မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကြောင့်လော

ဘုရားသခင်ကြောင့်လော

ဘုရားသခင်​ကြောင့်​လော

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု​သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည်။ (၁ ယောဟန် ၄:၈) ထို့ ပြင် ကိုယ်တော်​သည် တရား​မျှတ​ပြီး သနား​ကြင်နာ​တော်​မူ​၏။ ‘ကိုယ်တော်​သည် ကျောက်ဖြစ်​တော်​မူ​၏။ အမှုတော်​သည် စုံလင်​ပေ​၏။ နည်းလမ်းတော်​ရှိသမျှသည် တရား​နှင့်​ညီ​လျက် တည်ကြည်သော​ဘုရားသခင်၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​တော်​မူ​၏။’—တရားဟောရာ ၃၂:၄သမ္မာ။

ယေဟောဝါ​ဘုရားသခင်​သည် ဖန်ဆင်း​ရှင်​ဖြစ်​တော်​မူ​သောကြောင့် ကိုယ်တော်​သည် ဘေး​ဖြစ်စေ​နိုင်​သည့်​အရာ​မှန်သမျှကို ကြိုတင်​သိမြင်နိုင်စွမ်း​ရှိ​ကာ ယင်း​တို့ကို ဟန့်တား​နိုင်​သည့်​တန်ခိုး​လည်း ရှိ​တော်​မူ​၏။ ဤ​အချက်အလက်​များနှင့် သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ကိုယ်တော်​၏​ဂုဏ်ရည်တော်​များ​ကို​ထောက်၍ လူများစွာက “သဘာဝဘေးဒဏ်​များ​ကို ဘုရားသခင် အဘယ်ကြောင့် ဖြစ်ခွင့်​ပြု​ရသနည်း” ဟု မေး​မည်​ဆိုလျှင်​လည်း မေး​လောက်​ပေ​သည်။ * ယင်း​မေးခွန်း​အတွက် ကျိုးကြောင်း​အညီ​ညွတ်​ဆုံးသော အဖြေကို ဘုရားသခင်​ကိုယ်တော်တိုင် သမ္မာကျမ်းစာ​ထဲ​တွင် ဖော်ပြ​ထား​ကြောင်း စိတ်​ရိုး​မှန်​ဖြင့်​မေးမြန်း​သူ သန်းပေါင်း​များစွာ​တို့ သိရှိ​ခဲ့​ရပြီ။ (၂ တိမောသေ ၃:၁၆) ကျေးဇူးပြု​၍ အောက်တွင်​ဖော်ပြ​ထားသော​အရာ​ကို သုံးသပ်ကြည့်​ပါ။

ဘုရားသခင်​၏​မေတ္တာတော်ကို သူတို့ ငြင်းပယ်​ခဲ့​ကြ

ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​ကို ပျော်ရွှင်​၍ ဘေးကင်း​လုံခြုံ​သော​ဘဝဖြင့် အသက်ရှင်နေ​ထိုင်​ရန် ၎င်း​တို့​လိုအပ်ရာ​မှန်သမျှကို ပေး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​တွင်​ဖော်ပြ​၏။ ထို့ ပြင် ၎င်း​တို့​နှင့် ၎င်းတို့၏​သားစဉ်မြေးဆက်​သည် ‘များပြား​စွာ​မွေးဖွားပြီး မြေကြီးကို​ပြည့်စေ’ ပါ​ဟူသော ဘုရားသခင့်​မိန့်မှာချက်ကို လိုက်နာ​ကြသည်​နှင့်​အမျှ တိုးပွား​များပြား​လာ​သည့် လူ့​မိသားစု​သည် ဘုရားသခင်​၏ ဂရုစိုက်​စောင့်ရှောက်မှု​ကို အမြဲ​ရရှိနိုင်​ကြသည်။—ကမ္ဘာဦး ၁:၂၈

သို့သော် ဝမ်းနည်းစရာမှာ အာဒံ​နှင့်​ဧဝ​သည် မိမိတို့​ဖန်ဆင်း​ရှင်​၏​စကား​ကို စိတ်လို​ကိုယ်​လျောက် နားမထောင်​ဘဲ ကိုယ်တော်​အား မကိုးစား​သည့်​လမ်းစဉ်​ကို ရွေးချယ်ခြင်း​ဖြင့် ဘုရားသခင်​အား တမင်တကာ ကျောခိုင်း​ခဲ့​ကြသည်။ (ကမ္ဘာဦး ၁:၂၈; ၃:၁-၆) ၎င်း​တို့​မှ​ဆင်းသက်လာ​သော လူအများစုက​လည်း ၎င်းတို့၏​ခြေရာ​ကို နင်း​ခဲ့​ကြသည်။ (ကမ္ဘာဦး ၆:၅၊ ၆၊ ၁၁၊ ၁၂) အတိုချုပ်​ပြော​ရ​လျှင် လူသားထု​တစ်ရပ်လုံး​သည် ဘုရားသခင်​၏ မည်သည့်​လမ်းညွှန်မှုကို​မျှ မခံယူ​ဘဲ မိမိတို့​ကိုယ်ကို၊ မိမိတို့​နေအိမ်​နှင့် ကမ္ဘာ​မြေကြီးကို စိတ်တိုင်းကျ​ခြယ်လှယ်​ရန် ရွေးချယ်​ခဲ့​ကြ​လေ​သည်။ ယေဟောဝါ​သည် လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ဆိုင်ရာ​မူကို အလေးထား​သော မေတ္တာရှင်​ဘုရားသခင်​ဖြစ်​ရာ လူသား​တို့၏​လမ်းစဉ်​က အန္တရာယ်​သို့ ဦးတည်​နေ​မည်​ဖြစ်သော်လည်း လူသားများ​အပေါ် မိမိ၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အတင်းအကျပ်​အသုံးပြု​တော်​မ​မူ​ချေ။ *

သို့သော် ယေဟောဝါ​သည် လူ့​မိသားစုကို စွန့်ပစ်​တော်​မ​မူ​ခဲ့​ချေ။ ယနေ့​ထိ​တိုင် ကိုယ်တော်​သည် “လူဆိုး၊ လူကောင်း​တို့​အပေါ် နေကို​ထွက်​စေ​၍ ဖြောင့်မတ်​သူ၊ မဖြောင့်မတ်​သူတို့​အပေါ် မိုးရွာ​စေတော်မူ” ၏။ (မဿဲ ၅:၄၅က​ဘ) ထို့​ပြင် ဘုရားသခင်​သည် ကမ္ဘာ​မြေကြီး​နှင့် ရေသံသရာ​များ​အကြောင်း လေ့လာ​သင်ယူနိုင်စွမ်း​ကို လူသားတို့အား ပေးသနား​တော်​မူ​ခဲ့​သည်။ လူသား​တို့သည် ဤ​အသိပညာ​ကြောင့် အတိုင်းအတာ​တစ်ခု​အနေ​နှင့် ရာသီဥတု​ဆိုးရွားမှု​နှင့် မီးတောင်​ပေါက်ကွဲခြင်း​ကဲ့သို့​သော အခြား​ဘေးအန္တရာယ်​များ​ကို ကြိုတင်​ခန့်မှန်း​နိုင်​ကြသည်။

ထို့ ပြင် လူသား​တို့သည် ကမ္ဘာ့​မည်သည့်​အပိုင်း​တွင် မြေငလျင်​ပို​လှုပ်​မည် သို့​မဟုတ် ရာသီဥတု​ပို​ဆိုးရွား​မည်​ကို စူးစမ်း​ဖော်ထုတ်​နိုင်​ခဲ့​ကြသည်။ ဤ​အသိပညာ​ကြောင့် နိုင်ငံ​အချို့​တွင် ပညာ​ပေးခြင်း​ဖြင့်​ဖြစ်စေ၊ ပိုမို​ကောင်းမွန်သော ဆောက်လုပ်ရေး​နည်း​ပညာ​ဆိုင်ရာ ဖွံ့ဖြိုး​တိုးတက်မှု​နှင့် သတိပေး​စနစ်​များ​ဖြင့်​ဖြစ်စေ လူ့​အသက်​ပေါင်း​များစွာကို ကယ်တင်​နိုင်​ခဲ့ပြီ​ဖြစ်သည်။ သို့သော် သတင်း​များ​အရ သဘာဝဘေးဒဏ်​များ​၏​အရေအတွက်​မှာ နှစ်စဉ် တိုးများ​လာ​လျက်​ရှိ၏။ ဤသို့ ဖြစ်​ရသည့် အကြောင်းရင်း​များ​မှာ အလွန်​များပြား​ပြီး ရှုပ်ထွေး​လှ​သည်။

အန္တရာယ်​ထူ​သော​ဒေသ​များ​တွင် နေထိုင်ခြင်း

ဘေးဒဏ်​တစ်ခု​၏​ပြင်းထန်​ဆိုးရွားမှု​သည် ယင်းကို​ဖြစ်ပွား​စေသော သဘာဝ​အင်အား​များ​၏ စွမ်းအား​အပေါ် အမြဲ​မူ​မတည်​ပေ။ ဘေးဆိုး​ကျရောက်​သည့်​နယ်မြေ​တွင် လူများ​စု​ပြုံ​နေထိုင်ခြင်း​သည် ထိခိုက်​ပျက်စီးမှု​ကို ပို​၍​ကြီးမား​စေ​၏။ ကမ္ဘာ့​ဘဏ်​မှ​ထုတ်ပြန်​သော သတင်း​တစ်ပုဒ်​အရ နိုင်ငံ​ပေါင်း ၁၆၀ ကျော်​တွင် လူဦးရေ​၏ လေး​ပုံ​တစ်​ပုံ​ကျော်​သည် သဘာဝဘေးဒဏ်​အဖြစ်​များသော ဒေသ​များ​တွင် နေထိုင်ကြ​သည်။ “အန္တရာယ်​ထူပြော​တဲ့​ဒေသ​တွေ​မှာ နေထိုင်တဲ့​သူ ပိုမို​များပြား​လာတာ​နဲ့​အမျှ သဘာဝ​ဖြစ်ရပ်​တွေ​ဟာ သဘာဝဘေးဒဏ်​ဖြစ်သွား​တယ်” ဟု​အမေရိကန်​နိုင်ငံ ကိုလံဘီယာ​တက္ကသိုလ်​မှ သိပ္ပံ​ပညာရှင် က​လော့​စ်​ဂျေး​ကော့ဘ်​က​ဆို​၏။

အခြေအနေ​ကို ပိုမို​ဆိုးဝါး​စေသော အခြား​အကြောင်းရင်း​များ​မှာ စနစ်တကျ​မရှိသော မြို့​ပြ​များ အလျင်အမြန်​တိုးပွား​လာ​ခြင်း၊ သစ်တော​ပြုန်းတီး​ခြင်း​နှင့် ရေ​စီး​ရေ​လာ စိမ့်ဝင်​စေသည့်​မြေများ​တွင် ကွန်ကရစ်​များ အကြီးအကျယ်​ခင်း​ခြင်း​တို့​ဖြစ်​လေ​သည်။ အထူးသဖြင့် သစ်တော​ပြုန်းတီး​ခြင်း​နှင့် ကွန်ကရစ်​များ​အကြီးအကျယ်​ခင်း​ခြင်း​တို့သည် မြေ​ပြို​ခြင်း​နှင့် ရေလွှမ်းမိုးခြင်း​တို့ကို ဖြစ်ပေါ်​စေပါ​သည်။

ထို့ ပြင် လူ့​လုပ်ရပ်များ​ကြောင့် မြေငလျင်​သည် ဘေးဒဏ်​ကြီး​အသွင် ပြောင်း​သွား​နိုင်၏။ အကြောင်း​မှာ သေကျေပျက်စီး​မှု​နှင့် ထိခိုက်​ဒဏ်ရာ​ရ​မှု​အများစု​သည် ငလျင်​လှိုင်း​များ​ကြောင့်​မဟုတ်ဘဲ အဆောက်အအုံ​များ ပြိုကျခြင်း​ကြောင့်​ဖြစ်သည်။ အကြောင်းကောင်း​ရှိ၍ မြေငလျင်​ပညာရှင်​များ​က “မြေငလျင်​တွေ​ဟာ လူတွေကို မသေ​စေပါ​ဘူး။ အဆောက်အအုံ​တွေ​က​သာ လူတွေကို သေစေ​နေတာပါ” ဟု​ပြောဆို​ကြ​လေ​သည်။

အုပ်ချုပ်​သူများ​၏ မစွမ်းဆောင်​နိုင်​မှု​က သေဆုံး​သူ​အရေအတွက်​ကို တိုးများ​စေနိုင်​ပါ​သည်။ တောင်​အမေရိက​နိုင်ငံ​တစ်နိုင်ငံ​၏​မြို့တော်​သည် မြေငလျင်​များ​ကြောင့် လွန်ခဲ့သော​အနှစ် ၄၀၀ အတွင်း သုံးကြိမ်​တိုင်တိုင် စိစိညက်ညက် ပျက်စီး​ခဲ့​ရ၏။ ၁၉၆၇ ခုနှစ်​တွင် ဖြစ်ပွား​ခဲ့​သော နောက်ဆုံး​ငလျင်​မှ​စ၍ မြို့​နေ​လူဦးရေ​မှာ ငါး​သန်း​အထိ နှစ်ဆ​တိုးများ​လာ​ခဲ့​သည်။ “သို့သော် လူများ​ကို ကာကွယ်​ပေး​နိုင်​သည့် အဆောက်အအုံ​ဆိုင်ရာ​ဥပဒေ​များ မရှိသည့်​အပြင် ရှိပါက​လည်း အကျိုး​သက်ရောက်မှု​မရှိ​ချေ” ဟု New Scientist မဂ္ဂဇင်းက​ဆို​၏။

အဆိုပါ​နောက်ဆုံး​ဖော်ပြချက်​က အမေရိကန်​နိုင်ငံ၊ လူ​ဝီဇီ​ယား​နား​ပြည်နယ်၊ န​ယူး​အော်​လင်း​ဇ်​မြို့​နှင့်​လည်း သက်ဆိုင်​ပါ​သည်။ ယင်း​မြို့ကို ရေလွှမ်းမိုး​လေ့​ရှိသည့် မြေ​နိမ့်​ပိုင်း​တွင် တည်ထား​၏။ ရေကာတာ​များနှင့် ရေ​စု​ပ်​စက်​များ​ရှိ​လင့်​ကစား ၂၀၀၅ ခုနှစ်​တွင် ဟာရီကိန်း​က​က်​ထ​ရီ​နာ တိုက်ခတ်​ခဲ့​သောအခါ ဖြစ်ပေါ်​လာသော​ဘေးဆိုး​ကြောင့် လူ​များစွာမှာ ထိတ်လန့်​တ​ကြား​ဖြစ်​ခဲ့​ရလေ​သည်။ လူတို့သည် “ကြာမြင့်စွာ​ကတည်းက ထုတ်ပြန်​ထား​သည့် သတိပေး​ချက်​များ” ကို လျစ်လျူရှု​ခဲ့​သည့်​အပြင် “အရေး​ပင်မ​စိုက်​ကြ​ချေ” ဟု Usa Today မှ​သတင်း​တစ်ပုဒ်​က​ဆို​၏။

ယင်း​သို့​သော​အရေးမစိုက်​မှု​သည် ကမ္ဘာချီ​ပူနွေး​လာ​ခြင်း​တွင် ထင်ရှား​ပေါ်လွင်​လာ​ခဲ့​သည်။ ယင်းက ရာသီဥတု​နှင့်​ဆက်စပ်​သော ဘေးဒဏ်​များ​ကို ပို​၍​ပြင်းထန်​စေပြီး ပင်လယ်ရေ​မျက်နှာပြင်​များ​ကို မြင့်တက်​လာ​စေနိုင်​သည်​ဟု သိပ္ပံ​ပညာရှင်​များစွာက ယုံကြည်​ကြသည်။ ဘုရားသခင်​မ​ဖန်တီး​သော နိုင်ငံရေး၊ လူမှုရေး​နှင့် စီးပွားရေး​ဆိုင်ရာ အခြေခံ​အကြောင်းရင်း​များ​ကိုလည်း ထည့်တွက်​ရ​ပေမည်။ လူ​တို့​ဖန်တီး​ထားသော ဤ​အခြေခံ​အကြောင်းရင်း​များ​က လူသည် “မိမိ​ခြေရာ​တို့ကိုမစီရင်​တတ်” ဟူသော ကျမ်းစာ​အမှန်တရား​တစ်ခု​ကို သတိရ​စေ​၏။ (ယေရမိ ၁၀:၂၃) လူ​တို့​ဖန်တီး​သော နောက်​အခြေခံ​အကြောင်းရင်း​တစ်ခု​မှာ သဘာဝ​သတိပေး​လက္ခဏာများ​နှင့် အစိုးရ​မှ​ထုတ်ပြန်​သော သတိပေး​ချက်​များ​အပေါ်​ထား​ရှိသည့် သဘောထားများ​ဖြစ်သည်။

သတိပေး​လက္ခဏာများ​ကို သိမြင်​ပါ

ဦးဆုံး​အနေ​နှင့် သဘာဝဘေးဒဏ်​များသည် သတိ​မပေး​ဘဲ ကျရောက်​လာနိုင်​ကြောင်း အသိအမှတ်ပြု​ထား​ရမည်။ “အချိန်​နှင့် ကြိုတင်​မမြင်​ရသော ဖြစ်ပျက်​မှုများ [ကျွန်ုပ်​တို့] အားလုံးထံ ကျရောက်​တတ်၏” ဟု​ဒေ. ၉:၁၁ (က​ဘ) က​ဆို​သည်။ သို့သော် သဘာဝ​က သတိပေး​သည်​ဖြစ်စေ၊ အစိုးရ​အာဏာပိုင်​များ​က သတိပေး​သည်​ဖြစ်စေ ဘေးဒဏ်​ကျရောက်​တော့​မည်​ဟူသော သတိပေး​လက္ခဏာ​တချို့​ရှိပါ​သည်။ ထို့​ကြောင့် လူတို့သည် အဆိုပါ​သတိပေး​လက္ခဏာများ​ကို သိရှိ​ကြသောအခါ အသက်ရှင်​နိုင်​ဖို့ အခွင့်အလမ်း ပို​များ​နိုင်​ပါ​သည်။

၂၀၀၄ ခုနှစ်​တွင် အင်ဒိုနီးရှား​နိုင်ငံ​ရှိ စီ​မ​လူ​အာ​ကျွန်း​ကို ဆူနာမီ​ရေလှိုင်း ရိုက်ခတ်​သွားသော​အခါ နေထိုင်သူ​လူထောင်ပေါင်း​များစွာ​အနက် ခု​နစ်​ဦး​သာ သေဆုံး​ခဲ့​၏။ ဆူနာမီ​ရေလှိုင်း​များ​၏ ရှေ့ပြေး​ဖြစ်​နိုင်သော ပုံမှန်​မဟုတ်သည့် ဒီရေ​များ သမုဒ္ဒရာ​တွင်း​သို့ ပြန်​ကျ​သွားသော​အခါ လူ​အများစုမှာ ထွက်ပြေး​တိမ်းရှောင်​ခဲ့​ကြသည်။ အလားတူ လူတို့သည် သတိပေး​ချက်​များ​ကို လိုက်နာခြင်း​ဖြင့် ပြင်းထန်သော​လေမုန်တိုင်း​များနှင့် မီးတောင်​ပေါက်ကွဲ​မှုများ​မှ လွတ်မြောက်​ခဲ့​ကြသည်။ တစ်ခါတစ်ရံ​တွင် သဘာဝ​သတိပေး​လက္ခဏာများ​သည် အာဏာပိုင်​များ​၏​သတိပေး​ချက်​များ​ထက် ပို​၍​စော​သောကြောင့် သင်သည် ဘေးဒဏ်​များ​ကျရောက်​တတ်​သည့်​ဒေသ​တွင် နေထိုင်ပါ​က သတိပေး​ချက်​နှစ်မျိုး​စ​လုံး​နှင့် အကျွမ်းတဝင်​ရှိ​ထား​လျှင် ပညာရှိရာ​ကျ​၏။

သို့သော် ဝမ်းနည်းစရာမှာ “အန္တရာယ်​လက္ခဏာတွေ သိသာ​ထင်ရှား​နေတာ​တောင် လူတွေဟာ အရေး​မ​လုပ်ချင်​ကြဘူး” ဟု မီးတောင်​ပညာရှင်​တစ်ဦး​က​ဆို​သည်။ အထူးသဖြင့် ယင်းသည် မှားယွင်းစွာ သတိပေး​လေ့​ရှိသော​နေရာ သို့​မဟုတ် ယခင်​က ဘေးဒဏ်​ဖြစ်ပွား​ခဲ့​သည်​မှာ အလွန်​ကြာညောင်း​ပြီ​ဖြစ်သော​နေရာတွင် မှန်ကန်​ပါ​သည်။ တစ်ခါတစ်ရံ ဘေးဒဏ်​ကျရောက် လု​နီးပြီ​ဖြစ်​ကြောင်း လက္ခဏာ​ထင်ရှား​နေ​လျက်​ပင် လူတို့သည် မိမိတို့​ပိုင်ဆိုင်ရာ​များ​ကို မစွန့်​လွှတ်​လို​ကြ​ချေ။

ဒေသ​များစွာ​တွင်​မူ လူတို့သည် ပို​၍​ဘေးကင်း​သော​နေရာသို့ ပြောင်းရွှေ့​ရန် မတတ်နိုင်​လောက်​အောင် ဆင်းရဲ​မွဲတေ​လှ​၏။ သို့သော် ဆင်းရဲ​မွဲတေ​ရသည့်​အကြောင်းရင်း​အမှန်​များ​က ဘုရားသခင်​၏​ပျက်ကွက်မှု​ကို ညွှန်ပြ​မည့်​အစား လူတို့၏​ပျက်ကွက်မှု​များ​ကို ညွှန်ပြ​သည်။ ဥပမာ၊ အစိုးရ​များသည် စစ်​လက်နက်များ​အတွက် ငွေ​ပမာဏ​များစွာ​အကုန်ခံ​ကြသော်လည်း ချို့တဲ့​သူများကို​ကူညီ​ဖို့​မူ​ကား အကုန်​မခံကြ​ချေ။

သို့သော် လူအများစု​သည် မိမိတို့​အခြေအနေ မည်သို့​ပင်​ဖြစ်​နေပါ​စေ အကူအညီ​တချို့​ရရှိနိုင်​ပါ​သည်။ မည်သို့​ရရှိနိုင်​သနည်း။ ဘုရားသခင်​သည် သန့်ရှင်းသော​သမ္မာကျမ်းစာ​အားဖြင့် အသက်​ပေါင်း​များစွာကို ကယ်တင်​နိုင်​သည့် ကောင်းမွန်သော​မူများ​စွာ ပေး​ထား​တော်​မူ​ခဲ့ပြီ။

အသက်ကယ်​တင်​နိုင်​သည့်​မူများ

ဘုရားသခင်​အား စုံစမ်းခြင်း​မပြုရ။ ‘သင်၏​ဘုရားသခင်​ကို အစုံ​အစမ်း​မပြုရ’ ဟူ၍ တရားဟောရာ ၆:၁၆ က​ဆို​၏။ စစ်မှန်သော​ခရစ်ယာန်​များသည် မိမိတို့​အား ကိုယ်ကာယ​ထိခိုက်မှု​မှ ဘုရားသခင် အမြဲ​ကာကွယ်​ပေး​မည်​ဟု​စဉ်းစား​ကာ အသက်​နှင့်​ပတ်သက်​၍ အယူသီး​သော​ရှုမြင်ချက်​မျိုး မရှိကြ​ချေ။ ထို့​ကြောင့် သူတို့သည် အန္တရာယ်​ကြုံ​သောအခါ ဤ​ကျမ်းစာ​အကြံပြုချက်ကို လိုက်နာ​ကြသည်– “သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်း​နေတတ်​၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား အစဉ်​အတိုင်း​သွား​၍ အမှု​နှင့်​တွေ့​တတ်၏။”—သု. ၂၂:၃

ရုပ်ပစ္စည်း​ပိုင်ဆိုင်ရာ​ထက် အသက်ကို ပို​တန်ဖိုး​ထား​ပါ။ “လူတစ်ဦး​သည် စည်းစိမ်​ကြွယ်ဝ​သော်လည်း သူ၏​စည်းစိမ်​၌ အသက်​မတည်။” (လုကာ ၁၂:၁၅က​ဘ) ရုပ်ပစ္စည်း​များသည် အကျိုးကျေးဇူး​တစ်စုံတစ်ရာ ပေး​နိုင်​သော်လည်း သေ​သော​သူ​အတွက်​မူ တန်ဖိုး​မရှိ​ချေ။ ထို့​ကြောင့် အသက်ကို​မြတ်နိုးသူ​များနှင့် ဘုရားသခင့်​အမှုတော်​ဆောင်​ရခြင်း​အခွင့်ထူး​ကို တန်ဖိုး​ထား​သူများ​သည် ဥစ္စာ​ပစ္စည်း​များ​ကို​ကာကွယ်​ရန် မလို​အပ်​သည့်​စွန့်စားမှု​များ မပြု​ကြ​ချေ။—ဆာလံ ၁၁၅:၁၇

ဂျပန်​နိုင်ငံ​မှ တာ​ဒါ​ရှီ​သည် ၂၀၀၄ ခုနှစ်​တွင် မြေငလျင်​လှုပ်​ပြီး​နောက် အစိုးရ​မှ ညွှန်ကြားချက်​မပေး​မီ မိမိ​နေအိမ်​မှ ချက်ချင်း ထွက်ခွာ​သွား​၏။ သူ့​အတွက် အသက်သည် အိမ်​နှင့်​ပိုင်ဆိုင်ရာ​များ​ထက် ပို​၍​တန်ဖိုး​ရှိ၏။ ၎င်းနှင့်​တစ်​နယ်​တည်း​သား​ဖြစ်သူ အာကီရာ​က “အပျက်အစီး​ပမာဏ​သည် ရုပ်ပစ္စည်း​ဆုံးရှုံးမှု​အပေါ်​မူ​မတည်​ဘဲ လူတစ်ဦး​၏​ရှုထောင့်​အပေါ်​၌​သာ မူတည်​သည်။ ဤ​ဘေးဒဏ်​ကို ကျွန်တော့်​ဘဝ​အား ရိုးရှင်း​စေသည့်​အခွင့်အရေး​တစ်ခု​အဖြစ် ရှုမြင်ခဲ့​၏” ဟု​ရေးသားခဲ့​သည်။

အစိုးရ​ထုတ်ပြန်​သော သတိပေး​ချက်​များ​ကို ဂရုပြုပါ။ ‘အစိုး​ရသော​မင်း​အာဏာစက်​၏ အုပ်စိုးခြင်း​ကို ဝန်ခံ​ပါ။’ (ရောမ ၁၃:၁) ပြောင်းရွှေ့​ရန် သို့​မဟုတ် အခြား​ဘေးကင်းရေး​အတွက် လုပ်ဆောင်မှု​တချို့​ကို​လိုက်နာ​ရန် အစိုးရ​မှ အမိန့်ထုတ်​ပြန်လာ​လျှင် အလေးဂရုပြု​ခြင်း​က ပညာရှိရာ​ကျ​၏။ တာ​ဒါ​ရှီ​သည် ပြောင်းရွှေ့​ရန်​အမိန့်​ကို​နာခံ​ကာ အန္တရာယ်​နယ်မြေ​မှ ထွက်ခွာ​ခဲ့​သဖြင့် ငလျင်ဒဏ်​ကြောင့်​ဖြစ်သော ထိခိုက်​ဒဏ်ရာ​ရ​မှု သို့​မဟုတ် သေဆုံးမှု​ကို သူ​ရှောင်နိုင်​ခဲ့​သည်။

ထိတ်လန့်ဖွယ်​ရာ​ဘေးဒဏ်​တစ်ခု​နှင့်​ပတ်သက်​၍ အစိုးရ​သတိပေး​ချက်​များ​မ​ရှိလျှင် လူတို့သည် ရနိုင်​သမျှ​အချက်အလက်​များ​ကို ထည့်သွင်း​စဉ်းစား​ကာ သတိပေး​ချက်​များ​ကို မည်သည့်​အချိန်​နှင့် မည်သို့​တုံ့ ပြန်​ရမည်ကို ကိုယ်တိုင်​ကိုယ်​ကျ ဆုံးဖြတ်​ရမည်။ ဒေသ​တချို့​တွင် အာဏာပိုင်​တို့သည် ဘေးဒဏ်​မှ​လွတ်မြောက်ရေး​အတွက် အထောက်အကူ​ပြု​လမ်းညွှန်ချက်များ စီစဉ်​ပေး​ပေမည်။ သင့်​ဒေသ​တွင် ယင်း​သို့​သော​လမ်းညွှန်ချက်များ ရရှိနိုင်​မည်​ဆိုလျှင် ယင်း​တို့​နှင့် သင်​အကျွမ်းတဝင်​ရှိပါ​သလော။ ယင်း​တို့ကို သင့်​မိသားစု​နှင့်အတူ ဆွေးနွေး​ပြီးပြီ​လော။ (စာမျက်နှာ ၇ မှ​လေးထောင့်ကွက်​ကို​ရှု) ကမ္ဘာ့​ဒေသ​များစွာ​တွင် ယေဟောဝါသက်သေ​များ​၏ ဒေသခံ​ဌာနခွဲရုံး​၏​လမ်းညွှန်ချက်​ဖြင့် သက်သေခံ​အသင်းတော်များ​သည် ဘေးဒဏ်​ကျရောက်​မည့် အရိပ်​နိမိတ်​ပြ​သည့်​အခါ သို့​မဟုတ် ဘေးဒဏ်​ကျရောက်​လာ​သည့်​အခါ လိုက်နာသင့်​သော အရေးပေါ်​လုပ်ထုံးလုပ်​နည်း​များ​ကို ပြဋ္ဌာန်း​ထား​ရာ ယင်း​တို့သည် အလွန်​အထောက်အကူ​ရ​ကြောင်း သက်သေထူ​ခဲ့ပြီ​ဖြစ်သည်။

ခရစ်ယာန်​မေတ္တာပြ​ပါ။ “ငါသည် သင်တို့ကို ချစ်​သည်​နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်​ကြလော့​ဟူသော ပညတ်သစ်​ကို ငါ​ပေး​၏” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၃:၃၄က​ဘ) ကိုယ်ကျိုး​စွန့်​၍ ခရစ်ယာန်​မေတ္တာပြ​သူတို့သည် သဘာဝဘေးဒဏ်​တစ်ခု​အတွက် ကြိုတင်​ပြင်ဆင်​ရန် သို့​မဟုတ် အသက်ရှင်​လွတ်မြောက်​ရန် တစ်ဦး​ကိုတစ်​ဦး အတတ်နိုင်ဆုံး ကူညီ​ပေး​ကြသည်။ ယေဟောဝါသက်သေ​များ​အလယ်တွင် အသင်းတော်​အကြီးအကဲ​များသည် အသင်းတော်​သား​အားလုံး ဘေးကင်းမှု​ရှိမရှိ သို့​မဟုတ် ဘေးကင်း​ရာ​သို့​ရောက်​မ​ရောက် စိတ်ချ​ရအောင် လုံ့လထုတ်​၍ အဆက်အသွယ်​ပြု​ကြသည်။ ထို့ ပြင် အကြီးအကဲ​များသည် သန့်ရှင်း​သည့်​သောက်​ရေ၊ အစားအစာ၊ အဝတ်အစား​နှင့် မရှိမဖြစ်​သော​ဆေးဝါး​များ​အစ​ရှိသည့် ကိုယ်ရေးကိုယ်တာ​လိုအပ်ရာ​များ တစ်ဦးချင်း​စီ​တွင်​ရှိမရှိ သေချာ​စေရန် စစ်ဆေး​ကြသည်။ ဤသို့​သော​အချိန်​အတောအတွင်း ဘေးကင်း​သည့်​ဒေသ​များ​ရှိ သက်သေခံ​မိသားစု​များသည် ထွက်ပြေး​လာ​ကြသော​သက်သေခံချင်း​များ​ကို မိမိတို့​အိမ်များတွင် နေထိုင်​စေ​ကြသည်။ ယင်း​သို့​သော​မေတ္တာသည် အမှန်ပင် “စည်းလုံးခြင်း​၏ စုံလင်သော​အနှောင်အဖွဲ့” ဖြစ်​ပေ​သည်။—ကောလောသဲ ၃:၁၄က​ဘ။

သဘာဝဘေးဒဏ်​များသည် အချို့​သူများ ကြိုတင်​ခန့်မှန်း​သည့်​အတိုင်း ပိုမို​ဆိုးရွား​လာ​မည်​လော။ ပို​၍​ဆိုးရွား​လာ​ဖွယ်​ရှိသော်လည်း ယင်းသည် တစ်ခဏမျှ​သာ​ဖြစ်​ပေမည်။ အဘယ်ကြောင့်​နည်း။ ဘုရားသခင်​အား မကိုးစား​သည့် လူသား​တို့၏ ဝမ်းနည်းစရာ​ကာလ​သည် အဆုံးသတ်​လု​နီးပြီ​ဖြစ်သော​ကြောင့်​ပင်။ ထို့နောက် ကျွန်ုပ်​တို့ ယခု​တွေ့ မြင်ရ​မည့်​အတိုင်း ကမ္ဘာ​မြေ​တစ်ခုလုံး​နှင့် ယင်း​တွင်​နေထိုင်သူ​အားလုံး​တို့သည် ယေဟောဝါ​၏ မေတ္တာပါ​သော​အုပ်စိုးမှု​အောက်တွင် ထူးမြတ်​လှ​သည့် အကျိုးကျေးဇူးများ​ကို အပြည့်အဝ​ခံစားရ​ပေမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 မြေငလျင်၊ ရာသီဥတု​ဆိုးရွားမှု၊ မီးတောင်​ပေါက်ကွဲ​မှု အစ​ရှိသည်​တို့​ကိုယ်နှိုက်​က ဘေးဒဏ်​များ​မဟုတ်​ကြ​ချေ။ လူတို့၏​အသက်အိုးအိမ်​ကို ဆိုးဆိုးဝါးဝါး ထိခိုက်​ဖျက်ဆီး​သည့်​အခါ​၌​သာ သဘာဝဘေးဒဏ်​များ​ဖြစ်လာ​လေ​သည်။

^ အပိုဒ်၊ 6 ဆင်းရဲ​ဝေဒနာ​နှင့် မကောင်းမှုကို ဘုရားသခင် ခေတ္တ​ခဏ ခွင့်ပြု​ထား​ရခြင်း​နှင့်​ပတ်သက်​၍ ထပ်ဆင့်​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ဤ​မဂ္ဂဇင်း​၏ ၂၀၀၆၊ နိုဝင်ဘာ​လထုတ်​ပါ “‘ဘာကြောင့်လဲ’—အခက်ခဲဆုံး​မေးခွန်းများကို ဖြေဆိုခြင်း” ဟူသော အခန်းဆက်​ဆောင်းပါး​များနှင့် သမ္မာကျမ်းစာ အမှန်တကယ်​သွန်သင်ရာ​ကား အဘယ်နည်း​စာအုပ်​၏ အခန်း ၁၁ ကို ကျေးဇူးပြု​၍ ဖတ်​ကြည့်​ပါ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်သည် ထွက်ပြေး​ရန် အသင့်ပြင်​ထား​သလော

နယူးယောက်​မြို့တော်​၏ အရေးပေါ်​စီမံခန့်ခွဲရေး​ရုံး​သည် အိမ်ထောင်စုများ​အား ပြောင်းရွှေ့​မှု​အတွက် အရေးကြီးသော ပစ္စည်း​များ​ပါရှိ​သည့် တာရှည်ခံ​၍ သယ်​ရလွယ်​ကူ​သော​အိတ်တစ်အိတ်​ကို ကြိုတင်​ပြင်ဆင်​ထား​ကြ​ရန် အကြံပြု​၏။ ယင်း​အိတ်ထဲ​တွင် အောက်​ဖော်ပြ​ပါ​ပစ္စည်း​များ ပါဝင်​ပေမည်– *

▪ အရေးကြီးသော​စာရွက်စာတမ်း​မိတ္တူများ ထည့်​ထား​သည့် ရေ​လုံ​ဘူး​တစ်​ဘူး

▪ ကား​သော့​နှင့်​အိမ်သော့​အပို​များ

▪ မြီ​ရှင်​က​ဒ် သို့​မဟုတ် မြီစား​က​ဒ်​နှင့် ငွေသား

▪ ရေ​ဘူး​နှင့် တာရှည်ခံ​စားစရာ

▪ ဓာတ်​မီး(များ)၊ Am/Fm ရေဒီယို၊ ဆဲလ်ဖုန်း (သင်၌​ရှိလျှင်)၊ ဓာတ်ခဲ​အပို​များ

▪ အနည်းဆုံး​တစ်ပတ်စာ​အတွက် ဆေးဝါး​များ၊ ဆေး​ချိန်​နှင့်​ဆေး​ကြိမ်​စာရင်း၊ ဆေး​ညွှန်း စာရွက်​များ၊ ဆရာဝန်​၏​အမည်များ​နှင့် တယ်လီဖုန်း​နံပါတ်​များ။ (ဆေးဝါး​များသည် ရက်​လွန်​မဟုတ်​ကြောင်း သေချာစေပါ)

▪ ရှေးဦး​သူနာပြု​စု​ရေး​သေတ္တာ​ငယ်

▪ အကြမ်းခံ​၍ သက်သောင့်သက်သာ​ရှိသော ရှူးဖိနပ်​များနှင့် မိုး​ကာ​အင်္ကျီ

▪ သင့်​မိသားစု​အတွက် တွေ့ဆုံ​ဆက်သွယ်​ရမည့် နေရာ​နှင့် ဒေသန္တရ​မြေပုံ​တစ်ခု

▪ ကလေး​ပြုစု​စောင့်ရှောက်ရေး​ပစ္စည်း​များ

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 35 အထက်​ဖော်ပြ​ပါ​စာရင်း​သည် အစိုးရ​ထုတ်​စာရင်း အပေါ် အခြေခံ​ထား​သော်လည်း အနည်းငယ်​ပြုပြင်​ပြောင်းလဲ ထား​သည်။ ဖော်ပြ​ပါ​ပစ္စည်း​တိုင်း​သည် သင် သို့​မဟုတ် သင့်​ဒေသ​အတွက် သင့်တော်​မည်​မဟုတ်ပေ၊ အချို့​သော​အသုံးအဆောင် များ​ကို ထပ်​ဖြည့်​ဖို့ လို​ကောင်း​လို​ပေမည်။ ဥပမာ၊ သက်ကြီး ရွယ်အို​များနှင့် မသန်မစွမ်း​များ​အတွက် အထူး​လိုအပ်ရာ များ​ရှိသည်။

[Picture Credit Line on page 4]

USGS, David A. Johnston, Cascades Volcano Observatory