“ဆေးသိပ္ပံပညာအတွက် အရေးပါသောကဏ္ဍမှပါဝင်”
“ဆေးသိပ္ပံပညာအတွက် အရေးပါသောကဏ္ဍမှပါဝင်”
မက္ကဆီကိုမှ နိုးလော့! စာရေးသူပေးပို့သည်
ယေဟောဝါသက်သေများသည် ဆေးကုသမှုခံယူရာတွင် သွေးမဲ့ကုသမှုကို ရွေးချယ်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် လူသိများသည်။ အချို့သူတို့က သမ္မာကျမ်းစာပေါ်အခြေပြုသည့် ဤရပ်တည်ချက်ကို အပြစ်ရှာကြသည်။ သို့သော် မက္ကဆီကိုစီးတီး၌ အဖြန့်ဝေရဆုံးဖြစ်သည့် Reforma သတင်းစာတွင် မြင်းဖုရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ ခွဲစိတ်ကုသမားတော်ချုပ် ဒေါက်တာ အန်ကယ်လ် ဟာရယ်ရာ က ဤသို့ဖော်ပြခဲ့သည်– “သက်သေခံတွေဟာ အသိဉာဏ်မရှိတဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယူသန်သမားတွေလည်း မဟုတ်ပါဘူး။ . . . ဆေးပညာရှင်တွေကို သွေးဆုံးရှုံးမှုနည်းစေတဲ့ ကုထုံးတွေကို စဉ်းစားသုံးသပ်စေခြင်းအားဖြင့် [သူတို့ဟာ] ဆေးသိပ္ပံပညာအတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။”
လွန်ခဲ့သည့် တစ်ဆယ့်ငါးနှစ်က ဒေါက်တာ ဟာရယ်ရာ သည် သွေးမသုံးဘဲ ခွဲစိတ်ကုသမှုများပြုလုပ်ရန် မေ့ဆေးဆရာဝန်များနှင့် ခွဲစိတ်ကု ဆရာဝန်များအဖွဲ့တစ်ဖွဲ့ကို စီစဉ်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် မေ့ဆေးဆရာဝန်တစ်ဦးဖြစ်သည့် အီစီဒရို မာတီနေစ် က ဤသို့ပြောခဲ့သည်– “တော်မှန်သော မေ့ဆေးပေးကုထုံးတွင် သွေးဆုံးရှုံးမှုနည်းစေသည့် ကုထုံးမှန်သမျှကို ထည့်သွင်းစဉ်းစားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများအား သူတို့၏ဘာသာရေးရပ်တည်ချက်ကို လေးစားကာ အမှန်ပင် ကူညီပေးနိုင်ပါသည်။”
သွေးသွင်းရန်မလိုသည့် အခြားကုထုံး ၃၀ ကျော်ရှိသည်ဟု ၂၀၀၆၊ အောက်တိုဘာလထုတ် Reforma သတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်းတို့တွင် သွေးကြောများကို အပူပေးခြင်း၊ သွေးထွက်ခြင်းကိုတားဆီးပေးသည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်ပေးသော အထူးပိတ်ကျဲဖြင့် အင်္ဂါများအပေါ် ဖုံးအုပ်ပေးခြင်းနှင့် သွေးထုထည်ချဲ့ပစ္စည်းများကို အသုံးပြုခြင်းတို့ပါဝင်သည်။ *
မက္ကဆီကိုစီးတီးရှိ လာရာစာအထွေထွေကုဆေးရုံမှ နှလုံးခွဲစိတ်ကုသမားတော်ချုပ် ဒေါက်တာ မောအစ်စက်စ် ကယ်ဒေရွန် သည် သွေးမသွင်းဘဲ ခွဲစိတ်ကုသမှုများ အမြဲပြုလုပ်ပေးနေပါသည်။ Reforma သတင်းစာတွင် သူ ဤသို့ဖော်ပြ၏– “သွေးသွင်းတာဟာ အန္တရာယ်ကင်းတဲ့ကုထုံးမဟုတ်ဘူး။ ဗိုင်းရပ်၊ ဗက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကို ကူးစက် ပျံ့နှံ့သွားစေနိုင်တယ်။ ကျောက်ကပ်နဲ့ အဆုတ်ရဲ့လုပ်ဆောင်မှုကို ပြောင်းလဲစေတဲ့ ဓာတ်မတည့်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်။” အဆိုပါအန္တရာယ်များကြောင့် ဒေါက်တာ ကယ်ဒေရွန် က ဤသို့ဆိုသည်– “လူနာအားလုံးကို ယေဟောဝါသက်သေတွေလိုသဘောထားပြီး ကျွန်တော်တို့ ခွဲစိတ်ကုသပေးပါတယ်။ အတတ်နိုင်ဆုံး သွေးဆုံးရှုံးမှုနည်းစေပြီး ဆုံးရှုံးသွားတဲ့သွေးကို ပြန်ရရှိအောင်ကြိုးစားတယ်။ လူနာကို သွေးထွက်နည်းစေတဲ့ ဆေးဝါးတွေကိုလည်း ကျွန်တော်တို့ အသုံးပြုကြပါတယ်။”
မိမိတို့ရပ်တည်ချက်အတွက် ယေဟောဝါသက်သေများအခြေပြုသည့် အဓိကကျမ်းချက်ဖြစ်သော တမန်တော်ကျမ်း ၁၅:၂၈၊ ၂၉ ကို အဆိုပါသတင်းစာက ကိုးကားဖော်ပြခဲ့သည်။ အဆိုပါကျမ်းချက်တွင် တမန်တော်များက အောက်ပါအမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့၏– ‘ရုပ်ပုံရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတစ်ပါး အခြားသောဝန် သင်တို့၏အပေါ်၌တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည်အလိုမရှိ။’
မက္ကဆီကိုနိုင်ငံတွင် သွေးမဲ့ကုသမှုများအတွက် အချက်အလက်များပေးရန် ဆရာဝန်များထံလည်ပတ်သည့် စေတနာ့ဝန်ထမ်း ၉၅၀ ပါရှိသော ဆေးရုံဆက်သွယ်ရေးကော်မတီ ၇၅ ခုရှိသည်ဟု မက္ကဆီကိုနိုင်ငံ၊ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးရှိ ဆေးရုံသတင်းအချက်အလက်စုဆောင်းရေးဌာနက ဖော်ပြသည်။ မက္ကဆီကိုနိုင်ငံရှိ ဆရာဝန် ၂,၀၀၀ ခန့်သည် ယေဟောဝါသက်သေများအား သွေးမသုံးဘဲ ကုသပေးရန် လိုလိုလားလားရှိကြသည်။ သက်သေခံများသည် ထိုဆရာဝန်များ၏ ပူးပေါင်းဆောင်ရွက်မှုကို အလွန်လေးမြတ်ကာ ဤသို့ ဖြင့် ထိုဆရာဝန်များသည်လည်း သက်သေခံမဟုတ်သောလူနာများအား ပို၍ထိရောက်စွာ ကူညီပေးနိုင်ကြသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 နိုးလော့! သည် အဘယ်မည်သော သွေးမဲ့ကုသနည်းက ကောင်း၏ဟူ၍ ထောက်ခံခြင်းမပြုဘဲ ၎င်းမှာ ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒေါက်တာ အန်ကယ်လ် ဟာရယ်ရာ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒေါက်တာ အီစီဒရို မာတီနေစ်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒေါက်တာ မောအစ်စက်စ် ကယ်ဒေရွန်