မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာတရားဖြင့် လေ့ကျင့်သွန်သင်ပေးခြင်းက ရလဒ်ကောင်းများရစေ

ဘာသာတရားဖြင့် လေ့ကျင့်သွန်သင်ပေးခြင်းက ရလဒ်ကောင်းများရစေ

ဘာသာ​တရား​ဖြင့် လေ့ကျင့်​သွန်သင်​ပေးခြင်း​က ရလဒ်ကောင်း​များ​ရစေ

သားသမီး​များ​ကို ငယ်ရွယ်စဉ်​မှ​စ၍ သွန်သင်ပေး​ကြသော မိဘများသည် မိမိတို့၏​ကြိုးပမ်းမှု​များ​မှာ အချည်းနှီး​မဖြစ်ကြောင်း သဘောပေါက်​လာ​ကြ​၏။ တောင်​အမေရိက​တွင်ရှိသော ပီရူး​နိုင်ငံ​မှ လူငယ်လေး​တစ်ဦး​ဖြစ်သူ ဒို​ရီ​ယန်​သည် အသက်​လေးနှစ်​ရှိ​စဉ်​က ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် ဦးဆုံး​အကြိမ် ကျောင်းသား​ဟောပြောချက်​ပေး​ခဲ့​သည်။ သူသည် ကျောင်း​စတက်​သောအခါ ခရစ္စမတ်​ပွဲ​ကို မိမိ​အဘယ်ကြောင့်​မ​ကျင်းပ​ကြောင်း မိမိ၏​ဆရာမ​နှင့် အတန်းသား​ချင်း​များ​အား ရှင်းပြ​တတ်​နေပြီ​ဖြစ်သည်။

မကြာသေးမီ​က အသက်​ငါး​နှစ်​ခန့်​တွင် ဒို​ရီ​ယန်​သည် ကျောင်းသား ၅၀၀ ခန့်​ရှိသည့် ကျောင်း​တစ်​ကျောင်း​လုံး​ရှေ့တွင် ဖခင်​များ​နေ့​အပေါ် မိမိ၏​ရှုမြင်ပုံကို​ပြောပြ​ရန် တောင်းဆို​ခံ​ခဲ့​ရ၏။ သူသည် ဧဖက် ၆:၄ ပါ​ကျမ်းချက်​ကို​အခြေပြု​၍ “ဖခင်​တစ်ဦး၏​တာဝန်​ဝတ္တရား​များ” ဟူသော​အကြောင်းအရာ​နှင့်​ပတ်သက်​သည့် ဆယ်မိနစ်​ကြာ ဟောပြောချက်ကို ပြင်ဆင်​ခဲ့​သည်။ ဟောပြောချက်​နိဂုံး​တွင် သူက “ဖခင်​များ​နေ့ကို တစ်နှစ်​တစ်ကြိမ် ကျင်းပ​ကြ​မယ့်​အစား သားသမီးတွေဟာ နေ့တိုင်း မိဘတွေကို ရိုသေ​လေးစား​ပြီး သူတို့ရဲ့​စကား​ကို နားထောင်​သင့်တယ်” ဟု​ပြော​ခဲ့​သည်။

၁၉၄၃ ခုနှစ်​တွင် လူကြီးလူငယ်​မရွေး လူထုရှေ့​ဟောပြောခြင်း​စွမ်းရည် တိုးတက်လာ​စေရန် ရည်ရွယ်​၍ ဖွင့်လှစ်​ခဲ့​သည့် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​သည် ယေဟောဝါသက်သေ​များ​၏ ပတ်စဉ်​အစည်းအဝေး​များ​အနက် တစ်ခု​ဖြစ်လာ​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ အဆိုပါ​ကျောင်း​သည် ကျမ်းစာ​ကို​အခြေပြု​၍ လေ့ကျင့်​သွန်သင်ပေး​သည့်​အပြင် မိဘများ​ကိုလည်း မိမိတို့၏​သားသမီး​များ​အား ကျမ်းစာ​ဖြင့် လေ့ကျင့်​သွန်သင်ပေး​ကြ​ရန် ညွှန်ကြား​ခဲ့​လေ​သည်။—သု. ၂၂:၆

၂၀၀၅၊ နိုဝင်ဘာ​လ​တွင် ဆွစ်ဇာလန်​နိုင်ငံ​မှ လူငယ်လေး​တစ်ဦး​ဖြစ်သူ အသက်​ခြောက်​နှစ်အရွယ်​ရှိ ဆိုင်​မွန်​သည် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် ပထမဦးဆုံး​အကြိမ် ကျမ်းစာ​ဖတ်ရှုခြင်း​တာဝန်​ကို ရရှိခဲ့​၏။ တစ်နှစ်​ခန့်အကြာ​တွင် သူသည် ယေဟောဝါသက်သေ​များ​၏ ကြီးမားသော စည်းဝေးပွဲ​တစ်ခု​၏​အစီအစဉ်​တွင် လူတွေ့မေးမြန်း​ခံ​ခဲ့​ရသည်။ ဘုရားသခင်​အား​ဝတ်ပြု​၍ အမှုတော်​ဆောင်​ရခြင်း​ကို သူ​မည်သို့​သဘောထား​ခဲ့​သနည်း။

ဆိုင်​မွန်​သည် ပင်ပန်း​နွမ်း​နယ်​နေလျှင်​ပင် စည်းဝေး​တစ်ခု​မျှ မလွတ်​စေရန် ကြိုးစား​ခြင်း​ဖြင့် ခရစ်ယာန်​အစည်းအဝေး​များ​တက်ရောက်ခြင်း​ကို နှစ်သက်​မြတ်နိုး​ကြောင်း ဖော်ပြ​ခဲ့​လေ​သည်။ ထို့ ပြင် သူသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် မိသားစုဝင်​များနှင့်​အတူ ပါဝင်​ခဲ့​၏။ သူသည် အသက်အရွယ်​မရွေး လူအားလုံးကို လစဉ် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​စောင်ရေ ၃၀ မှ ၅၀ အထိ​ဝေငှ​၏။ ထို့ ပြင် သူသည် ဖခင်​အား ကျမ်းစာ​အကြောင်း​များ​ပြောပြ​လေ့​ရှိပြီး မိသားစုဝင်​များနှင့်​အတူ အစည်းအဝေး​များ​တက်ရောက်​ရန်​လည်း အားပေး​တတ်​သည်။

သားသမီး​များ​ကို “ယေဟောဝါ​၏ ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့် စိတ်သဘော​တော်​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​အရ” ပြုစု​ပျိုးထောင်​ပေး​ကြသော မိဘများသည် သားသမီး​များ​က တုံ့​ပြန်၍ ဖြောင့်မတ်​သော​အသီးများ သီးပွင့်​ကြသောအခါ များစွာ​ရွှင်လန်း​ဝမ်းမြောက်​ကြ​မည်​မှာ အသေအချာ​ပင်။—ဧဖက် ၆:၄က​ဘ; ယာကုပ် ၃:၁၇၊ ၁၈

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျောင်းတက်​နေသည့် ဒို​ရီ​ယန်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရှိ ဆိုင်​မွန်