မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ

ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ

ကြေကွဲ​ရုံ​မ​က ယုံကြည်မှု​ပါ​ပျက်​ခဲ့​ရ

ဆူနာမီ​ရေလှိုင်း​က မိမိ​နေထိုင်​သည့်​ကျေးရွာ​ကို ၂၀၀၄၊ ဒီဇင်ဘာ​လ​တွင် ဖျက်ဆီး​ပစ်​ပြီး​နောက် သီရိလင်္ကာ​နိုင်ငံသား​တစ်ဦး​က “နေရာတကာမှာ အလောင်း​တွေ​ချည်း​ပဲ။ ကျွန်တော်​တို့​ရဲ့​အိမ်က ဘယ်​နေရာမှာ ရှိခဲ့သလဲ​ဆိုတာ မမှတ်မိ​တော့​ဘူး” ဟု​ဆို​ခဲ့​၏။ ဘေးဒဏ်​နှင့်​ပတ်သက်​သည့် ဘာသာရေး​ဆောင်းပါး​တစ်ပုဒ်​တွင် သတင်းစာ​အယ်ဒီတာ​တစ်ဦး​က မိမိသည် တစ်ခါတစ်ရံ “အံကြိတ်​၍​ဆုတောင်း” သည်​ဟု​ဆို​ခဲ့​၏။

သဘာဝဘေးဒဏ်​များသည် ဘုရားသခင်​ဒဏ်ခတ်​ခြင်း​ဖြစ်သည်ဟု လူများစွာက ရှုမြင်​ကြသည်။ ပင်တိုင်​ဆောင်းပါး​ရှင်​တစ်ဦး​က အဖျက်​စွမ်းအား​ကြီးသော ဟာရီကိန်း​မုန်တိုင်း​ကို “ဘုရားသခင်​၏​လက်သီး” ဟု​ဖော်ပြ​ခဲ့​၏။ အမေရိကန်​နိုင်ငံ​တွင် ဘာသာရေး​ခေါင်းဆောင်​တချို့က ဟာရီကိန်း​က​က်​ထ​ရီ​နာ​ကဲ့သို့​သော ဖြစ်ရပ်​များ​ကို “အပြစ်​များသော​မြို့များ” အပေါ်​ကျရောက်​သော “ဘုရားသခင့်​ဒေါသ” ဟု​ဖော်ပြ​ခဲ့​သည်။ သီရိလင်္ကာ​နိုင်ငံ​တွင် ရန်လိုသော​ဘာသာဝင်​များ​က ဆူနာမီ​ဖြစ်ပေါ်​ခြင်း​သည် ခရစ်ယာန်​များ​ကြောင့်​ဟု အပြစ်တင်​ခဲ့​ကြ​ရာ ဘာသာရေး​စိတ်ဝမ်းကွဲ​မှု​မှာ ပိုမို​ပြင်းထန်​လာ​လေ​သည်။ ဘုရားကျောင်း​တစ်​ကျောင်း​မှ လူကြီး​တစ်ဦး​က လူတို့သည် ကျင့်ဝတ်​တရား​နှင့်​အညီ မနေထိုင်​ကြ​သည့်​အတွက် ရှီ​ဘာ​နတ်​ဘုရား​က စိတ်ဆိုး​ခြင်း​ဖြစ်သည်ဟု ယုံကြည်ခဲ့​၏။ သဘာဝဘေးဒဏ်​များနှင့်​စပ်လျဉ်း၍ အမေရိကန်​နိုင်ငံ​မှ ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​က “ဒီ​အရာ​တွေ ဘာကြောင့်​ဖြစ်​ရသလဲ​ဆိုတာ​ကို ကျွန်တော်​တို့​မသိ​ဘူး။ ကျွန်တော်​တို့ ဘာကြောင့် ဒီ​ကမ္ဘာ​ပေါ် ရောက်လာ​ရသလဲ​ဆိုတာ​ကို​တောင် ကျွန်တော်​တို့​မသိ​ဘူး” ဟု​ဆို​ခဲ့​သည်။

ပျက်စီး​နေသော နေအိမ်များ၊ သက်မဲ့​ကိုယ်ခန္ဓာ​များနှင့် ပူဆွေး​သောကရောက်​နေ​သူများကို သင်​တွေ့ မြင်ရသော​အခါ ‘ဒီလောက်​များပြား​လှတဲ့ ဆင်းရဲ​ဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြု​ထား​သလဲ’ ဟူ၍ တစ်ခါတစ်ရံ သိ​လို​ပါသလော။ သို့​မဟုတ် ‘ဒီလို​အရာ​တွေ​ကို ဖြစ်ခွင့်​ပြု​ထား​တာ ဘုရားသခင်​မှာ ခိုင်လုံ​တဲ့​အကြောင်းရင်း​တွေ​ရှိပေမဲ့ အဲဒီ​အကြောင်းရင်း​တွေ​ကို​တော့ မဖော်​ပြ​ထား​ပါ​လား’ ဟူ၍ သင်​စဉ်းစားပါ​သလော။ နောက်​လာ​မည့်​ဆောင်းပါး​များ​က ဤ​အကြောင်းရင်းကို လေ့လာ​ဆန်းစစ်​ထား​သည်။ ထို့ ပြင် သဘာဝဘေးဒဏ်​ဖြစ်​နိုင်​ကြောင်း ကြိုတင်​သတိပေး​ခံရ​သည့်​အခါ သို့​မဟုတ် ဖြစ်ပျက်​သည့်​အခါ ထိခိုက်​ဒဏ်ရာ​ရ​မှု​နှင့် သေဆုံးမှု​အန္တရာယ်​တို့ကို လျော့နည်းစေ​ရန် လူ​တို့​လုပ်ဆောင်​နိုင်​သည့် လက်တွေ့ကျ​ခြေလှမ်း​အချို့​ကို ဆွေးနွေး​ထား​ပါ​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဘာသာရေး​ခေါင်းဆောင်​များစွာ​သည် သဘာဝဘေးဒဏ်​များ​ကို ဘုရားသခင် အဘယ်ကြောင့်​ဖြစ်ခွင့်​ပြု​ထား​ကြောင်း မသိ​ရှိကြ