မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံသက်သေဖြင့်သင်ပေးပါ

ပုံသက်သေဖြင့်သင်ပေးပါ

အဆင့် ၇

ပုံသက်သေ​ဖြင့်​သင်ပေးပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ အတု​မြင်​၍ အတတ်​သင်​နိုင်​သည်။ စကားလုံး​များသည် အချက်အလက်​ကို​သာ ဖော်ပြ​ပေးလေ့​ရှိ၏။ ဥပမာ၊ မိဘများ​က မိမိတို့​သားသမီး​များ​အား ရိုသေ​လေးစားမှု​ရှိ​ရန်၊ အမှန်​ကို​ပြော​ရန် ပြောပြ​ကြ​ပေမည်။ သို့သော် ၎င်း​မိဘများ​က အချင်းချင်း​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ အော်ဟစ်​ငေါ​က်ငေါ်​နေ​မည်၊ အဆင်မပြေမှု​များ​အတွက် ဆင်ခြေပေး​ရန် လိမ်ညာ​ပြောဆို​နေ​မည်​ဆိုလျှင် လူကြီး​များ ဤသို့ ပြုမူ​သင့်​သည်​ဟူ၍ သားသမီး​များ​ကို သင်ပေး​ရာ​ရောက်မည်။ မိဘများ​ကို​အတုယူ​ခြင်း​သည် “ကလေး​များ သင်ယူ​နိုင်​သည့် အစွမ်းထက်​ဆုံး​နည်း​တစ်နည်း” ဖြစ်​ကြောင်း စာရေး​ဆရာ ဒေါက်တာ ဆယ်​လ်​ဆ​ဗာ က​ဆို​၏။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– မိဘများသည် မစုံလင်​ကြ​ပါ။ ‘လူအပေါင်း​တို့သည် မကောင်းမှုကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ’ ဟု​တမန်​တော်​ပေါလု​က ရေးသားခဲ့​၏။ (ရောမ ၃:၂၃) ကျွန်ုပ်​တို့၏​အပြောအဆိုကို ထိန်းချုပ်ခြင်း​နှင့်​စပ်လျဉ်း၍ တပည့်​ဖြစ်သူ​ယာကုပ်​က “လျှာ​ကို​ကား အဘယ်​လူ​မျှ မအောင်​နိုင်” ဟု​ရေးသားခဲ့​သည်။ (ယာကုပ် ၃:၈) ထို့ ပြင် ကလေး​များသည် မိဘ​တစ်ဦး၏​စိတ်ရှည်မှု​ကို အဆုံးစွန်​ထိ စမ်းသပ်​လို​ကြ​ခြင်း​မှာ အဆန်း​မဟုတ်​တော့​ပေ။ အများအားဖြင့် အေးဆေး​တည်ငြိမ်​ပြီး ချုပ်တည်း​မှု​ရှိသည့် သမီး​နှစ်ယောက်​၏​ဖခင်​ဖြစ်သူ လယ်​ရီ​က “ကျွန်တော့်​ကလေး​တွေ​ဟာ ကျွန်တော်​ဒေါသ​ထွက်​အောင် လွယ်လွယ်ကူကူ​ဆွပေး​နိုင်တာ​ကို ကျွန်တော်​အံ့သြ​လို့​မဆုံး​ဘူး” ဟု​ပြောပြ​သည်။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– စုံလင်​ရန်​မဟုတ်ဘဲ ပုံသက်သေ​ကောင်း​ရန် ကြိုးစား​ပါ​လေ။ မိမိ​မှား​တတ်​သည့် အမှား​များ​ကို​အသုံးပြု၍ အပြုသဘောဆောင်​သော သင်ခန်းစာပေး​ပါ။ “ကလေး​တွေ​ကြောင့် ကျွန်တော်​ဒေါသ​ထွက်​တဲ့​အခါ ဒါမှ​မဟုတ် သူတို့ကို​ထိခိုက်​စေ​တဲ့ ဆုံးဖြတ်ချက်​တွေ​ချ​မိ​တဲ့​အခါ အမှား​ကို​ဝန်ခံ​ပြီး တောင်းပန်​လိုက်တယ်။ အဲလို​လုပ်တာ​က မိဘတွေလည်း အမှားတွေ​လုပ်တတ်​သလို ကျွန်တော်​တို့အားလုံး အမူအကျင့်​ပိုင်း​မှာ တိုးတက်​အောင် ကြိုးစား​အားထုတ်​ကြဖို့​လိုတယ်​ဆိုတာ​ကို သင်ပေးတယ်” ဟု​သမီး​နှစ်ဦး​၏​ဖခင်​ဖြစ်သူ ခရစ္စ က​ဆို​၏။ အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သည့် ကော့​စ​တပ်​စ်​က “ကျွန်တော်​ဒေါသ​ထွက်​တဲ့​အခါ တောင်းပန်​တဲ့​အတွက် ကျွန်တော့်​သမီးတွေလည်း သူတို့​မှားတဲ့​အခါ တောင်းပန်​ရမယ်ဆိုတာ​သိ​သွားတယ်” ဟု​ပြောပြ​သည်။

ယေဟောဝါ​ဘုရားသခင်​က ဤသို့​မိန့်တော်မူ၏– “ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက် ကျွေးမွေး​ကြလော့။” (ဧဖက် ၆:၄) အခွင့်အာဏာ​ရှိသူ​တစ်ဦး​သည် အပြော​နှင့်​အလုပ်​မညီ​သည့်​အခါ လူကြီး​များ​ကို စိတ်ဆိုး​စေ​သည်ထက် ကလေး​များ​ကို သာ၍​စိတ်ဆိုး​စေ​လေ​သည်။ သို့ ဖြစ်၍ တစ်နေ့တာ​ကုန်လွန်​သော် ကိုယ့်​ကိုယ်ကို ဤ​မေးခွန်းများ​မေး​လျှင်​မကောင်း​ပေ​လော– တစ်​နေ​ကုန် စကား​တစ်ခွန်း​မှ​မပြောခဲ့​ရ​ဘူးဆို​ရင် ငါ့ရဲ့​လုပ်ရပ်တွေ​ကနေ ငါ့​ကလေး​တွေ ဘာ​သင်ခန်းစာများ ယူ​ခဲ့​ကြ​ပါ​လိမ့်။ အပြော​နဲ့​သင်ပေးဖို့ ကြိုးစား​ခဲ့​တဲ့ သင်ခန်းစာ​တွေ​ပဲ​လား။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။”—ရောမ ၂:၂၁

[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]

မိဘ​က​တောင်းပန်​လျှင် ကလေး​က​လည်း တောင်းပန်​တတ်လာ