မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အခွင့်အာဏာကိုသုံးပါ

သင်၏အခွင့်အာဏာကိုသုံးပါ

အဆင့် ၃

သင်၏​အခွင့်အာဏာကို​သုံးပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ “မိမိတို့​သားသမီး​များ​ကို ကိုယ်ကျင့်တရား​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​တွင် ကူညီ​ထောက်​မပေး​သော်လည်း ခိုင်မာ​ပြတ်သား​သော ကန့်သတ်ချက်​များ​ကို ထိန်းသိမ်း​ထား​ကြ​သည့် မေတ္တာ​ပြည့်ဝ​၍ အာဏာ​သုံး​တတ်သော​မိဘများ​၏ အုပ်ထိန်းမှု​အောက်တွင် ကြီးပြင်း​ခဲ့​ရသော​ကလေး​များသည် သက်ညှာ​လွန်း​သော သို့​မဟုတ် ခက်ထန်​ကြမ်းတမ်း​လွန်း​သော မိဘများ​၏ သားသမီး​များ​ထက် ပညာရေး​တွင် ထူးချွန်​ကြ​ပြီး လူမှုပေါင်းသင်း​ဆက်ဆံ​ရေး​ပို​ကောင်း​သည့်​အပြင် ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချမှု​ရှိပြီး ပို​ပျော်ရွှင်​ကြ” ကြောင်း လေ့လာမှု​များ​က ဖော်ပြ​သည်​ဟု Parents မဂ္ဂဇင်းက​ဆို​၏။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– ကလေး​ဘဝ​မှ​စ၍ ဆယ်ကျော်သက်​အရွယ်​တစ်လျှောက်​လုံး​တွင် ကလေး​များသည် သူတို့​အပေါ် သင်၏​အခွင့်အာဏာ​အသုံးပြု​ပိုင်ခွင့်​ကို စောဒကတက်​ကြ​ပေ​လိမ့်​မည်။ “ကလေး​များသည် မိမိတို့၏​မိဘများ အဘယ်​အချိန်တွင် ၎င်းတို့၏​အခွင့်အာဏာကို ပြတ်ပြတ်သားသား​အသုံးပြုရန် ဝန်​လေး​ကြောင်း၊ အဘယ်​အချိန်တွင် အလျှော့ပေး​လိုက်လျော​နိုင်​ဖွယ်​ရှိကြောင်းကို အလွယ်တကူ သိမြင်​ကြသည်” ဟု​စာရေး​ဆရာ ဂျွန် ရို့စ် မ​န် က ၎င်း​၏ Parent Power စာအုပ်​တွင် ရေးသား​ထား​သည်။ “ ‘ဘယ်သူက အခွင့်အာဏာ​ရှိသူ​လဲ’ ဟူသော​ကိစ္စ​နှင့်​ပတ်သက်​လာ​လျှင် မိဘများသည် မိမိတို့​တာဝန်​ကို​မယူ​ပါ​က သားသမီး​များ​က ဝင်​ယူသွား​ပေ​လိမ့်​မည်” ဟု​သူက​ဆို​၏။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– သင်သည် မိမိ၏​အခွင့်အာဏာကို​သုံးလျှင် ကလေး​များနှင့် စိမ်းကား​သွား​မည် သို့​မဟုတ် သူတို့​စိတ်ဓာတ်ကျ​သွား​မည်​ကို မစိုးရိမ်​ပါ​နှင့်။ မိသားစု​ဘဝကို​အစပြု​သော​အရှင် ယေဟောဝါ​ဘုရားသခင်​သည် မိသားစုကို မည်သို့​အုပ်ထိန်း​ရမည်​နှင့်​ပတ်သက်​၍ သားသမီး​များ​အား တန်းတူ​အခွင့်အာဏာ​ပေး​ရန် ရည်ရွယ်​တော်​မ​မူ​ချေ။ ယင်းအစား ကိုယ်တော်​သည် မိဘများ​ကို အခွင့်အာဏာ​ရှိ​သူများ​အဖြစ် ခန့်အပ်​ထားပြီး သားသမီး​များ​ကို​မူ “မိဘ​စကား​ကို နားထောင်​ကြ” ရန်​မိန့်မှာ​ထား​တော်​မူ​၏။—ဧဖက် ၃:၁၄၊ ၁၅; ၆: ၁-၄

သင်သည် မိမိ၏​အခွင့်အာဏာကို အာဏာရှင်​မ​ဆန်​ဘဲ သုံးနိုင်​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။ ယေဟောဝါ​၏​စံနမူနာ​တော်​ကို တုပခြင်း​ဖြင့်​ဖြစ်သည်။ ကိုယ်တော်​သည် မိမိ၏​အလိုတော်​ဆောင်ရန် လူသား​သမီး​များ​ကို အတင်းအကျပ်​ပြု​နိုင်စွမ်း​ရှိသော်လည်း ကျွန်ုပ်​တို့၏​အရည်အချင်းကောင်းများကို အာရုံစိုက်​စေ​ကာ ဖျောင်းဖျ​တော်​မူ​၏။ ‘သင်သည် ငါ​၏​ပညတ်​များ​ကို စောင့်ရှောက်​ခဲ့​လျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​ဖြစ်​ရ​လိမ့်​မည်’ ဟု​ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​က ဖော်ပြ​သည်။ (ဟေရှာယ ၄၈:၁၈သမ္မာ) မိမိ​အား ကြောက်ရွံ့​ထိတ်လန့်​၍​မဟုတ်ဘဲ မိမိ​အား ချစ်​မြတ်နိုး​၍​သာ မိမိ၏​စကား​နားထောင်ခြင်း​ကို ယေဟောဝါ​အလိုတော်​ရှိ၏။ (၁ ယောဟန် ၅:၃) ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော်​တောင်းဆို​တော်​မူ​ရာ​များသည် အကျိုးသင့်အကြောင်းသင့်​ရှိပြီး ကိုယ်တော်​၏​ကျင့်ဝတ်​စံနှုန်း​များ​အတိုင်း ကျွန်ုပ်​တို့​နေထိုင်ပါ​က အကျိုး​ရရှိ​မည်​ကို ကိုယ်တော်​သိတော်မူ၏။—ဆာလံ ၁၉:၇-၁၁

သင်​ရရှိ​ထားသော မိဘ​အခွင့်အာဏာကို ချင့်ချင့်ချိန်ချိန် ကျင့်သုံး​နိုင်​ကြောင်း မည်သို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။ ဦးဆုံး​အနေ​နှင့် ယင်း​သို့​ကျင့်သုံး​ရန် သင့်ထံ​မှ ဘုရားသခင်​တောင်းဆို​ထား​ကြောင်း သင်​လက်ခံ​ယုံကြည်ဖို့​လို​ပေ​သည်။ ဒုတိယ​အနေ​နှင့် ဘုရားသခင့်​ကျင့်ဝတ်​စံနှုန်း​များ​အတိုင်း နေထိုင်ခြင်း​သည် သင်​နှင့် သင့်​သားသမီး​များ​အတွက် အကောင်းဆုံး​ဖြစ်​ကြောင်း သင် လက်ခံ​ယုံကြည်​ရမည်​ဖြစ်၏။—ရောမ ၁၂:၂

သင်၏​အခွင့်အာဏာကို​သုံး​ရန် အဘယ်အရာကို သင် တိတိကျကျ လုပ်ဆောင်​ရမည်​နည်း။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

‘သင်၏​သားကို ဆုံးမ​လော့။ သို့ပြုလျှင် သူသည် သင့်​အား စိတ်​ချမ်းသာ​စေ​လိမ့်​မည်။’—သု. ၂၉:၁၇၊ သမ္မာ။