မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ် ပင်ကိုအသိဉာဏ်

အံ့ဖွယ် ပင်ကိုအသိဉာဏ်

အံ့ဖွယ် ပင်ကို​အသိဉာဏ်

“ပြောင်းရွှေ့​နေထိုင်ခြင်း​သည် အံ့ဖွယ်​အကောင်းဆုံး သဘာဝ​ဖြစ်ရပ်​ဖြစ်တန်ရာ​၏။”—ကော​လင်း​၏ ငှက်​နေရာ​ပြောင်းရွေ့​ခြင်း​ပြ​မြေပုံ။

ဒီဇင်ဘာ ၉ ရက်၊ ၁၉၆၇ ခုနှစ်​တွင် လေယာဉ်မှူး​တစ်ဦး​သည် ပေပေါင်း ၂၇,၀၀၀ အမြင့်​မှ​နေ၍ အိုင်ယာလန်​နိုင်ငံ​ဘက်​သို့ ဦးတည်​ပျံသန်း​နေကြ​သည့် ကောင်ရေ ၃၀ ခန့်​ရှိ ငန်း​အုပ်​တစ်အုပ်​ကို တွေ့​လိုက်ရ​၏။ လေထု​အပူချိန် အနု​တ် ၄၀ ဒီဂရီ​စင်တီဂရိတ်​ခန့်​ရှိ ဤမျှ​မြင့်မားသော​နေရာ​မှ ၎င်း​တို့ အဘယ်ကြောင့် ပျံသန်း​နေကြ​သနည်း။ ၎င်းတို့သည် မြေ​နိမ့်​ပိုင်း​တွင် အဆက်မပြတ်​တိုက်ခတ်​နေသော နှင်း​မုန်တိုင်း​များ​ကို ရှောင်ကွင်း​သွား​သည့်​အပြင် မြေပြင်​ရွေ့လျား​နှုန်း တစ်​နာရီ​လျှင် ၁၂၅ မိုင်​ခန့်​ရှိသော လေ​စီး​ကြောင်း​အတိုင်း ပျံသန်း​နေကြ၏။ အဆိုပါ​ငှက်​များသည် အိုင်​စ​လ​န်​နိုင်ငံ​မှ အိုင်ယာလန်​နိုင်ငံ​သို့ မိုင်​ပေါင်း ၈၀၀ ခရီး​ကို ခု​နစ်နာ​ရီ​တည်း​ဖြင့် အရောက်​ပျံသန်း​ခဲ့​ကြ​ကြောင်း ခန့်မှန်း​ရလေ​သည်။

ကမ္ဘာ့​အဝေး​လံ​ဆုံး​နေရာသို့ ပြောင်းရွှေ့​ပျံသန်း​နိုင်​သည့် အာတိတ်​စင်ရော်ငှက်​သည် အာတိတ်စက်ဝိုင်း​၏​မြောက်ဘက်တွင် ပေါက်ပွား​ကြသော်လည်း မြောက်​ဝင်ရိုး​စွန်း​တွင် ဆောင်း​ဥတု​ကျရောက်​သောအခါ အန္တာတိတ်​ဘက်​သို့​ပြောင်း​၍ ဆောင်း​ခို​ကြသည်။ ဤ​ပင်လယ်ပျော်ငှက်​ငယ်​သည် တစ်နှစ်​အတွင်း မိုင်​ပေါင်း ၂၅,၀၀၀ နှင့် ၃၀,၀၀၀ အကြား ပျံသန်း​နိုင်၏။ ယင်း​ခရီးသည် ကမ္ဘာ​တစ်ပတ် ပတ်​ခြင်း​နှင့်​ညီမျှ​သည်။

ငှက်ကျား​ဖြူ​များသည် ဥရောပ​မြောက်ပိုင်း​တွင် ပေါက်ပွား​ကြ​ပြီး အသွားအပြန် မိုင် ၁၅,၀၀၀ ခရီး​ရှိသည့် တောင်​အာဖရိကတွင် ဆောင်း​ခို​ကြသည်။ ထောင်နှင့်ချီ​ရှိသော ဤ​ငှက်​များသည် သမ္မာကျမ်းစာ​ခေတ်​၌ လူသိ​များ​ခဲ့​သည့် အချိန်ဇယား​အတိုင်း​လိုက်၍ ဆောင်းဦး​နှင့်​နွေဦး​တွင် အစ္စရေး​နိုင်ငံ​ကို ဖြတ်သန်း​သွားလာ​ကြ​လေ​သည်။—ယေရမိ ၈:၇ခ​မ။

အဆိုပါ​ပင်ကိုစွမ်းရည်​ကို မည်သူ ထည့်သွင်း​ပေး​ခဲ့​သနည်း။ လွန်ခဲ့သော အနှစ် ၃,၅၀၀ ခန့်​တွင် ဘုရားသခင်​သည် ဖြောင့်မတ်​သူ​ယောဘ​အား အောက်ပါ​မေးခွန်း​ကို မေးခဲ့သည်– “သင်ပေး​သော​ဉာဏ်​အားဖြင့် သိမ်းငှက်​သည် အတောင်​ကို​ဖြန့်​၍ တောင်​မျက်နှာ​သို့ ပျံ​သွား​တတ်​သလော။ သင်​စီရင်​သောကြောင့် ရွှေ​လင်း​တ​သည် အထက်​သို့​တက်​၍ မြင့်သော​အရပ်၌ အသိုက်​ကို​လုပ်တတ်​သလော။” ယောဘသည် ငှက်​များနှင့် အခြား​တိရစ္ဆာန်​များ​၏ အံ့သြဖွယ် စွမ်းရည်​များ​အတွက် ဘုရားသခင်​အား တော်မှန်​စွာ ချီးမွမ်း​၍ တုံ့ပြန်​ဖြေကြား​ခဲ့​၏။—ယောဘ ၃၉:၂၆၊ ၂၇; ၄၂:၂

ပင်ကို​အသိစိတ်​ထက်သာ​လွန်

ဘုရားသခင့်​ဖန်ဆင်း​ခြင်း​၏ အထွတ်အထိပ်​ဖြစ်သော လူသား​တို့ကို ပင်ကို​အသိစိတ်​ဖြင့်​သာ ထိန်းချုပ်​မထား​ချေ။ ယင်းအစား ကျွန်ုပ်​တို့သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် မေတ္တာပြ​နိုင်စွမ်း​ရှိသည့် လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်​ရှိ​သူများ ဖြစ်​ကြသည်။ (ကမ္ဘာဦး ၁:၂၇; ၁ ယောဟန် ၄:၈) ဤ​စွမ်းရည်​များ​ကြောင့် ကျွန်ုပ်​တို့သည် တော်မှန်​ဖြောင့်မတ်​သော ဆုံးဖြတ်ချက်​များ​ကို ချ​နိုင်​ကြ​ပြီး တစ်ခါတစ်ရံ သာလွန်​ထူးကဲ​သော မေတ္တာ​နှင့် ကိုယ်ကျိုး​စွန့်​မှု​ကို ရောင်ပြန်ဟပ်​နိုင်​ကြသည်။

လူတစ်ဦး​၏​သဘောထား​နှင့် အပြု​အမူ​တို့သည် ကလေး​ဘဝ​မှ​စ၍ ၎င်း​သွန်သင်ခံ​ခဲ့​ရသည့် သို့​မဟုတ် သွန်သင်​မခံခဲ့​ရသည့် ကျင့်ဝတ်​စည်းမျဉ်း​များနှင့် ဘာသာရေး​ယုံကြည်ချက်များ​အပေါ် များစွာ​မူတည်​ပေ​သည်။ ထို့​ကြောင့် လူတို့သည် အဘယ်အရာက မှန်သည်၊ အဘယ်အရာက မှား​သည်၊ အဘယ်အရာကို လက်ခံ​နိုင်​သည်၊ အဘယ်အရာကို​မူ လက်မခံနိုင်​စ​သည်​တို့​တွင် ယူဆ​ပုံ​ချင်း ကွဲပြား​ကြ​ပေမည်။ တစ်ဖန် ဤသို့​သော​ကွဲပြားမှု​များ​က အထင်လွဲ​မှား​မှု၊ သည်းမခံနိုင်မှု​နှင့် မုန်းတီးမှု​ကို​ပင် ဖြစ်စေ​နိုင်​ပါ​သည်။ အထူးသဖြင့် ယဉ်ကျေးမှု၊ လူမျိုးရေး​ဝါဒ​နှင့် ဘာသာ​တရား​ကဲ့သို့​သော အကြောင်းတရား​များ​က အလွန်​သြဇာညောင်း​သည့်​အခါ​တွင်​ဖြစ်သည်။

လူ့​မိသားစု​တစ်စုလုံး​သည် စကြဝဠာ​ကို ထိန်းချုပ်​ထား​သည့် တစ်မျိုးတည်း​သော ရူပ​နိယာမ​တရား​များ​ကို လိုက်နာ​ကြ​သကဲ့သို့ သမ္မာကျမ်းစာ​နှင့်​ကိုက်ညီ​ကာ တော်မှန်​ဖြောင့်မတ်​သည့် တစ်မျိုးတည်း​သော ကျင့်ဝတ်​စံနှုန်း​များ​ကို လိုက်နာ​ကြ​မည်​ဆိုလျှင် ဤ​ကမ္ဘာကြီး​သည် မည်မျှ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း။ သို့သော် တစ်စုံ​တစ်ယောက်​တွင် လူသားထု​တစ်ရပ်လုံး လိုက်နာသင့်​သော စံနှုန်း​များ​ကို ချမှတ်​ပြဋ္ဌာန်း​ရန် အသိပညာနှင့် စွမ်းရည်​ရှိပါ​သလော။ ရှိ​မည်​ဆိုလျှင် သူ ထိုသို့​လုပ်ဆောင်​လို​မည်​လော သို့​မဟုတ် လုပ်ဆောင်ခဲ့ပြီ​လော။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​များ​တွင် သုံးသပ်ပါ​မည်။