မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြံဉာဏ်ကောင်းရယူပါ

အကြံဉာဏ်ကောင်းရယူပါ

အဆင့် ၁

အကြံဉာဏ်​ကောင်း​ရယူပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ မွေးကင်းစ​ကလေး​ကို မိဘများ ပထမ​ဆုံး​အကြိမ် ပွေ့ချီ​ထားချိန်​တွင် ခံစားချက်​များ​မှာ အမျိုးမျိုး​ပြောင်းလဲ​နေ​ပေမည်။ “ကျွန်တော် အရမ်း​ဝမ်းသာတယ်။ အံ့​လည်း​အံ့သြ​တယ်။ ဒါပေမဲ့ တာဝန်​ယူရ​တော့​မယ်​ဆို​တဲ့​အသိ၊ ဖခင်​တစ်ယောက်​ဖြစ်​ဖို့ အဆင်သင့်​မဖြစ်သေး​ဘူးဆို​တဲ့​အသိ​တွေ​က ကျွန်တော့်​ကို ဖိစီး​နေတယ်” ဟု​ဗြိတိန်​နိုင်ငံ​တွင်​နေထိုင်​သော ဖခင်​တစ်ဦး​က​ဆို​၏။ အာဂျင်တီးနား​နိုင်ငံ​တွင် နေထိုင်​သော မိခင်​တစ်ဦး​ဖြစ်သူ မော်​နီ​ကာ​က ဤသို့​ဆို​သည်– “ကျွန်မ​သမီးလေးကို ပြုစု​စောင့်ရှောက်​နိုင်​ပါ့​မလားလို့ ကျွန်မ​တွေးပူ​မိတယ်။ ‘တာဝန်​သိတတ်တဲ့ လူကြီး​တစ်ယောက်​ဖြစ်​လာအောင် ကျွန်မ​လေ့ကျင့်​သွန်သင်ပေး​နိုင်​ပါ့​မလား’ လို့​လည်း စဉ်းစား​မိတယ်။”

အဆိုပါ​မိဘများ​၏ ရွှင်လန်းမှုများ​နှင့် စိုးရိမ်​ပူပန်မှု​များ​ကို သင် စာနာ​ပေး​နိုင်​ပါသလော။ ကလေးငယ်​တစ်ဦး​အား ပြုစု​ပျိုးထောင်​ပေးခြင်း​သည် လူသား​တို့ ကြိုးပမ်း​အားထုတ်​နိုင်​သမျှ တာဝန်​များ​တွင် အပင်​ပန်း​ဆုံး၊ အခက်ခဲဆုံး​ဖြစ်သော်လည်း စိတ်​ကျေနပ်ဖွယ်​ကောင်းပြီး အကျိုးနပ်​သော တာဝန်​တစ်ခု​ဖြစ်သည်​မှာ သေချာ​ပါ​သည်။ “ကလေး​ဘဝ​ဆိုတာ တစ်ခါ​ပဲ​ရှိပေမဲ့ မိဘတွေ​ပြု​မိ​နိုင်​တဲ့​အမှားတွေ​ကြောင့် သူတို့ကို တစ်သက်လုံး ထိခိုက်​သွားနိုင်တယ်” ဟု​ဖခင်​တစ်ဦး​ဆို​ခဲ့​သည့်​အတိုင်း​ပင် ဖြစ်သည်။ မိဘများသည် မိမိတို့​သားသမီး​များ​၏ ကျန်းမာ​ရေး​နှင့် ပျော်ရွှင်ရေး​အပေါ် အလွန်​သြဇာညောင်း​သည်​ဖြစ်​ရာ ပို​၍​ကောင်းသော​မိဘ​တစ်ဦး​ဖြစ်​ရန် ယုံကြည်​စိတ်ချ​ရသော အကြံဉာဏ်​ရရှိဖို့ အလွန်​လိုအပ်​သည်​ဟု သင်​ခံစားရ​ပေမည်။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– သားသမီး​ပြုစု​ပျိုးထောင်​ခြင်း​နှင့်​ပတ်သက်​၍ လူတိုင်း​တွင် အကြံဉာဏ်​ရှိကြ​ဟန်​တူ​သည်။ ရှေး​ယခင်​က မိဘ​ဖြစ်​ခါ​စ​သူများ​သည် မိမိတို့​မိဘများ​၏​ပုံ​နမူနာကို အတုယူ​ခဲ့​ကြသည် သို့​မဟုတ် မိမိတို့၏​ဘာသာရေး​ယုံကြည်ချက်များ​အပေါ် အခြေပြု​၍ သားသမီး​များ​ကို လမ်းညွှန်​ခဲ့​ကြသည်။ သို့သော် နိုင်ငံ​များစွာ​တွင် မိသားစု​အစီအစဉ်မှာ ဖရိုဖရဲ​ဖြစ်​လျက်​ရှိ၏။ ဘာသာ​တရားသည်​လည်း ဩဇာ​မ​ညောင်း​တော့​ပေ။ သို့ ဖြစ်၍ မိဘ​များစွာ​သည် အကြံဉာဏ်​အတွက် မိဘ​အုပ်ထိန်းမှု​ဆိုင်ရာ ကျွမ်းကျင်​ပညာရှင်​များ​ကို အားထားကြ​သည်။ အဆိုပါ ပညာရှင်​အချို့​၏ အကြံဉာဏ်​များ​မှာ အခြေအမြစ်​ရှိသော​မူများ​အပေါ် အခြေခံ​ပါ​သည်။ သို့သော် အခြား​ဖြစ်ရပ်​များ​တွင် ထို​ပညာရှင်​တို့၏​အကြံဉာဏ်​များ​မှာ ရှေ့နောက်​မညီ​သည့်​အပြင် ခေတ်​ကုန်​သွားပြီ​ဟု အဆောတလျင် သတ်မှတ်​ခံရ​ပေမည်။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– သားသမီး​ပြုစု​ပျိုးထောင်​နည်း​နှင့်​ပတ်သက်​၍ အသိဆုံး​ပုဂ္ဂိုလ်​ဖြစ်သူ လူ့​အသက်​၏​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​၏ အကြံဉာဏ်​ကို ရယူပါ​လေ။ (တမန်​တော် ၁၇:၂၆-၂၈) ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် တိုက်ရိုက်​ကျ​သော​အကြံဉာဏ်​နှင့် လက်တွေ့ကျ​သော​ပုံ​နမူနာ​များ​ပါဝင်​သည်​ဖြစ်​ရာ ယင်း​တို့​က သင့်​အား ပို​၍​ကောင်းသော​မိဘ​တစ်ဦး​ဖြစ်လာ​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။ “သင့်ကို ငါ​ကြည့်ရှု​၍ အကြံပေး​မည်” ဟု ကိုယ်တော်​ကတိပြု​တော်​မူ​၏။—ဆာလံ ၃၂:၈သမ္မာ။

ပျော်ရွှင်သော​သားသမီး​များ​ကို ပြုစု​ပျိုးထောင်​ရန် မိဘများ​အား ကူညီ​ပေး​နိုင်​သည့် အဘယ်​အကြံဉာဏ်​ကို ဘုရားသခင်​ပေး​တော်​မူ​သနည်း။

[စာမျက်နှာ ၃ ပါ အကျဉ်း​ဖော်ပြချက်]

‘ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မပြု​နှင့်။’—သု. ၃:၅