မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေး၏ ခံစားချက်များကို ဂရုပြုပါ

သင့်ကလေး၏ ခံစားချက်များကို ဂရုပြုပါ

အဆင့် ၆

သင့်​ကလေး​၏ ခံစားချက်​များ​ကို ဂရုပြုပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ ကလေး​များသည် ၎င်းတို့၏​ဘဝတွင် အရေးအပါဆုံး​ပုဂ္ဂိုလ်​များ​ဖြစ်သည့် မိဘများ​အား မိမိတို့​မည်သို့​ခံစား​နေရ​သည်ကို သိစေလို​ကြ​ပြီး ထိုသို့​သိဖို့လည်း လိုအပ်​ကြသည်။ မိဘများသည် သားသမီး​များ​ပြောဆို​ရာ​ကို လက်မခံ​တတ်​သည့် အလေ့အထ​ရှိ​မည်​ဆိုလျှင် သားသမီး​များသည် မိဘများနှင့် ပွင့်ပွင့်လင်းလင်း စကားပြော​ဆို​ကြ​တော့​မည်​မဟုတ်ဘဲ မိမိတို့​တွင် ခံစား​တွေးတော​နိုင်စွမ်း​ရှိသည်​ကို​ပင် သံသယ​စ​ဝင်လာ​ပေ​လိမ့်​မည်။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– ကလေး​များသည် မိမိတို့၏​သဘောထားများ၊ စိတ်​လှုပ်ရှားမှုများ​ကို စကား​ကြီး​စကား​ကျယ်​သုံး​၍ ဖော်ပြ​တတ်ကြ​သည်။ မှန်ပါသည်၊ ကလေး​များ​ပြောဆို​သည့် စကား​အချို့​မှာ မိဘများ​အတွက် နား​စိမ်း​နေ​ပေမည်။ ဥပမာ၊ စိတ်​အလိုမကျ​ဖြစ်နေ​သည့် ကလေး​တစ်ဦး​က “အသက်ရှင်​ရတာကို မုန်း​လိုက်တာ” ဟု​ဆို​ပေမည်။ * ထို​အခါ မိဘ​တစ်ဦး​က အလိုလို​ပင် “အဲလို​မပြော​ရ​ဘူး” ဟု​တုံ့ ပြန်​ပေမည်။ ကလေး​တစ်ဦး၏ အပျက်​သဘောထားများကို အသိအမှတ်​ပြုခြင်း​က ၎င်းတို့ကို လက်ခံ​ခွင့်ပြု​ထား​ရာ​ရောက်မည်​ဟု မိဘများ​စိတ်ပူ​ကြ​ပေမည်။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– “နား​ကြား​ခြင်း​ငှာ လျင်မြန်​ကြ​စေ။ စကားပြော​ခြင်း​ငှာ​လည်းကောင်း၊ အမျက်ထွက်ခြင်း​ငှာ​လည်းကောင်း နှေး​ကြ​စေ” ဟူသော​ကျမ်းစာ​ဆုံးမ​စကား​ကို ကျင့်သုံး​ပါ။ (ယာကုပ် ၁:၁၉) ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​သစ္စာရှိ​ကျေးကျွန်​များစွာ​၏ အပျက်​သဘောထားများကို အသိအမှတ်ပြု​ကာ ယင်း​တို့ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​စေ​ခဲ့​ကြောင်း သတိပြုပါ။ (ကမ္ဘာဦး ၂၇:၄၆; ဆာလံ ၇၃:၁၂၊ ၁၃) ဥပမာ၊ ယောဘသည် စမ်းသပ်မှု​များနှင့် အပြင်းအထန်​ရင်ဆိုင်​ရသောအခါ သေ​လို​ကြောင်း ပြောဆို​ခဲ့​၏။—ယောဘ ၁၄:၁၃

ယောဘ​၏​အတွေးအခေါ်​တချို့​နှင့် ခံစားချက်​တချို့​ကို ပြုပြင်​တည့်မတ်​ပေး​ဖို့​လို​သည်​မှာ ထင်ရှား​၏။ သို့သော် ယေဟောဝါ​သည် ယောဘ​၏​ခံစားချက်​များ​ကို ငြင်းဆန်​ခြင်း သို့​မဟုတ် စကားပြော​ဆို​မှု​ကို ရပ်တန့်ခြင်း​ပြု​မည့်​အစား ရင်ဖွင့်​ရန် စိတ်ရှည်​စွာ​ခွင့်ပြု​ခြင်း​ဖြင့် ယောဘ​ကို ဂုဏ်တင်​ခဲ့​သည်။ ထို့နောက်​မှ​သာ ယေဟောဝါ​သည် သူ့ကို ကြင်နာ​စွာ ပြုပြင်​တည့်မတ်​ပေး​ခဲ့​သည်။ ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ခရစ်ယာန်​ဖခင်​တစ်ဦး​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ယေဟောဝါ​ဟာ ကျွန်တော့်​ကို ရင်ဖွင့်​ခွင့်၊ ဆုတောင်းခွင့်​ပြု​တဲ့​အတွက် ကျွန်တော့်​ကလေး​တွေ​ကိုလည်း သူတို့ရဲ့​အပြုသဘော​နဲ့ အပျက်​သဘောထားတွေကို ကျွန်တော့်​ဆီ ရင်ဖွင့်​ခွင့်ပြု​တာ​က တရား​နည်းလမ်း​ကျ​မယ်​လို့ ကျွန်တော်​ယူဆတယ်။”

နောင်​တစ်ကြိမ်​တွင် သင်သည် “မင်း အဲလို​ခံစား​မနေ​နဲ့” သို့​မဟုတ် “မင်း​အဲလို မစဉ်း​စား​ရ​ဘူး” ဟူ၍ ပြော​လို​စိတ်​ပေါ်လာ​ခဲ့​သော် “သင်တို့သည် ကိုယ်​၌ သူတစ်ပါး​ပြု​စေ​လို​သည်​အတိုင်း သူတစ်ပါး​၌ ပြု​ကြလော့” ဟူ​သည့် ယေရှု၏ ကျော်ကြား​သော​စည်းမျဉ်း​ကို သတိရပါ​လေ။ (လုကာ ၆:၃၁) ဥပမာ၊ သင်သည် လုပ်ငန်းခွင်​တွင် သင့်​အမှား​ကြောင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​ခံ​ခဲ့​ရသည်၊ သို့​မဟုတ် စိတ်ပျက်လက်ပျက်​ဖြစ်​ခဲ့​ရသည်ကို မြင်ယောင်​ကြည့်​ပါ။ မိမိ၏​စိတ်​အလိုမကျ​မှု​ကို ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​အား ဖော်ပြ​ကာ မိမိ၏​အလုပ်ကို နိုင်​နိုင်နင်း​နင်း​မ​လုပ်ကိုင်​နိုင်​ခဲ့​ကြောင်း ပြောပြ​သည်။ သင့်​မိတ်ဆွေ​အား မည်သို့ ပြုမူ​စေ​လို​မည်​နည်း။ သင့်​မိတ်ဆွေ​အား ခင်ဗျား အဲလို​ခံစား​မနေ​ပါ​နဲ့၊ ဘာပဲ​ဖြစ်ဖြစ် ဒီ​ပြဿနာ​က ခင်ဗျား​အမှား​ကြောင့်​ဖြစ်​ရတာ​ဟု ချက်ချင်း​ထောက်ပြ​စေ​လို​မည်​လော။ သို့​မဟုတ် သင့်​မိတ်ဆွေ​က “ခင်ဗျား အခက်တွေ့​ခဲ့​ရမှာ​ပေါ့​နော်။ ခင်ဗျား​အတွက် ပင်ပန်း​ခဲ့​ရတဲ့​နေ့​တစ်နေ့​ကိုး” ဟူ၍ ပြောဆိုခြင်း​ကို သင်​နှစ်သက်ပါ​မည်​လော။

ကလေး​များ​ကော လူကြီး​များ​ပါ မိမိတို့​နှင့် မိမိတို့​ရင်ဆိုင်​နေရ​သည့် အခက်အခဲ​များ​ကို နားလည်​ပေး​သူ​ဟု​ယူဆ​ရသည့် ပုဂ္ဂိုလ်​တစ်ဦးထံ​မှ​ပေး​လှာ​သော​အကြံဉာဏ်​ကို သာ၍​လက်ခံ​လို​ကြသည်။ “ပညာရှိ​သော​သူ၏​စိတ်နှလုံး​သည် နှုတ်​ကို​သွန်သင်​၍ သူ၏​နှုတ်​စကား​၌ သွေးဆောင်ခြင်း​တန်ခိုး​ကို ထပ်လောင်း​တတ်၏” ဟု​ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က​ဆို​သည်။—သု. ၁၆:၂၃သမ္မာ။

သင်ပေး​သမျှ​သော အကြံဉာဏ်​ကို အလေးအနက်​ထား​ကြောင်း မည်သို့​သေချာ​စေနိုင်​သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 မိမိ​ဘဝကို အဆုံးစီရင်​ရန်​ပြော​လှာ​သည့် ကလေး​တစ်ဦး၏ မည်သည့်​စကား​ကို​မဆို အလေးအနက်​ထား​ပါ။

[စာမျက်နှာ ၈ ပါ အကျဉ်း​ဖော်ပြချက်]

‘အကျိုးအကြောင်းကို​မ​စစ်​မီ​အမှု​စီရင်​သော​သူသည်​မိုက်​သော​အပြစ်ရှိ​၏။’—သု. ၁၈:၁၃