မိသားစုစည်းကမ်းများချမှတ်ကာ ချက်ချင်းလိုက်နာစေပါ
အဆင့် ၄
မိသားစုစည်းကမ်းများချမှတ်ကာ ချက်ချင်းလိုက်နာစေပါ
ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ “အကြောင်းရင်းမှာ ရှင်းလင်းတိကျသော စည်းကမ်းချက်များနှင့် ပြတ်သားသောပြစ်ဒဏ်များချမှတ်မှုအောက်ရှိ ကလေးများသည် ပို၍ကောင်းစားကြ၏။ ယင်းအရာများမရှိလျှင် ကလေးသူငယ်များသည် ကိုယ့်အတွက်သာသိသော၊ တစ်ကိုယ်ကောင်းဆန်သော၊ မပျော်ရွှင်သောကလေးများ ဖြစ်လာကြသည်။ ထို့ ပြင် သူတို့သည် မိမိတို့ဝန်းကျင်ရှိသူများကိုလည်း စိတ်မချမ်းမသာဖြစ်စေကြသည်” ဟုဂျော်ဂျီယာတက္ကသိုလ်မှ လူမှုဗေဒပညာရှင် ရော်နယ်လ်ဆိုင်မန်စ် ကဆို၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ရိုးရှင်းစွာဖော်ပြ၏– “မိမိသားကိုချစ်သောသူမူကား ဆုံးမပဲ့ပြင်မှုကို ပြုလိမ့်မည်။”—သု. ၁၃:၂၄၊ ခမ။
အဘယ်အရာက ခက်ခဲစေသနည်း– သားသမီးများ၏အပြုအမူနှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိသော စည်းကမ်းချက်များချမှတ်ကာ ယင်းစည်းကမ်းချက်များအတိုင်း လိုက်နာစေရန် အချိန်၊ အားစိုက်မှုနှင့် ဇွဲလုံ့လတို့လိုအပ်သည်။ ထို့ ပြင် သားသမီးများသည် စည်းကမ်းကို ချိုးဖောက်ကြည့်လိုသည့် ပင်ကိုစိတ်သဘောလည်း ရှိကြဟန်တူသည်။ ကလေးနှစ်ဦးကို ပြုစုပျိုးထောင်ပေးနေသော မိုက်နှင့် ဆောန်ညှာတို့သည် ယင်းအခက်အခဲကို ကောင်းစွာသိထားကြ၏။ “ကလေးတွေဟာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဆန္ဒတွေရှိကြတဲ့ လူသားလေးတွေဖြစ်ပြီး သူတို့မှာ မွေးကတည်းက အပြစ်ပြုလိုတဲ့ဉာဉ်ရှိတယ်” ဟုသူတို့ကဆို၏။ အဆိုပါမိဘများသည် မိမိတို့၏သမီးလေးများကို အလွန်ချစ်မြတ်နိုးကြပါသည်။ သို့သော် “တစ်ခါတလေ ကလေးတွေဟာ ခေါင်းမာပြီး တစ်ကိုယ်ကောင်းဆန်တတ်တယ်” ဟုသူတို့ဝန်ခံသည်။
အဘယ်အရာက ကူညီပေးနိုင်သနည်း– ဣသရေလလူမျိုးနှင့် ယေဟောဝါဆက်ဆံခဲ့ပုံကို အတုယူပါလေ။ မိမိလူမျိုးတော်ကို ကိုယ်တော်ချစ်ကြောင်း ဖော်ပြခဲ့သောနည်းတစ်နည်းမှာ သူတို့အားလိုက်နာစေလိုသည့် ပညတ်တော်များကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးခြင်းဖြင့်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၂-၁၇) အဆိုပါပညတ်တော်များကို မလိုက်နာပါက ရရှိမည့်ဆိုးကျိုးများကိုလည်း ကိုယ်တော်ဖော်ပြတော်မူခဲ့၏။—ထွက်မြောက်ရာ ၂၂:၁-၉။
ထို့ကြောင့် သင့်ကလေးများလိုက်နာရမည်ဟု သင်ယူဆသော အိမ်စည်းကမ်းများကို ဖော်ပြပေးလျှင် မကောင်းပေလော။ စည်းကမ်းငါးခုခြောက်ခုဖြင့် ကန့်သတ်ထားရန် မိဘအချို့က အကြံပြုကြသည်။ ကောင်းစွာရွေးချယ်ထားသော အိမ်စည်းကမ်းအနည်းငယ်သည် လိုက်နာရပိုလွယ်ကူစေသကဲ့သို့ မှတ်မိရန်လည်း ပိုလွယ်ကူစေပါသည်။ စည်းကမ်းများနှင့်အတူ စည်းကမ်းချိုးဖောက်ခြင်းကြောင့် ခံရမည့်အပြစ်ဒဏ်များကိုလည်း ရေးချထားပါ။ ပြစ်ဒဏ်များသည် အကျိုးသင့်အကြောင်းသင့်ရှိကာ ယင်းအတိုင်း သင်အမှန်လုပ်မည်ဖြစ်ကြောင်း သေချာစေပါ။ မိခင်ဖခင်အပါအဝင် အိမ်သားအားလုံး စည်းကမ်းများကို မှန်မှန်ပြန်လည်သုံးသပ်ပြီး ကလေးများထံမှ အဘယ်အရာမျှော်လင့်ကြောင်း တိတိကျကျ သိရှိစေပါ။
စည်းကမ်းများကိုချိုးဖောက်လျှင် သတ်မှတ်ထားသည့်အတိုင်း ချက်ချင်းအပြစ်ပေးဖို့ တည်ငြိမ်ပြတ်သားစွာလုပ်ဆောင်ပါ။ သတိပြုရန်မှာ သင်စိတ်ဆိုးနေလျှင် မဆုံးမမီ ဦးဆုံး စိတ်အေးသွားသည်အထိ စောင့်ရန်ဖြစ်သည်။ (သု. ၂၉:၂၂) သို့သော် နေ့ရွှေ့ညရွှေ့ အချိန်မဆွဲပါနှင့်။ စည်းကမ်းများနှင့်ပတ်သက်၍ အပေးအယူမလုပ်ပါနှင့်။ သို့ ပြုလျှင် စည်းကမ်းများကို အလေးအနက်ထားစရာမလိုဟု သင့်ကလေး ယူဆသွားပေလိမ့်မည်။ ယင်းသည် သမ္မာကျမ်းစာပြောဆိုရာနှင့်လည်း ဆင်တူ၏– “ဆိုးသောအမှု၌ စီရင်ချက်အတိုင်း အလျင်အမြန်ဒဏ်မပေးသောကြောင့် လူသားတို့သည် ဆိုးသောအမှုကိုပြုခြင်းငှာ ခိုင်မာစွာသဘောထားကြ၏။”—ဒေ. ၈:၁၁၊ သမ္မာ။
သင့်သားသမီးများကို အကျိုးပြုသည့် အခြားအဘယ်နည်းဖြင့် သင်၏အခွင့်အာဏာကို အခိုင်အမာဖော်ပြနိုင်သနည်း။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“သင်တို့၏စကားမှာ အဟုတ်ကိုအဟုတ်၊မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။”—မဿဲ ၅:၃၇၊ ကဘ။