပေမည်။ *
စမ်းသပ်မှုက ချွတ်ယွင်းနေသည်ဟု ဖော်ပြမည်ဆိုလျှင် ယင်းသည် မျိုးရိုးလိုက်ခြင်းလော၊ အခြားအကြောင်းတစ်ခုခုကြောင့်လောဟူ၍ သတ်မှတ်နိုင်ရန် ထပ်ဆင့်စမ်းသပ်မှုများပြုလုပ်ဖို့ မျက်စိဆရာဝန်တစ်ဦးက အကြံပြုပေမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 15 ဤပုံစံကားချပ်များသည် သရုပ်ပြရန်အတွက်သာ ဖော်ပြထားခြင်းဖြစ်သည်။ ရောဂါအမျိုးအမည်ရှာဖွေခြင်းကို ကျွမ်းကျင်သည့်သမားတော်တစ်ဦးနှင့် ပြုလုပ်သင့်ပေသည်။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
အဘယ်ကြောင့် အမျိုးသားများတွင်အဖြစ်များရ
မျိုးရိုးလိုက်သည့် အရောင်ကန်းခြင်းကို X ဗီဇဆောင်မျှင်က ဖြစ်ပေါ်စေသည်။ အမျိုးသမီးများတွင် X ဗီဇဆောင်မျှင်နှစ်ခုရှိသော်လည်း အမျိုးသားများ၌မူ X တစ်ခုနှင့် Y တစ်ခုစီသာရှိကြသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦး၏ X ဗီဇဆောင်မျှင်တစ်ခုတွင် အမြင်အာရုံချွတ်ယွင်းမှုကို ဆက်ခံရရှိထားမည်ဆိုလျှင် အခြားဗီဇဆောင်မျှင်ရှိ သာမန်မျိုးရိုးဗီဇက ယင်းကို ပယ်ဖျက်ပေးနိုင်ဖွယ်ရှိပြီး သူ၏အမြင်မှာ ကောင်းမွန်နေပေလိမ့်မည်။ သို့သော် X ဗီဇဆောင်မျှင်တွင် ချွတ်ယွင်းမှုကို ဆက်ခံရရှိထားသည့် အမျိုးသားတစ်ဦးအဖို့မူ ယင်းချွတ်ယွင်းမှုကို ပယ်ဖျက်ပေးနိုင်သည့် X ဗီဇဆောင်မျှင်နောက်တစ်ခုမရှိချေ။
[စာမျက်နှာ ၁၄ ပါ ပုံကြမ်း/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အရောင်များကို တွေ့မြင်နိုင်ပုံ
အရာဝတ္ထုများမှလာသော အလင်းသည် မျက်ကြည်လွှာနှင့် မျက်တွင်းမှန်ဘီလူးကိုဖြတ်၍ မြင်လွှာပေါ်သို့ စုဆုံကျရောက်
မျက်ကြည်လွှာ
မျက်တွင်းမှန်ဘီလူး
မြင်လွှာ
ရုပ်ပုံသည် ဇောက်ထိုးဖြစ်နေသော်လည်း နောက်ပိုင်းတွင် ဦးနှောက်က အတည့်ဖြစ်စေ
ကတော့ပုံဆဲလ်များ သည် အနီ၊ အစိမ်း သို့မဟုတ် အပြာရောင်အလင်းများကို အာရုံခံလွယ်
မြင်လွှာ တွင် ကတော့ပုံဆဲလ်များနှင့် ဆဲလ်ချောင်းများပါရှိသည်။ ယင်းတို့အားလုံးက မြင်ကွင်းကို အပြည့်အဝ တွေ့မြင်စေ
ဆဲလ်ချောင်းများ
ကတော့ပုံဆဲလ်များ
စက္ခုအာရုံကြော သည် အမြင်တွန်းအားကို ဦးနှောက်သို့ သယ်ပို့ပေး
အနီရောင်
အစိမ်းရောင်
အပြာရောင်
[ရုပ်ပုံများ]
ပုံမှန်အမြင်အာရုံ
အရောင်ကန်းသော အမြင်အာရုံ