မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်စီစဉ်ကာ ယင်းအတိုင်းလုပ်ဆောင်စေပါ

လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်စီစဉ်ကာ ယင်းအတိုင်းလုပ်ဆောင်စေပါ

အဆင့် ၅

လုပ်ရိုးလုပ်စဉ်​များ​ကို သတ်မှတ်​စီစဉ်​ကာ ယင်း​အတိုင်း​လုပ်ဆောင်​စေပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ လုပ်ရိုးလုပ်စဉ်​များသည် လူကြီး​ဘဝ၏ အဓိက​အစိတ်အပိုင်း​ဖြစ်သည်။ အလုပ်၊ ကိုးကွယ်​ဝတ်ပြုမှု​နှင့် အားလပ်ရက်​အပန်းဖြေမှု​တို့သည်​ပင် အများအားဖြင့် လုပ်ရိုးလုပ်စဉ်​များ​ဖြစ်​ကြသည်။ မိဘများသည် သားသမီး​များ​အား ၎င်းတို့၏​အချိန်ကို စနစ်တကျ​စီစဉ်​ရန်၊ ဇယား​အတိုင်း​လိုက်​ရန် မ​သွန်သင်​ပေး​ပါ​က သားသမီး​များ​အား အကျိုး​နည်းစေ​မည်​ဖြစ်သည်။ အခြား​တစ်ဖက်​တွင် “စည်းကမ်း​များ​ချမှတ်​ကာ စနစ်တကျ​စီစဉ်​ထားခြင်း​က သားသမီး​များ​ကို ဘေးကင်း​လုံခြုံ​သည်​ဟု ခံစား​ရစေ​ပြီး စိတ်​ချုပ်တည်း​ရန်၊ ကိုယ့်​အား​ကိုယ်​ကိုး​ရန် သွန်သင်ပေး​ကြောင်း လေ့လာမှု​များ​က ဖော်ပြ​သည်” ဟု​စိတ်​ပညာ​ပါမောက္ခ ဒေါက်တာ​လောရင့်​စ​တင်း​ဘာ့ဂ် က​ဆို​၏။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– ဘဝ​ဟူသည် အလွန်​ဗျာများ​လှ​၏။ မိဘ​များစွာ​သည် နာရီ​နှင့်​ချီ​၍ အလုပ်လုပ်​ကြ​ရာ သားသမီး​များ​ကို မှန်မှန်​အချိန်​မပေးနိုင်​ဘဲ ဖြစ်နေ​ပေမည်။ လုပ်ရိုးလုပ်စဉ်​များ​ကို သတ်မှတ်​စီစဉ်​ကာ ယင်း​အတိုင်း​လုပ်ဆောင်​ရာ​တွင် ကိုယ့်​ကိုယ်ကို​ကြပ်မတ်ခြင်း​နှင့် လုပ်ရိုးလုပ်စဉ်​များ​ကို​လုပ်ဆောင်ရန် အစပိုင်း​တွင် ငြင်းဆန်​သောက​လေး​အား အောင်မြင်စွာ ကိုင်တွယ်​မည်​ဟူသော ဆုံးဖြတ်ချက်​ချ​ခြင်း​တို့​ပါဝင်​သည်။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– “ခပ်သိမ်း​သော​အမှု​များ​ကို လျောက်ပတ်​စွာ အစီအစဉ်​အတိုင်း စီရင်​ကြလော့” ဟူသော ကျမ်းစာ​ဆုံးမ​စကား​ကို မူ​အရ ကျင့်သုံး​ပါ။ (၁ ကောရိန္သု ၁၄:၄၀သမ္မာ) ဥပမာ၊ သားသမီး​များ အလွန်​ငယ်​သေး​သော်လည်း မိဘ​များစွာ​သည် ပုံမှန်​အိပ်ရာဝင်ချိန် အတိအကျ​ကို ပညာရှိရှိ​သတ်မှတ်​ပေး​ကြသည်။ သို့သော် အိပ်ရာဝင်ချိန်​များ​ကို နှစ်​လို့​ဖွယ်​ဖြစ်စေ​သင့်​၏။ ဂရိ​နိုင်ငံ​တွင်​နေထိုင်ပြီး သမီး​ငယ်​နှစ်ဦး​၏​မိခင်​ဖြစ်သူ တာ​တျာ​နာ​က ဤသို့​ဆို​၏– “ကလေး​တွေ အိပ်ရာဝင်​တဲ့​အခါ သူတို့ကို ကြင်နာ​စွာ​ပွတ်သပ်​ပြီး သူတို့ ကျောင်း​သွား​နေချိန်မှာ ကျွန်မ​ဘာတွေ​လုပ်ခဲ့တယ်​ဆိုတာ ပြောပြ​တယ်။ ပြီး​တော့ အဲဒီ​နေ့မှာ သူတို့​လုပ်ခဲ့တဲ့​အရာ​တချို့ ကျွန်မ​ကို​ပြောပြ​နိုင်​မလား​ဆိုပြီး သူတို့ကို​မေးတယ်။ သူတို့ဟာ သက်သောင့်သက်သာ​ရှိပြီး အများအားဖြင့် သူတို့ရဲ့​ခံစားချက်​တွေ၊ တွေ့ကြုံမှု​တွေ​ကို ရင်ဖွင့်​ပြောပြ​ကြတယ်။”

တာ​တျာ​နာ​၏​ခင်ပွန်း​ဖြစ်သူ ကော့​စ​တပ်​စ်​သည် သူ၏​သမီးလေး​များ​ကို ပုံပြင်​များ ဖတ်ပြ​လေ့​ရှိသည်။ “ပုံပြင်​တွေ​နဲ့​ပတ်သက်ပြီး သူတို့​ဝေဖန်​ကြတယ်။ ပြီး​တော့ သူတို့​စိတ်ဝင်စားစရာ၊ စိုးရိမ်​စ​ရာတွေ​ဘက်​ကို ဖြည်းဖြည်းချင်း စကား​လမ်းကြောင်း​ပြောင်း​လိုက်တယ်။ သမီးတို့​မှာ စိုးရိမ်​စ​ရာ​ရှိတယ်ဆိုရင် အဖေ့ကို​ပြောပြ​စမ်း​လို့ တောင်းဆို​မယ်​ဆိုရင်တော့ သူတို့​ဘယ်တော့မှ ရင်ဖွင့်​မှာ​မဟုတ်ဘူး” ဟု​သူက​ဆို​၏။ မှန်ပါသည်၊ ကလေး​များ အရွယ်ရောက်​လာ​သည်​နှင့်​အမျှ သူတို့၏​အိပ်ရာဝင်ချိန်​ကို သင့်တော်​သလို ပြုပြင်ပေး​လို​ပေမည်။ သို့သော် သင်သည် လုပ်ရိုးလုပ်စဉ်​ကို ထိန်းထား​မည်​ဆိုလျှင် သင်၏​သားသမီး​များ​က​လည်း ထို​အချိန်ကို သင်​နှင့်​စကားပြော​ဆို​ရန် ဆက်လက်​အသုံးပြု​သွား​နိုင်​ဖွယ်​ရှိ​ပေမည်။

ထို့ ပြင် မိသားစု​များသည် တစ်နေ့​လျှင် အနည်းဆုံး​တစ်ကြိမ် အတူတကွ​စားသောက်​သော​အလေ့အထ​ကို ပညာရှိရှိ ပြုလုပ်​ပေမည်။ ဤ​အလေ့အထ တည်မြဲ​ရန်​မှာ စားသောက်​ချိန်​များသည် ပြောင်းသာလဲသာ​ရှိဖို့​တော့​လို​ပေမည်။ “ကျွန်တော် တစ်ခါ​တ​လေ အလုပ်​ကနေ အိမ်ပြန်​နောက်ကျ​တတ်တယ်။ ကျွန်တော့်​ကို သူတို့​စောင့်နေ​တဲ့​အချိန်​မှာ ကျွန်တော့်​ဇနီး​က ကလေး​တွေ ဗိုက်​သိပ်​မ​ဆာ​အောင် အဆာပြေ​မုန့်​တွေ​ကျွေး​ထား​တတ်တယ်။ ကျွန်တော်​တို့​မိသားစု အတူတကွ ထမင်း​လက်ဆုံ​စား​နိုင်အောင် အမြဲ အဲလို​စောင့်​ထား​ခိုင်းတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာ​တွေ​ကို ကျွန်တော်​တို့ ပြောဆို​ဆွေးနွေး​ကြတယ်။ ကျမ်းချက်​တစ်ချက်​ကို ပြန်လည်​သုံးသပ်​ကြတယ်။ ပြဿနာ​တွေ​ကို ပြောပြ​ကြတယ်၊ အတူတူ​ရယ်မော​ကြတယ်။ ကျွန်တော်​တို့​မိသားစု ပျော်ရွှင်ရေး​အတွက် ဒီ​လုပ်ရိုးလုပ်စဉ်​ဟာ အရမ်း​အရေးကြီးတယ်ဆိုတာ ကျွန်တော်​အလေးအနက် ပြော​လို​ပါ​တယ်” ဟု​သမီးလေး​နှစ်ဦး​၏​ဖခင် ချားလ်စ်​က​ဆို​သည်။

ဤ​အဆင့်​ကို ကျွမ်းကျင်​ပိုင်နိုင်​စွာ​လုပ်ဆောင်နိုင်ရန် မိသားစု​လုပ်ရိုးလုပ်စဉ်​များ​တွင် ရုပ်ပစ္စည်း​လိုက်စားခြင်း​ကို နေရာ​မပေး​လိုက်ပါ​နှင့်။ “သာ၍​အရေးကြီးသော​အရာ​တို့ကို သေချာစေပါ” ဟူသော​ကျမ်းစာ​ဆုံးမ​စကား​ကို ကျင့်သုံး​ပါ​လေ။—ဖိလိပ္ပိ ၁:၁၀က​ဘ။

မိမိတို့​သားသမီး​များနှင့်​ဆက်သွယ်ရေး တိုးတက်​ကောင်းမွန်​စေရန် အခြား​မည်သည့်​အရာများ​ကိုလည်း မိဘများ​လုပ်ဆောင်​နိုင်​သနည်း။

[စာမျက်နှာ ၇ ပါ အကျဉ်း​ဖော်ပြချက်]

“ခပ်သိမ်း​သော​အမှု​များ​ကို လျောက်ပတ်​စွာ အစီအစဉ်​အတိုင်း စီရင်​ကြလော့။”—၁ ကောရိန္သု ၁၄:၄၀၊ သမ္မာ။