မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတင်းအဖျင်းတွေကို ငါဘယ်လို တားရမလဲ

အတင်းအဖျင်းတွေကို ငါဘယ်လို တားရမလဲ

လူငယ်များ​အမေး . . .

အတင်းအဖျင်းတွေကို ငါ​ဘယ်လို တား​ရမလဲ

“တစ်ခါ​တုန်း​က ကျွန်မ​ပါတီပွဲ​တက်ပြီး နောက်​တစ်နေ့​မှာ အဲဒီမှာ​ရှိတဲ့ ကောင်လေး​တစ်ယောက်​နဲ့ ကျွန်မ​လိင်​အကျင့်​ယိုယွင်း​ခဲ့​တယ်​ဆို​တဲ့ ကော​လာ​ဟ​လ​သတင်း ပြန့်​သွားတယ်။ အဲဒါ လုံးဝ​မဟုတ်ဘူး။”—လင်ဒါ။ *

“တစ်ခါ​တ​လေ တစ်ယောက်ယောက်​နဲ့ ကျွန်တော်​ချိန်းတွေ့​တယ်​ဆို​တဲ့ ကော​လာ​ဟ​လ ကြား​ရတယ်။ တကယ်တော့ အဲဒီ​လူကို ကျွန်တော်​သိတောင်​မသိ​ဘူး။ အတင်းအဖျင်း​ပြောသူ​အများစုဟာ အဖြစ်မှန်​ကို​စုံစမ်း​ဖို့ မကြိုးစား​ကြဘူး။”—မိုက်။

သင့်​ဘဝတွင် အတင်းအဖျင်း​သည် ရုပ်ရှင်​ဇာတ်လမ်း​တစ်ပုဒ်​ထက်​ပင် ပို​၍​ရှုပ်ထွေး​နိုင်​သည်။ အသက် ၁၉ နှစ်အရွယ် အမ်​ဘာကို မေးကြည့်ပါ။ သူက “ကျွန်မ​ဟာ အမြဲ​ပဲ အတင်းအဖျင်း​ပြော​ခံရ​တယ်။ ကျွန်မ​မှာ ကိုယ်ဝန်​ရှိနေပြီ၊ အဲဒါကို ဖျက်​ချ​လိုက်တယ်၊ ပြီး​တော့ ကျွန်မ​ဟာ မူးယစ်​ဆေးဝါး​ရောင်းဝယ်​တယ်၊ သုံးစွဲ​တယ်​ဆို​တဲ့ ကော​လာ​ဟ​လတွေ ထွက်​ခဲ့​တယ်။ လူတွေ ဘာကြောင့် ကျွန်မ​ကို ဒီလို​ပြော​ကြ​တာလဲ။ ကျွန်မ တကယ်​မသိတော့ဘူး” ဟု​ပြောပြ​သည်။

အဆင့်မြင့်​နည်း​ပညာ​ဖြင့် အတင်းအဖျင်း​ပြော​ခြင်း

သင့်​မိဘများ ဆယ်ကျော်သက်​အရွယ်​က နောက်ဆုံး​ရ​အတင်းအဖျင်း​များ​ကို နှုတ်ဖြင့်သာ အများဆုံး​ဖြန့်ဝေ​ခဲ့​ကြသည်။ သို့သော် ယနေ့​တွင်​မူ အတင်းအဖျင်း​ကို အဆင့်မြင့်​နည်း​ပညာ​ဖြင့် ဖြန့်ဝေ​လာကြပြီ။ မလို​တ​မာ​စိတ်​ရှိသော ယောက်ျား​ကလေး​တစ်ဦး သို့​မဟုတ် မိန်းကလေး​တစ်ဦး​သည် အီးမေးလ်၊ သတင်း​တို​ပို့ ခြင်း​စ​သည့်​အရာများ​ဖြင့် စကား​တစ်ခွန်း​မျှ​မပြော​ဘဲ သင့်​ဂုဏ်​သတင်းကို ညှိုးနွမ်း​စေနိုင်​သည်။ သိ​မ်ဖျင်း​သော ကော​လာ​ဟ​လ​များ​ကို အငမ်းမရ​ဖြစ်နေ​သူများ​ထံ​ပို့​ရန် ခလုတ်​အနည်းငယ် နှိပ်​လိုက်​ရုံ​သာ​လို​သည်။

အင်တာနက်​သည် အတင်းအဖျင်း​ပြောသူ​များ​အကြိုက်​ဖြစ်​ကာ တယ်လီဖုန်း​၏​နေရာကို အလျင်အမြန်​ပင် အစားထိုး​နေရာယူ​လာပြီ​ဟု အချို့​က​ဆို​ကြသည်။ အချို့​ကိစ္စ​များ​တွင် ဝက်ဘ်ဆိုက်​တစ်ခုလုံး​သည် တစ်စုံ​တစ်ယောက်​အား အပုပ်ချ​ရန်​တင်ထား​ခြင်း​သာ​ဖြစ်၏။ အွန်လိုင်း​ဘလော့ဂ်​စ် [online blogs] —ကိုယ်ပိုင်​နေ့စဉ်​မှတ်တမ်းများ​ပါဝင်သော ဝက်ဘ်ဆိုက်​များ—ကို သာ၍​အသုံးများ​လာ​ရာ ယင်း​တို့​တွင် လူ​ကိုယ်တိုင်​သာ​ဆိုလျှင် ဘယ်တော့​မျှ​ပြော​မည်​မဟုတ်သည့် အတင်းအဖျင်း​များ​ဖြင့်​ပြည့်နေ​၏။ လေ့လာမှု​တစ်ခု​အရ အွန်လိုင်း​ပေါ်​၌ မိမိတို့​အကြောင်းကို အပုပ်ချ​ရေးသား​ထား​ကြောင်း လူငယ် ၅၈ ရာခိုင်နှုန်း​က ပြော​ခဲ့​ကြ​၏။

သို့သော် အခြားသူများ​အကြောင်း ပြောဆိုခြင်း​သည် အမြဲ​ပင် မှား​သလော။

အတင်းအဖျင်း​ပြော​ခြင်း​သည် ကောင်း​ပါသလော

အောက်ပါ​ဖော်ပြချက်​သည် မှန်​သလော၊ မှား​သလော။

အတင်းအဖျင်း​ပြော​ခြင်း​သည် အမြဲ​မကောင်း​ပါ။ မှန် မှား

အဖြေ​မှန်​ကား အဘယ်နည်း။ ယင်းသည် “အတင်းအဖျင်း” ဟူသော​စကားလုံး​ကို သင်​အဓိပ္ပာယ်​ဖွင့်ဆို​ပုံ​ပေါ် မူတည်​သည်။ ထိုစကား​လုံး​သည် အမှတ်တမဲ့​ပြောဆိုခြင်း​ကို​ဆို​လိုလျှင် ယင်းကို ပြောဆို​သင့်​သော​အချိန်​အခါ​ရှိ​ပေမည်။ ထို့ ပြင် သမ္မာကျမ်းစာ​က “သူတစ်ပါး​အကြောင်းကို စိတ်ဝင်စား​ပါ” ဟု​ဆို​၏။ (ဖိလိပ္ပိ ၂:၄New Century Version) ယင်းက ကိုယ်​နှင့်​မဆိုင်သော​ကိစ္စ​များ​တွင် ဝင်​စပ်စု​ရန် ပြောနေခြင်း​မဟုတ်​ချေ။ (၁ ပေတရု ၄:၁၅) သို့သော် မည်သူ လက်ထပ်​သွား​သည်၊ မည်သူ ကလေး​မွေး​သည်၊ မည်သူက မည်သို့သော​အကူအညီ​လို​သည်​စ​သော သာမန်​ပြောဆို​လိုက်​သည့်​စကား​များ​မှာ အကျိုးရှိ​သော​အကြောင်းအရာများ ဖြစ်တတ်​သည်။ အမှန်​မှာ အခြားသူများ​အကြောင်းကို လုံးဝ​မပြော​ဘဲ​နှင့် သူတို့ကို စိတ်ဝင်စား​သည်၊ ဂရုစိုက်​သည်​ဟု မဆို​နိုင်​ချေ။

သို့သော် အမှတ်တမဲ့​ပြောဆို​လိုက်​သော​စကား​များသည် ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​ဖြစ်သွား​နိုင်၏။ ဥပမာ၊ “မောင်​ဘ​နဲ့ မ​စု​က လိုက်ဖက်​တဲ့​ဇနီး​မောင်နှံ​ဖြစ်​နိုင်တယ်” ဟူ​သည့် သဘော​ရိုး​ဖြင့်​ပြောလိုက်​သော​စကား​ကို “မောင်​ဘ​နဲ့ မ​စု​က ဇနီး​မောင်နှံ​ဖြစ်တယ်” ဟူသော​အဓိပ္ပာယ်​ဖြင့် ပြန်​ပြော​မိ​နိုင်​သည်။ သို့သော် မောင်​ဘ​နှင့် မ​စု​တို့​ကြား​တွင်​မူ မည်သည့်​အချစ်​ဇာတ်လမ်း​မျှ​မရှိ​ချေ။ သင်သည် မောင်​ဘ သို့​မဟုတ် မ​စု တစ်ဦးဦး​မဟုတ်လျှင် ယင်းသည် ကြီး​လေး​သော​ပြဿနာ​မဟုတ်​ဟု သင်​ပြော​ပေမည်။

အသက် ၁၈ နှစ်အရွယ် ဂျူလီ​သည် ယင်း​သို့​သော​အတင်းအဖျင်း​ပြောဆို​ခံ​ခဲ့​ရ​၍ စိတ်ထိခိုက်​ခဲ့​ရသည်။ သူက “အဲဒါ​ကြောင့် ကျွန်မ ဒေါသ​ထွက်​ခဲ့​တယ်။ တခြားသူ​တွေ​ကို​ယုံ​ရမှာ​လည်း ကြောက်​လာတယ်” ဟု​ပြော​သည်။ အသက် ၁၉ နှစ်​ရှိ ဂျိန်း​လည်း ထပ်​ထူ​အခြေအနေ​မျိုး​နှင့် ကြုံတွေ့​ခဲ့​ရသည်။ “ကျွန်မ​တို့ ချိန်းတွေ့ ကြတယ်​ဆို​တဲ့ ကော​လာ​ဟ​လ​ကြောင့် ကျွန်မ အဲဒီ​ကောင်လေး​ကို ရှောင်​လိုက်ရတယ်။ အဲဒါ​မတရား​ဘူး။ ကျွန်မ​တို့​က သူငယ်ချင်းတွေ​ဖြစ်​လို့ ကော​လာ​ဟ​လ​မ​ထွက်​ဘဲ စကားပြော​လို့​ရသင့်တယ်။”

ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​သည် အလွန်​ပင် ဆိုးကျိုး​သက်ရောက်​သည်​မှာ ထင်ရှား​၏။ သို့သော် ထိခိုက်​နစ်နာ​သူ​အများစုက အတင်းအဖျင်း​ပြော​ခြင်း​တွင် မိမိတို့​လည်း ပါဝင်​ခဲ့​ဖူး​သည်​ဟု ရှော​ရှော​ရှူရှူ​ဝန်ခံ​ကြ​ပေမည်။ အမှန်​မှာ တစ်စုံ​တစ်ယောက်​အား ပုတ်ခတ်​သော​စကား​များ စတင်​ပြောဆို​သောအခါ ယင်း​တွင်​ပါဝင်​ရန် အလွယ်တကူ​သွေးဆောင်​ခံရ​နိုင်​သည်။ အဘယ်ကြောင့်​နည်း။ “အဲဒါ​က အပျင်း​ပြေ​ပြော​တဲ့​စကား​ဖြစ်တယ်။ လူတွေဟာ ကိုယ့်​အရေး​ထက် သူတစ်ပါး​အရေး​ကို ပို​အာရုံစိုက်​ကြတယ်” ဟု အသက် ၁၈ နှစ်​ရှိ ဖိလစ်​က​ပြောပြ​သည်။ ထို့​ကြောင့် သဘော​ရိုး​ဖြင့်​ပြော​သော​စကား​သည် ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​ဖြစ်လာ​ပါ​က သင်​မည်သို့ လုပ်ဆောင်​နိုင်​သနည်း။

စကား​လမ်းကြောင်းကို သတိရှိရှိ​ပြောင်း​လိုက်ပါ

ကား​ရှုပ်​သော​အဝေးပြေးလမ်း​မကြီး​ပေါ်​တွင် ကားမောင်း​ရန် လိုအပ်သော​ကျွမ်းကျင်​မှု​ကို စဉ်းစား​ကြည့်​ပါ။ မမျှော်လင့်​ဘဲ သင့်​လမ်းကြောင်းကို​ပြောင်း​လိုက်ရ​မည့်၊ အရှိန်​လျှော့​ရမည့် သို့​မဟုတ် ရပ်တန့်​လိုက်ရ​မည့် အခြေအနေ​တစ်ခု ပေါ်လာ​ပေမည်။ သတိ​ရှိပြီး ဘေးကင်းရေး​ကို သင်​အလေးထား​ပါ​က ရှေ့တွင်​ရှိသော​အရာ​ကို ကြည့်​၍ အလိုက်သင့် တုံ့ပြန်​မည်။

စကား​လက်ဆုံ​ပြောဆို​ရာ​တွင်​လည်း အလားတူ​ဖြစ်သည်။ စကားပြော​ဆို​မှု​သည် ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​အဖြစ်သို့ လမ်းကြောင်း​ပြောင်း​သွား​ကြောင်း များသောအားဖြင့် သင်​သိရှိ​နိုင်​သည်။ ထိုသို့​ဖြစ်သွား​ပါ​က သင်သည် စကား​လမ်းကြောင်းကို ကျွမ်းကျင်​လိမ္မာ​စွာ​ပြောင်း​လိုက်​နိုင်​သလော။ သင် ထိုသို့​မပြု​လုပ်ပါ​က အတင်းအဖျင်း​သည် ပျက်စီး​စေနိုင်​ကြောင်း သတိပြုပါ။ “ယောက်ျားလေး​တွေ​ကို အရူးအမူး​စွဲလမ်း​တယ်​ဆိုပြီး မိန်းကလေး​တစ်ယောက်​နဲ့​ပတ်သက်​လို့ ကျွန်တော် မ​စာ​မ​နာ​ပြော​လိုက်တာ​ကို အဲဒီ​မိန်းကလေး ပြန်ကြား​သွားတယ်။ ကျွန်တော့်​ရဲ့ မဆင်မခြင်​ပြောလိုက်​တဲ့​စကား​ကြောင့် သူ​ဘယ်လောက် စိတ်ထိခိုက်​သွား​သလဲ​ဆိုရင် ကျွန်တော်​နဲ့ ပက်ပင်းတိုး​တဲ့​အခါ သူ​အော်​လိုက်တဲ့​အသံကို ကျွန်တော် ဘယ်တော့မှ​မေ့​မှာ​မဟုတ်ဘူး။ ကျွန်တော်​တို့ ပြန်​သင့်မြတ်​သွားပေ​မဲ့ အဲဒီနည်းနဲ့ တစ်ယောက်ယောက်​ကို စိတ်​ထိခိုက်အောင် လုပ်လိုက်တယ်​ဆိုတာ​သိရလို့ ကျွန်တော်​စိတ်မကောင်း​ဖြစ်​မိတယ်” ဟု​မိုက်​က ပြန်​ပြော​သည်။

စကား​လက်ဆုံ​ပြောဆိုမှု​သည် အတင်းအဖျင်း​အဖြစ်သို့ လမ်းကြောင်း​ပြောင်း​သွားပါ​က ယင်းကို ဟန့်တား​ရန် သတ္တိ​ရှိဖို့လို​မည်​မှာ အမှန်ပင်။ အသက် ၁၇ နှစ်အရွယ် ကာရို​လိုင်း​က ဤသို့​ထောက်ပြ​သည်– “ကိုယ်​ပြောဆို​နေတဲ့​အကြောင်းကို သတိထားဖို့​လိုတယ်။ အဲဒီ​အကြောင်းဟာ ယုံကြည်​စိတ်ချ​ရတဲ့​နေရာ​က ကြား​လာတာ​မဟုတ်ဘူး​ဆိုရင် သင်ဟာ မုသာ​ဖြန့်​သူ​တစ်ဦး​ဖြစ်သွား​နိုင်တယ်။”

ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​ကို​ရှောင်ရန် သမ္မာ​ကျမ်းစာ​ပါ အောက်ပါ​ကျမ်းချက်​များ​၏​အကြံပြုချက်ကို လိုက်လျှောက်ပါ–

“စကား​များသောအားဖြင့် အပြစ်​ပါ​တတ်၏။ မိမိ​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူ​ကား ပညာရှိ​၏။” (သု. ၁၀:၁၉) သင်​စကား​များများ​ပြော​လေ နောက်ပိုင်း​တွင် စိတ်မကောင်း​ဖြစ်​ရမည့်​စကား​များ ပြော​မိ​လေ​ဖြစ်​နိုင်​သည်။ ထို့​ကြောင့် လေ​ပေါ​သူ​ဖြစ်​မည့်​အစား တိတ်ဆိတ်​စွာ​နားထောင်သူ​ဖြစ်​ခြင်း​က သာ၍​ကောင်း​ပါ​သည်။

“ဖြောင့်မတ်​သော​သူသည် အဘယ်​သို့ ပြန်​ပြော​ရမည်ကို စိတ်နှလုံး​ထဲမှာ ဆင်ခြင်​တတ်၏။ မတရားသော​သူ၏​နှုတ်​မူ​ကား မကောင်းသော​အရာ​တို့ကို သွန်းလောင်း​တတ်၏။” (သု. ၁၅:၂၈) သင်​စကား​မပြော​မီ စဉ်းစားပါ။

“မှန်သော​စကား​ကို​သာ အချင်းချင်း​တစ်ယောက်​နှင့်​တစ်ယောက်​ပြော​ကြလော့။” (ဧဖက် ၄:၂၅) အကြောင်းအရာကို​ပြန်​မပြော​မီ အမှန်​ဖြစ်​ကြောင်း သေချာစေပါ။

“သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လို​သည်​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။” (လုကာ ၆:၃၁) အဖြစ်မှန်​ပင်​ဖြစ်ပါစေ တစ်စုံ​တစ်ဦး၏​အကြောင်းကို မပြော​မီ သင့်ကို​သင်​မေးပါ– “အကယ်၍ ငါ​သာ သူ့​နေရာမှာ​ဆိုရင် ဒါမှ​မဟုတ် ငါ့​အကြောင်းကို တစ်ယောက်ယောက်​က ဖောက်သည်ချ​လိုက်မယ်​ဆိုရင် ငါ​ဘယ်လို​ခံစား​ရမလဲ။”

“ငြိမ်သက်ခြင်း​နှင့်​လည်းကောင်း၊ အချင်းချင်း​တည်ဆောက်​ခြင်း​နှင့်​လည်းကောင်း ယှဉ်​သော​အရာ​တို့ကို မီအောင်လိုက်​ကြ​ကုန်​အံ့။” (ရောမ ၁၄:၁၉) အဖြစ်မှန်​ဖြစ်သည့်​တိုင် တည်ဆောက်​စ​ရာ​မဟုတ်ပါ​က ထိခိုက်​နစ်နာ​စေနိုင်​သည်။

“ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​အမှုကို​ဆောင်ရွက်လျက်၊ ကိုယ်လက်​နှင့်​လုပ်ဆောင်ခြင်း​ငှာ စေတနာ​စိတ်​နှင့်​ကြိုးစား​အားထုတ်” ပါ။ (၁ သက်သာလောနိတ် ၄:၁၂) အခြားသူများ​၏​အရေးကိစ္စ​တွင် အာရုံနစ်​မြုပ်​မနေ​ပါ​နှင့်။ သင့်​အချိန်ကို အသုံးချ​နိုင်​သည့် သာ၍​ကောင်းသော​နည်းလမ်းများ​ရှိပါ​သည်။

သင် အတင်းအဖျင်း​ပြော​ခံရသော​အခါ

လူတစ်ဦး​သည် မိမိ​နှုတ်​ကို​စောင့်စည်း​ကာ အခြား​သူများ​နှင့်​ပတ်သက်​သည့် အတင်းအဖျင်း​ပြော​ခြင်း​ကို ရှောင်သင့်​ကြောင်း သင်​သဘောတူ​ပေမည်။ သို့သော် သင်သည် အတင်းအဖျင်း​အပြော​ခံရ​သူ​ဖြစ်​လျှင် ဤ​ကိစ္စ​ကို ပို​၍​အလေးအနက်​ထား​ပေမည်။ မတရား​အတင်းအဖျင်း​အပြော​ခံရ​သူ အသက် ၁၆ နှစ်အရွယ် ဂျို​အန်း​က “ကျွန်မ​မှာ နောက်ထပ် အပေါင်းအသင်း​မိတ်ဆွေ​တွေ မရှိ​နိုင်​တော့​ဘူးလို့ ခံစား​ရတယ်။ တချို့ ည​တွေ​မှာ​ဆိုရင် အိပ်ပျော်​သွားတဲ့​အထိ ငို​ခဲ့​ရတယ်။ ကျွန်မ​ရဲ့​ဂုဏ်​သိက္ခာ ဖျက်ဆီး​ခံ​လိုက်ရ​ပြီ​လို့​ခံစား​ရတယ်” ဟု​ဆို​သည်။

အခြေအမြစ်​မရှိသော ကော​လာ​ဟ​လ​သတင်း အ​ဖြန့်​ခံရသော​အခါ သင် ဘာလုပ်​နိုင်​သနည်း။

စကား​များ​၏​နောက်ကွယ်​ကို​ကြည့်​ပါ။ အဘယ်အရာက လူ​တို့အား အတင်းအဖျင်း​ပြော​ရန် လှုံ့ဆော်​သည်ကို နားလည်​ဖို့​ကြိုးစား​ပါ။ အချို့​မှာ နှံ့စပ်​သည်​ဟူ၍ သတင်း​ကြီး​လို​သောကြောင့်​ဖြစ်သည်။ “ခေတ်မီ​တဲ့​သူတွေ​ဖြစ်​လို့ သူများ​အကြောင်းကို ပြောဆို​နိုင်တာ​ဆိုပြီး အထင်​ခံ​ချင်​ကြတယ်” ဟု​အသက် ၁၄ နှစ်အရွယ် ကာရင်​က​ပြော​သည်။ မိမိကိုယ်ကို​ယုံကြည်​စိတ်ချမှု​မရှိသော လူငယ်​အချို့​သည် အခြား​သူများကို ကဲ့ရဲ့​ရှုတ်ချခြင်း​ဖြင့် မိမိတို့​က သာလွန်​သည်​ဟု ထင်မှတ်​ကြ​၏။ အသက် ၁၇ နှစ်အရွယ် ရာ​နေး​က လူများ​အတင်းအဖျင်း​ပြော​ရသည့် နောက်​အကြောင်းရင်း​တစ်ခု​ကို ပြောပြ​သည်။ “လူတွေဟာ ပျင်းရိ​ငြီးငွေ့​နေကြ​လို့ စိတ်​လှုပ်ရှား​စ​ရာတွေ ဖန်တီး​ပြီး ဘဝကို ပို​ပြီး​စိတ်ဝင်စားစရာ​ဖြစ်အောင် ကော​လာ​ဟ​လတွေ လွှင့်​ကြ​တော့​တယ်” ဟု​သူက​ဆို​၏။

သင့်​စိတ်​လှုပ်ရှားမှု​ကို ထိန်းချုပ်​ပါ။ ထိခိုက်​နစ်နာ​စေသော အတင်းအဖျင်း​ကြောင့် ထိခိုက်​ခံရ​သူသည် နာကြည်းမှု​ကို မွေး​ထား​ပါ​က နောင်​တွင် ဝမ်းနည်း​ရမည့်​နည်းဖြင့် တုံ့ ပြန်​မိ​နိုင်​သည်။ “စိတ်​တို​သော​သူသည် မိုက်​စွာ​သော​အမှုကိုပြု​တတ်၏” ဟု​နယပုံပြင် ၁၄:၁၇ က​ဆို​သည်။ အလုပ်​ထက် အပြော​က​ပို​လွယ်​သော်လည်း ယခု​အချိန်​သည် ခါတိုင်းထက် ပို​၍​ချုပ်တည်း​ရမည့်​အချိန်​ဖြစ်သည်။ သင်​ထိုသို့ ပြုလုပ်​ပါ​က သင့်​အကြောင်း အတင်းအဖျင်း​ပြောသူ​ကဲ့သို့ ပညာ​မဲ့​စွာ​ပြုမူခြင်း​ကို ရှောင်ရှား​နိုင်​ပါ​လိမ့်​မည်။

အကြောင်းရင်း​အမှန်​ကို ဆန်းစစ်​ပါ။ သင့်ကိုယ်​သင် အောက်ပါ​အတိုင်း​မေးပါ– သူတို့​တကယ်ပဲ ငါ့​အကြောင်း​ပြော​နေတာလား။ အဲဒါ​က ကော​လာ​ဟ​လ​လား၊ ဒါမှ​မဟုတ် အလေးထား​ရမယ့် နားလည်​လွဲ​မှု​လား။ ငါ သိပ်​အကဲဆတ်​နေ​သလား။ သို့သော် ထိခိုက်​နစ်နာ​စေသော​အတင်းအဖျင်း​အတွက် အကြောင်းပြချက်​မရှိပါ။ သို့သော် လွန်လွန်ကဲကဲ​တုံ့ ပြန်​ခြင်း​က အတင်းအဖျင်း​ထက်​ပင် သင့်​အား ပို​၍​ထိခိုက်​စေနိုင်​ပါ​သည်။ ရာ​နေး​အား အထောက်အကူ​ပြု​ခဲ့​သော​သဘောထားကို လက်ခံပါ​လေ။ “တစ်ယောက်ယောက်​က ကျွန်မ​အကြောင်း မကောင်း​ပြော​တဲ့​အခါ ကျွန်မ​စိတ်ထိခိုက်​ပေမဲ့ အဲဒါကို ရေး​ကြီး​ခွင့်​ကျယ်​မလုပ်မိဖို့ ကြိုးစား​တယ်။ အကြောင်းကတော့ နောက်​တစ်ပတ်​လောက်​ဆိုရင် သူတို့က နောက်​တစ်ယောက်​အကြောင်း ဒါမှ​မဟုတ် နောက်​အကြောင်းအရာ​တစ်ခု​ကို ပြော​ကြလိမ့်မယ်” ဟု​သူက​ပြော​သည်။ *

အကောင်းဆုံး​အကာအကွယ်

သမ္မာကျမ်းစာ​က “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏” ဟု​အသိအမှတ်ပြု​ထားပြီး “စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား၊ စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏” ဟု​လည်း ထပ်ဆင့်၍​ဆို​သည်။ (ယာကုပ် ၃:၂) ထို့​ကြောင့် ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍ ပြောဆို​လာသော​စကား​တိုင်း​ကို ရေး​ကြီး​ခွင့်​ကျယ်​လုပ်​နေပါက ပညာ​မဲ့​ရာ​ရောက်​ပေမည်။ ဒေ. ၇:၂၂ က “သင်သည် ကိုယ်တိုင် သူတစ်ပါး​တို့ကို အဖ​န်​ဖန်​ကျိန်ဆဲ​ကြောင်းကို ကိုယ်​စိတ်နှလုံး​ထဲမှာ​သိ​၏” ဟု​ဆို​သည်။

ထိခိုက်​နစ်နာ​စေသော​အတင်းအဖျင်း ပြောဆို​ခံရ​ပါ​က အကောင်းဆုံး​အကာအကွယ်​မှာ သင်၏​အမူအကျင့်ကောင်း​ဖြစ်၏။ ယေရှု​က “လူတစ်ဦး​၏​ဖြောင့်မတ်​သော​အမှုတို့​က သူသည် ပညာရှိ​ကြောင်း သက်သေထူ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၉က​ဘ) ထို့​ကြောင့် စစ်မှန်သော​ခင်မင်မှု​နှင့် မေတ္တာတွင် ဆက်​တည်မြဲ​နေပါ။ ယင်းက အတင်းအဖျင်း​ပြောဆိုခြင်း​ကို မြန်မြန်ဆန်ဆန်​ရပ်တန့်​စေနိုင်​သည်၊ သို့​မဟုတ် အနည်းဆုံး​တော့ သင့်​အား ယင်း​၏​အကျိုးဆက်များ​ကို ခံရပ်​စေနိုင်​သည့်​အတွက် အံ့သြ​သွား​ရ​ပေ​လိမ့်​မည်။

“လူငယ်များ​အမေး . . .” အခန်းဆက်​များ​မှ ထပ်ဆင့်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​မှ နာမည်​များ​ကို ပြောင်း​ထား​သည်။

^ အပိုဒ်၊ 33 အချို့​အခြေအနေ​များ​တွင် အတင်းအဖျင်း​ပြောသူ​အား ထိပ်တိုက်​ရင်ဆိုင်​ရန် လိမ္မာ​ပါးနပ်​သော​နည်း​တစ်နည်း​ကို ရှာဖွေခြင်းက ပညာရှိရာ​ရောက်​ပေမည်။ သို့သော် အများအားဖြင့် “ချစ်ခြင်း​မေတ္တာသည် များစွာသော​အပြစ်​တို့ကို ဖုံးအုပ်​တတ်” သောကြောင့် ယင်း​သို့ ပြု​ရန်​မလို​အပ်​ချေ။—၁ ပေတရု ၄:၈

ချ​င့်​တွေးစရာ

▪ အခြားသူများ​အကြောင်း အတင်းအဖျင်း​ပြော​ခြင်း​ကို သင်​မည်သို့​ရှောင်နိုင်​သနည်း။

▪ တစ်စုံ​တစ်ဦး​က သင့်​အကြောင်း အတင်းအဖျင်း​ပြော​သည့်​အခါ သင်​မည်သို့ တုံ့ပြန်​မည်​နည်း။