မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

▪ “ယခု​အခါ သာမန်​အမေရိကန်​အိမ်​တစ်အိမ်​တွင် မိသားစုဝင်​အရေအတွက်​ထက် ရုပ်မြင်သံကြား​အရေအတွက်​က ပို​များ​လျက်​ရှိ၏။” “အမေရိကန်​ရှိ အိမ်ထောင်စုများ​၏​ထက်ဝက်​တွင် တီဗွီ​သုံးလုံး​စီ သို့​မဟုတ် ထို​ထက်မက​ရှိသည်။”—အေ​ပီသ​တင်း၊ အမေရိကန်။

▪ တောင်​အာဖရိက​နိုင်ငံတစ်ဝန်း​ရှိ တရားရုံး​များ​တွင် နေ့စဉ် ကလေး ၈၂ ဦး​သည် “အခြား​ကလေး​များ​အား ဗလက္ကာရပြု​မှု သို့​မဟုတ် မတော်မလျော်​ထိပါးမှု” ဖြင့်​တရားစွဲ​ဆို​ခံ​နေရ​သည်။ သုတေသန​ပြုချက်​အချို့​အရ တရားစွဲ​ဆို​ခံရ​သောက​လေး​အများစုက ဤ​အကျင့်ဆိုး​ကို​ပြုကျင့်​ရခြင်း​မှာ “ရုပ်မြင်သံကြား​တွင် မိမိတို့​ကြည့်ရှု​ခဲ့​သည့်​အရာများ​ကြောင့်” ဟု​ပြောဆို​ကြ​၏။—THE STAR သတင်းစာ၊ တောင်​အာဖရိက။

အိပ်ရေးပျက်​ခြင်း​က ကုန်​ထုတ်​စွမ်းရည်​ကို ကျဆင်း​စေ

စပိန်​နိုင်ငံသား​တချို့​၏ အ​အိပ်​အနေ​က သူတို့၏ ကုန်​ထုတ်​စွမ်းရည်​ကို ဆုံးရှုံး​စေ​လျက်​ရှိသည်။ ဥရောပတိုက်​သားများ​နှင့်​နှိုင်းယှဉ်လျှင် စပိန်​နိုင်ငံသား​များသည် အိပ်ရာ​မှ စောစောထ​ကာ ကြာရှည်​စွာ အလုပ်လုပ်​ကြသည်။ ညစာ​ကို နောက်ကျ​မှ​စား​ပြီး ပျမ်းမျှ​အိပ်ချိန် မိနစ် ၄၀ လျော့​၍ အိပ်စက်​ကြသည်​ဟု ဘာစီလိုနာ​မှ အိပ်စက်ခြင်း​ကု​ဆေးခန်း​ဖွင့်​ထား​သူ ဒေါက်တာ အက်​ဝပ်​အက်စ်​တီဗီးလ်​က မှတ်ချက်ချ​သည်။ အိပ်ချိန်​လျော့နည်း​ခြင်း​က စိတ်​တို​လွယ်​ခြင်း၊ မှတ်ဉာဏ်​လျော့နည်း​ခြင်း၊ စိုးရိမ်​ပူပန်ခြင်း​နှင့် စိတ်ဓာတ်ကျ​ခြင်း​စ​သော​ပြဿနာ​များ​ကို ဖြစ်ပေါ်​စေနိုင်​သည်။ ထို့​ကြောင့် ဒေါက်တာ အက်စ်​တီဗီးလ်​က “ပညာရှင်​များနှင့် အာရုံ​စူးစိုက်​ရသော​လုပ်ငန်း​လုပ်ကိုင်သူ​များသည် နေ့စဉ် ခု​နစ်နာ​ရီ​မှ ရှစ်​နာရီ​ကြာ အိပ်​သင့်​သည်” ဟု​သတိပေး​၏။

လောင်စာ​ဂျုံ

အပူစွမ်းအင်​ရရှိ​ရေး​အတွက် ဂျုံ​များ​ကို​မီးရှို့ ခြင်း​သည် သင့်တော်​ပါ​၏​လော။ ကျဆင်း​နေသော​ဂျုံ​ဈေးနှုန်း​နှင့် မြင့်တက်​လျက်​ရှိသော လောင်စာ​ဈေးနှုန်း​တို့​ကြောင့် အပူစွမ်းအင်​အတွက် ဂျုံ​များ​ကို​ရောင်းပြီး လောင်စာဆီ​ဝယ်​ခြင်း​ထက် ဂျုံ​များ​ကို မီးရှို့ခြင်း​က လယ်သမားများ​အတွက် ပို​၍​တွက်ခြေကိုက်​ကြောင်း ဂျာမန်​သတင်းစာ Frankfurter Allgemeine Sonntagszeitung က​ရှင်းပြသည်။ ဂျုံ​ခြောက်​ပေါင်​အတွက် စိုက်​ပျိုး​စရိတ်​မှာ ဆ​င့် ၂၀ ရှိသော်လည်း ယင်းကို​မီးရှို့​လိုက်ပါ​က ရရှိ​မည့်​အပူစွမ်းအင်​မှာ ဆ​င့် ၆၀ ကုန်ကျ​သည့်​လောင်စာဆီ​မှ ရရှိ​မည့်​စွမ်းအင်​နှင့် အတူတူ​ပင်​ဖြစ်သည်။ ထို့​ကြောင့် သင်သည် “အခြားသူများ​ငတ်မွတ်​နေချိန်​တွင် စားသုံး​သီးနှံများ​ကို မီးရှို့​နိုင်​ပါ​မည်​လော” ဟူ၍ အဆိုပါ​သတင်းစာ​မှ ဖော်ပြ​ခဲ့​သည့်​အတိုင်း အကျပ်ရိုက်​စ​ရာ​ဖြစ်နေ​သည်။

ပုပ်​ရဟန်း​မင်းကြီး​လည်ပတ်မှု ငွေ​ရ​ပေါက်​တစ်ခု

ပုပ်​ရဟန်း​မင်းကြီး ဂျာမနီ​နိုင်ငံ​သို့​လည်ပတ်​သည့် ၂၀၀၆ ခုနှစ်​တွင် ကုန်​ထုတ်လုပ်သူ​များ၊ ကုန်သည်​များနှင့် ခရီး​သွား​လုပ်ငန်းများ​သည် ထို​လည်ပတ်မှု​မှ​အကျိုးအမြတ်​ရရှိရန် ကောင်းစွာ​ကြိုတင်​ပြင်ဆင်​ခဲ့​ကြသည်။ ချာ့ခ်ျ​က​လည်း ပုပ်​ရဟန်း​မင်းကြီး​၏​အဆောင်အယောင်​ပစ္စည်း​များ​ကို ဈေးကွက်​တင်​ရန် စီးပွား​ဖက်​ကို အထူး​ရွေးချယ်​ခဲ့​သည်။ အမှတ်တရ​ပစ္စည်း​များ​အဖြစ် ပုတီး​များ၊ ဖယောင်းတိုင်​များ၊ သန့်ရှင်းသော​ရေ​ပုလင်း​များ၊ ကော်ဖီ​ခွက်​များ၊ ဦးထုပ်များ၊ တီရှပ်​များ၊ သော့​ချိတ်​များနှင့် ဗာတီကန်​အလံများ​ကို ရရှိနိုင်​သည်။ Der Spiegel သတင်း​မဂ္ဂဇင်းက ဤသို့​မှတ်ချက်ချ​သည်– “ယေရှု​ခရစ်​သည် . . . ကုန်သည်​များ​ကို ဝတ်ပြုရာ​အိမ်တော်​မှ တစ်ခါမျှ​နှင်​မ​ထုတ်ခဲ့​သည့်​အလား ကက်သလစ်​ချာ့ခ်ျ​သည် အကျိုးအမြတ်​ရရှိ​ရေး​အတွက် စိတ်​ထက်သန်​လျက်​ရှိ၏။”

ဗီဒီယို​ဂိမ်း​များ​ကြောင့်​ကြမ်းတမ်း​ရမ်းကားမှု​တွင် အရေ​ထူ​လာ

“ကြမ်းတမ်း​ရမ်းကား​သော​ဗီဒီယို​ဂိမ်း​များ​ကို ကစား​သူများ​သည် တကယ့်​ဖြစ်ရပ်မှန် ကြမ်းတမ်း​ရမ်းကားမှု​များ​တွင် အရေ​ထူ​လာနိုင်​သည်” ဟု​အမေရိကန်၊ အိုင်​အို​ဝါ​ပြည်နယ်​တက္ကသိုလ်​မှ စိတ်​ပညာရှင်​သုတေသန​အဖွဲ့က​ဆို​သည်။ ဤသို့​သော​ဂိမ်း​များ​ကို ကစား​သူများ​သည် “ရန်လိုသော​အတွေး​များ၊ ဒေါသကြီး​ခြင်း၊ နှလုံးခုန်​နှုန်း​နှင့် အသက်ရှူ​နှုန်း​မြန်​ခြင်း၊ ပြင်းထန်သော​အပြု​အမူ​များ စ​သည်​တို့ကို တိုးများ​စေ​သည်” ဟု ယခင်​လေ့လာမှု​များ​က ဖော်ပြ​သည်။ ဤ​လေ့လာမှု​က ကြမ်းတမ်း​ရမ်းကား​သော​ဗီဒီယို​ဂိမ်း​များ​ကို​ဖြစ်စေ၊ ကြမ်းတမ်း​ရမ်းကားမှု​မပါ​သည့် ဗီဒီယို​ဂိမ်း​များ​ကို​ဖြစ်စေ ကစား​ပြီးလျှင်ပြီးချင်း ၎င်း​တို့အား ဖြစ်ရပ်မှန်​ကြမ်းတမ်း​ရမ်းကား​သော​ဇာတ်ကွက်​များ​ကို ကြည့်​ခိုင်း​ပြီး သူတို့၏ နှလုံးခုန်​နှုန်း​နှင့် စိတ်​လှုပ်ရှားမှု​ဆိုင်ရာ တုံ့ပြန်မှု​တို့ကို စောင့်ကြည့်​မှတ်သား​ခဲ့​သည်။ “ကြမ်းတမ်း​ရမ်းကား​သည့် ဗီဒီယို​ဂိမ်း​များ​ကို ကစား​ကြ​သူများ​သည် ကြမ်းတမ်း​ရမ်းကားမှု​အားလုံး​ကို ရိုး​သွား​ကာ တုံ့ပြန်မှု​အာရုံ​မှာလည်း တဖြည်းဖြည်း​ထုံထိုင်း​လာ” ကြောင်း​ရလဒ်များ​က ဖော်ပြ​သည်။