မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အား ဝတ်ပြုခြင်းသည် ပျော်ရွှင်စေနိုင်သလော

ဘုရားသခင်အား ဝတ်ပြုခြင်းသည် ပျော်ရွှင်စေနိုင်သလော

သမ္မာကျမ်းစာ​ရှုထောင့်

ဘုရားသခင်​အား ဝတ်ပြုခြင်း​သည် ပျော်ရွှင်​စေနိုင်​သလော

“ဘုရားသခင်​ကို ကျွန်မ​ယုံကြည်တယ်။ ဒါပေမဲ့ . . . ချာ့ခ်ျ​တက်​ရတာကို ငြီးငွေ့​တယ်” ဟူ၍ ခရစ်ယာန်​ဟု​ဆို​သူ​တစ်ဦး​က ရေးသားခဲ့​သည်။ သင်လည်း ထိုသို့​ခံစားရ​သလော။ အမှန်​ဆို​ရ​လျှင် ငြီးငွေ့ ခြင်း၊ ကျေနပ်မှု​မရှိခြင်း​နှင့် စိတ်​အလိုမကျ​ဖြစ်​ခြင်း​တို့​ကြောင့် အချို့​သူတို့သည် ကိုယ်ပိုင်​ဝတ်ပြုနည်း​များ​ကို တီထွင်​ခဲ့​ကြသည်။

ယနေ့ များစွာသော​သူတို့သည် ကိုယ်ပိုင်​ဝတ်ပြုမှု​ပုံစံ​များ​ကို တီထွင်​နေကြ​သည်​ဟု မကြာသေးမီ​က သတင်းစာ​တစ်စောင်​တွင် ဖော်ပြ​ထား​၏။ သို့သော် ဘုရားသခင်​အား ဝတ်ပြုခြင်း​မှ ပျော်ရွှင်မှု​ရ​လို​သူများ​အတွက်​မူ ယင်းသည် ကျေနပ်​ပျော်ရွှင်မှု မပေးနိုင်​ချေ။ အဘယ်ကြောင့်​နည်း။ ချာ့ခ်ျ​များ​ကို စွန့်ခွာ​သွား​ကြ​သည့် အကြောင်းရင်း​ဖြစ်သော စိတ်ဓာတ်ကျ​မှု​ကို ထပ်မံ​ခံစားရ​နိုင်သော​ကြောင့်​ဖြစ်၏။

ယင်းက ကျမ်းစာ​သွန်သင်ချက်​များနှင့်​အညီ အသက်ရှင်ခြင်း​သည် ငြီးငွေ့စရာ​ကောင်း​၍ ရွှင်လန်းမှု​ကင်းမဲ့​စေ​သလော ဟူ​သည့်​မေးခွန်း​ကို ပေါ်ပေါက်​စေ​၏။ ထိုသို့​လုံးဝ​မဟုတ်ပေ။ ဥပမာ​အနေ​နှင့် သမ္မာ​ကျမ်းစာ​ပါ ဆာလံဆရာ​တစ်ဦး၏ ဤ​စကား​များ​ကို သုံးသပ်ကြည့်​ပါ– ‘လာ​ကြ။ ယေဟောဝါ​အား ရွှင်လန်းစွာ​သီချင်းဆို​ကြ​ကုန်​အံ့။ . . . လာ​ကြ။ ပျပ်ဝပ်​၍ ကိုးကွယ်​ကြ​ကုန်​အံ့။ ငါ​တို့ကို​ဖန်ဆင်း​တော်​မူ​သော ယေဟောဝါ​၏​ရှေ့တော်၌ ဒူးထောက်​ကြ​ကုန်​အံ့။’—ဆာလံ ၉၅:၁၊

သမ္မာကျမ်းစာ​ရေးသူ ဆာလံဆရာ​နောက်​တစ်ဦး​က ယေဟောဝါ​အား ကျေးဇူး​တင်​လေးမြတ်မှု​ဖြင့် ‘ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော ဘုရားသခင်​ဖြစ်​တော်​မူ’ သည်​ဟု သီဆို​ခဲ့​၏။ သမ္မာကျမ်းစာ​တွင် ယေဟောဝါ​အား “ပျော်ရွှင်သော​ဘုရားသခင်” ဟု​ခေါ်ဆို​ထား​ကာ ကိုယ်တော်​အား ဝတ်ပြုသူ​များသည် အတိတ်​တွင်​ရော မျက်မှောက်ခေတ်တွင်​ပါ ရွှင်လန်း​ကြ​ကြောင်း မကြာခဏ​ဖော်ပြ​ခဲ့​ကြသည်။—ဆာလံ ၈၃:၁၈; ၁ တိမောသေ ၁:၁၁က​ဘ။

ရွှင်လန်းစေသည့်​အကြောင်းရင်း

ယေဟောဝါ​အား​ဝတ်ပြုခြင်း​မှ စစ်မှန်သော​ရွှင်လန်းမှု​ရရှိစေ​သည့် အကြောင်းရင်း​မှာ ကျွန်ုပ်​တို့​အကျိုးအတွက် မေတ္တာဖြင့် ကိုယ်တော်​အမှန်တကယ်​လုပ်ဆောင်ပေး​ခဲ့​ရာ​ကို သဘောပေါက်ခြင်း​ဖြစ်သည်။ ထို​အရာ​ကား အဘယ်နည်း။ ‘ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကသား​တို့ကို​ချစ်တော်မူ​၏။’—ယောဟန် ၃:၁၆

ထို့​ကြောင့် သမ္မာကျမ်းစာ​ဖော်ပြ​သည့်​အတိုင်း ‘လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ အမှန်တရားကို​သိစေ​ခြင်း​ငှာ ဘုရားသခင်​အလိုတော်​ရှိ၏။’ (၁ တိမောသေ ၂:၃၊ ၄) ယင်းက အချို့​သော​ကျမ်းချက်​များ​တွင် ဖော်ပြ​ထား​ရာ​များ​ကို သိ​ရုံ​မျှ​သာ​မဟုတ်​ချေ။ ယင်းအစား ကျွန်ုပ်​တို့​ဖတ်ရှု​သည့်​အရာ​ကို “နားလည်” ဖို့​လို​၏။ ယင်း​သို့​နားလည်​ရန် စိတ်ရင်းမှန်​ဖြင့် စေ့စပ်​သေချာ​စွာ​လေ့လာ​ရမည်။ (မဿဲ ၁၅: ၁၀) ထိုသို့ ပြုခြင်း​ဖြင့် ‘ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​မည်’ ဖြစ်သည်။ ယင်းက အမှန်ပင် ပျော်ရွှင်​စေနိုင်​သည်။—သု. ၂:၁-၅

ပထမ​ရာစု​တွင် မာကေဒေါနိ​ပြည်​၏​မြို့တော် ဗေရိ​မြို့မှ လူတို့သည် ထိုသို့​သော​ရွှင်လန်းမှု​ကို ခံစား​ခဲ့​ကြ​ရသည်။ တမန်​တော်​ပေါလု​က သူတို့အား ဘုရားသခင့်​နှုတ်မြွက်တော်​ကို သွန်သင်ပေး​သည့်​အခါ ‘အလွန်​ကြည်ညို​သော​စေတနာ​စိတ် [“စိတ်အား​ထက်သန်မှု၊” က​ဘ] နှင့် နှုတ်မြွက်​တရားတော်​ကို​ခံ​ယူ၍၊ မှန်သည်​မမှန်​သည်ကို​သိခြင်း​ငှာ၊ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု’ ခဲ့​ကြသည်။ သူတို့၏​ကျမ်းစာ​လေ့လာမှု​သည် ငြီးငွေ့စရာ​ဖြစ်​မည် သို့​မဟုတ် ရွှင်လန်းမှု​ကင်းမဲ့​နေ​မည်​ဆိုလျှင် သူတို့တွင် ထိုသို့​သော​စိတ်အား​ထက်သန်မှု ရှိခဲ့​မည်​မဟုတ်​ချေ။—တမန်​တော် ၁၇:၁၁

ယေရှု​က “ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား ထို​သူတို့သည် ဝ​ပြော​ကြလိမ့်မည်” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၅:၆က​ဘ) ပုံမှန်​စားသုံး​နေရ​ပြီ​ဖြစ်သော အလွန်​ဆာလောင်​နေ​သူများ​နည်းတူ ယနေ့ များစွာသော​သူတို့သည် မိမိတို့၏​ဝိညာဉ်​ရေး​ဆာလောင်မှု ဖြည့်ဆည်း​ခံ​နေရ​၍ ပီတိ​ဖြစ်​ခဲ့​ရပြီ။ ထို့​ကြောင့် ဗေရိ​မြို့သား​များ​ကဲ့သို့ ‘များစွာသော​သူတို့သည် ယုံကြည်သူများ​ဖြစ်လာ​ကြ​၏။’—တမန်​တော် ၁၇: ၁၂

ဘဝ​လမ်းစဉ်

ပထမ​ရာစု​ရှိ စစ်မှန်သော​ဝတ်ပြုသူ​များသည် ကနဦး​ခရစ်ယာန်​များ​လိုက်လျှောက်​ခဲ့​သည့် ဘဝ​လမ်းစဉ်​သစ်​ကို ရည်ညွှန်း​ရန် တမန်​တော် ၉:၂ (ခ​မ) တွင် အသုံးပြု​ခဲ့​သည့် “လမ်းစဉ်” ကို​လိုက်လျှောက်​ခဲ့​ကြသည်။ ယခု​အချိန်တွင် ဘုရားသခင်​အား ဝတ်ပြုခြင်း​မှ ရွှင်လန်းမှု​ခံစား​လို​သူများ​သည် အလားတူ​လုပ်ဆောင်​ရမည်။ သူတို့သည် မိမိတို့၏​စဉ်းစား​တွေးခေါ်ပုံ​နှင့် နေ့စဉ်​အမူအကျင့်များ​အပေါ် ကျမ်းစာ​အမှန်တရား​များ ဩဇာ​လွှမ်းမိုး​စေရန် ခွင့်ပြု​ဖို့​လို​သည်။

ထို့​ကြောင့် တမန်​တော်​ပေါလု​က ဧဖက်​မြို့သား​များ​အား “အထက်​က​ကျင်လည်​ခဲ့​သော လူဟောင်း​ဘဝကို စွန့်ပစ်​လော့” ဟူ၍​တိုက်တွန်း​ခဲ့​သည်။ သို့သော် ထို​ထက်မက​လုပ်ဆောင်ဖို့​လို​ကြောင်း တမန်​တော်​ပေါလု ဤသို့​ဆက်​ပြော​ခဲ့​သည်– ‘ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခြင်း​ကို​ခံရ​၍ အမှန်တရား​ဆိုင်ရာ ဖြောင့်မတ်​သန့်ရှင်းသူ​လူသစ် ဖြစ်​ကြ​ရမည်။’—ဧဖက် ၄:၂၂-၂၄ခ​မ။ *

ထို​သွန်သင်ချက်​ကို လိုက်နာ​ကာ ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင့်​အလိုတော်နှင့်​အညီ ပြုပြင်​ပြောင်းလဲ​လျှင် များစွာသော​ကျေနပ်မှု​နှင့် ရွှင်လန်းမှု​ကို ရရှိ​မည်​ဖြစ်သည်။ ထိုသို့​ရရှိစေ​သည့်​အကြောင်းရင်း​ကား အဘယ်နည်း။ ‘ယေဟောဝါ​နှင့် ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌ နှစ်သက်​တော်​မူ​စေခြင်း​ငှာ’ မိမိတို့၏​အသက်တာကို ပြုပြင်​ပြောင်းလဲ​ဖို့​လို​ကြောင်း ကောလောသဲ​မြို့ရှိ ခရစ်ယာန်​များ​ထံ ပေါလု​ရေးသားခဲ့​သည်။ (ကောလောသဲ ၁:၉-၁၁) ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင်​နှစ်သက်​တော်​မူ​ကြောင်း သိရ​ခြင်း​သည် ရွှင်လန်းမှု​ရရှိစေ​သော​အကြောင်းရင်း​ဖြစ်သည်​မှာ အမှန်ပင်။ ထို့ ပြင် ဘုရားသခင်​သည် မိမိ၏​နှစ်သက်မှု​ကို အပြည့်အဝ​ရရှိစေရန် တတ်စွမ်း​နိုင်၏။ မည်သို့​အားဖြင့်​နည်း။ ခွင့်လွှတ်​မှု​အားဖြင့်​ဖြစ်၏။

ကျွန်ုပ်​တို့​တစ်ဦးစီ​သည် အပြစ်သား​များ​ဖြစ်​ကြ​၍ ဘုရားသခင်​၏​ခွင့်လွှတ်​မှု ရရှိဖို့​လို​ပေ​သည်။ ၁ တိမောသေ ၁:၁၅ တွင် မှတ်တမ်း​တင်ထား​သည့်​အတိုင်း ပေါလု​က “ယေရှု​ခရစ်​သည် အပြစ်ရှိ​သော​သူတို့ကို ကယ်တင်ခြင်း​ငှာ၊ ဤ​လောက​သို့ ကြွလာ​တော်​မူ​သည်” ဟု​ဖော်ပြ​ခဲ့​သည်။ ယေရှုသည် ကျွန်ုပ်​တို့အတွက် အသက်​စွန့်ခဲ့​ရာ ကျွန်ုပ်​တို့၏​အပြစ်​များ ခွင့်လွှတ်​ခံရ​ရန် ပြု​လုပ်ပေး​နိုင်​သည်။ ထို့​ကြောင့် စစ်မှန်သော​ဝတ်ပြုသူ​တစ်ဦး​သည် မိမိ၏​နှလုံး​ထဲ​မှ လေးလံ​သော​အပြစ်​ဝန်ထုပ်​ကို ဖယ်ရှား​ပေးခြင်း​ခံရ​၍ စိတ်သက်သာ​မှု​ခံစားရ​သည်။ သူသည် ကြည်လင်​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​ရှိ​နိုင်​ရုံ​မ​က ဘုရားသခင့်​အလိုတော်ကို စိတ်​ထက်သန်​စွာ​ဆောင်ရွက်​နေသရွေ့ မိမိ၏​အပြစ်​များ​ကို ဘုရားသခင် ခွင့်လွှတ်​တော်​မူ​မည်​ဟူ​သည့် ယုံကြည်​စိတ်ချမှု​ကြောင့် ဝမ်းမြောက်​နိုင်​သည်။

ရွှင်လန်းစေသည့် နောက်​အကြောင်းရင်း

စစ်မှန်သော​ဘုရားသခင်​ကို လူတစ်ဦး စတင်​ဝတ်ပြု​သည့်​အခါ သူ​တစ်ဦးတည်း​သာ မဟုတ်ပါ။ သမ္မာကျမ်းစာ​ရေးသူ ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– ‘“ငါ​တို့သည် ထာဝရ​ဘုရားသခင်​၏​အိမ်တော်​သို့ သွား​ကြ​ကုန်​အံ့” ဟု​သူတစ်ပါး​တို့သည် ပြော​ကြသောအခါ ငါသည် ဝမ်းမြောက်ခြင်း​ရှိ၏။’ (ဆာလံ ၁၂၂:၁) မှန်ပါသည်၊ စစ်မှန်သော​ဝတ်ပြုသူ​များနှင့် မှန်မှန်​စုဝေးခြင်း​က ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို များစွာ​တိုးပွား​စေ​သည်။

ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​တစ်ခု​ကို တက်ရောက်​ပြီး​နောက် လူတစ်ဦး ဤသို့​စာရေး​ခဲ့​သည်– “ကျွန်တော်​တို့ကို တရင်းတနှီး ကြိုဆို​ကြတယ်။ လူငယ်တွေရဲ့ အေးဆေး​တည်ငြိမ်မှု​နဲ့ ဣန္ဒြေရှိ​မှု​က သူတို့နဲ့ သူတို့​မိဘတွေကို ပျော်ရွှင်​စေ​တဲ့​အကြောင်းရင်း​ဖြစ်​ရမယ်။ ဒီလို​ပျော်ရွှင်​ကြည်နူး​ဖို့​ကောင်း​တဲ့​နေရာကို ဖိတ်ခေါ်​တဲ့​အတွက် ကျေးဇူး​အများကြီး​တင်​ပါ​တယ်လို့ ပြော​ချင်​ပါ​တယ်။”

သင်လည်း ရှေး​အချိန်​က ဒါဝိဒ်​ကဲ့သို့ ယေဟောဝါ​အား ဝတ်ပြုခြင်း​သည် ရွှင်လန်း​ဝမ်းမြောက်စရာ​ဖြစ်​ကြောင်း တွေ့ရ​ပေမည်။ ဒါဝိဒ်က ‘ထာဝရ​ဘုရားသခင်​၏​အမှုတော်ကို ဝမ်းမြောက်​စွာ​ဆောင်ရွက်​ကြလော့။ ရွှင်လန်းစွာ​သီချင်းဆို​လျက် အထံတော်​သို့​ဝင်​ကြလော့’ ဟု တိုက်တွန်း​ခဲ့​သည်။ (ဆာလံ ၁၀၀:၂) စစ်မှန်သော​ဘုရားသခင်​၏​အမှုတော်ကို စိတ်ရင်းမှန်​ဖြင့်​ဆောင်ရွက်​သူအား​လုံး မိမိတို့၏​ဝတ်ပြုမှု​မှ ရွှင်လန်းမှု​ရရှိဖို့ မျှော်လင့်​နိုင်​ပေ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ဧဖက်​ အခန်းကြီး ၄ နှင့် ကောလောသဲ​ အခန်းကြီး ၃ ကို​ဖတ်ရှုခြင်း​ဖြင့် ဥပဓိရုပ်​သစ်​ပြောင်းလဲခြင်း​တွင် အဘယ်အရာ​ပါဝင်​ကြောင်း ရှင်းလင်းစွာ​နားလည်​လာ​မည်။

သင်​စဉ်းစား​ဖူး​သလော

▪ စစ်မှန်သော​ဝတ်ပြုရေး​၏ အခြေခံ​ကား အဘယ်နည်း။—၁ တိမောသေ ၂:၃-၆

▪ ကျွန်ုပ်​တို့ကို ရွှင်လန်းမှု​ရရှိစေရန် ခရစ်တော်​၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​သည် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​သနည်း။—၁ တိမောသေ ၁:၁၅

▪ ခရစ်ယာန်​အစည်းအဝေး​များသည် သင်၏​ဝတ်ပြုမှု​ကို မည်သို့​ပျော်ရွှင်စရာ​ဖြစ်စေ​နိုင်​သနည်း။—ဆာလံ ၁၀၀:၁-၅

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အခြားသူများ​နှင့်အတူ ကျမ်းစာ​လေ့လာခြင်း​သည် ရွှင်လန်းမှု​ဖြစ်စေ​နိုင်