ဘေးဒဏ်များ ပျောက်ကွယ် လုနီးပြီ
ဘေးဒဏ်များ ပျောက်ကွယ် လုနီးပြီ
မြေငလျင်၊ စစ်ပွဲ၊ အစာခေါင်းပါးမှုနှင့် ရောဂါဘယတို့သည် ယေရှုကြိုပြောခဲ့သော ယခု ကျွန်ုပ်တို့အသက်ရှင်နေကြသည့် “လောကစနစ်ကုန်ဆုံးခြင်း၏နိမိတ်” များမှ အချို့မျှသာဖြစ်သည်။ (မဿဲ ၂၄:၃၊ ၇၊ ၈၊ ကဘ; လုကာ ၂၁:၇၊ ၁၀၊ ၁၁) မှန်ပါသည်။ အဆိုပါဖြစ်ရပ်များသည် ဘုရားသခင်ကြောင့်မဟုတ်ချေ။ ယင်းတို့အတွက် ယေရှုတွင်ရော ကိုယ်တော်၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်တွင်ပါ တာဝန်မရှိချေ။
သို့သော် အဆိုပါဖြစ်ရပ်များက နိမိတ်ပြသည့် ယေရှုခရစ်အုပ်ချုပ်မည့် ကောင်းကင်အစိုးရဖြစ်သော ဘုရားသခင့်နိုင်ငံတော်ရောက်ရှိခြင်းနှင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်သူမှန်သမျှအား ဖျက်ဆီးခြင်းကိုမူ ဘုရားသခင်တာဝန်ယူပါလိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄) ၎င်းနောက် ကမ္ဘာမြေကြီးအား သဘာဝဘေးဒဏ်များကို ကြောက်ရွံ့စရာမလိုတော့သည့် ငြိမ်သက်အေးချမ်းသောနေရာအဖြစ် ပြုပြင်ဖန်တီးမည်ဖြစ်သည်။ ဘုရားသခင်၏ကတိတော်သည် အပြည့်အဝ ပြည့်စုံလာပါလိမ့်မည်– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။”—ဟေရှာယ ၃၂:၁၈။
ဘုရားသခင်၏စကားတော်ကိုနားထောင်၍ ထာဝရအသက်ကို ရယူလော့
ဤအခန်းဆက်ဆောင်းပါးများ၏ အရှေ့ဆောင်းပါးတစ်ပုဒ်တွင် ရှင်းပြထားသည့်အတိုင်း သတိပေးချက်များကို အလေးဂရုပြုခြင်းက သု. ၁:၃၃။
အသက်ကိုကယ်တင်နိုင်ပါသည်။ အဆိုပါမူသည် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏သတိပေးချက်များနှင့် ပို၍ပင်သက်ဆိုင်၏။ “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟုဘုရားသခင် ကတိပြုတော်မူသည်။—ယေဟောဝါသက်သေများသည် ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုကာ ယင်းတွင်ပါရှိသည့် သွန်သင်ချက်များကို ကျင့်သုံးခြင်းဖြင့် ကိုယ်တော်၏စကားကိုနားထောင်ရန် အစွမ်းကုန်ကြိုးစားကြသည်။ ထပ်တူလုပ်ဆောင်ရန် သင့်ကို သူတို့ဖိတ်ခေါ်ပါသည်။ ယေဟောဝါ၏စကားတော်ကို နားထောင်သူအားလုံးသည် အနာဂတ်နှင့် ဆိုးသွမ်းသူတို့အပေါ် ကျရောက်တော့မည့် ဘေးဆိုးကို ကြောက်ရွံ့စရာမလိုချေ။ ယင်းအစား သူတို့သည် “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြမည့်” နေရာဖြစ်သော မြေကြီးပရဒိသုတွင် ထာဝရအသက်ကို ရယူရန် ဝမ်းမြောက်စွာ စောင့်စားနိုင်ပါသည်။—ဆာလံ ၃၇:၁၀၊ ၁၁။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ဝမ်းနည်းပူဆွေးနေသူများအတွက် နှစ်သိမ့်မှု
သင်ချစ်မြတ်နိုးရသူအချို့သည် သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ အခြားဘေးဆိုးတစ်ခုခုကြောင့်ဖြစ်စေ သေဆုံးခဲ့ရပါသလော။ လွန်ခဲ့သောအနှစ် ၂,၀၀၀ နီးပါးက ယေရှု၏မိတ်ဆွေရင်း လာဇရုသည် အချိန်မတန်ဘဲ သေဆုံးခဲ့ရသည်။ ယင်းအကြောင်းကို သိရှိသွားသောအခါ ယေရှုသည် လာဇရုနေထိုင်သည့် ဗေသနိရွာသို့ ထွက်သွားပြီး သေခြင်း၌ “အိပ်ပျော်” နေသော လာဇရုကို အသက်ပြန်ရှင်စေခဲ့၏။—ယောဟန် ၁၁:၁-၄၄။
ဤအံ့ဖွယ်အမှုကို ယေရှုပြုခဲ့ရခြင်းမှာ လာဇရုနှင့် ၎င်း၏မိသားစုကို ချစ်ကြောင်းပြရန်သာမက မိမိအုပ်ချုပ်မည့်အချိန်အတွင်း “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့” ကို ထမြောက်စေမည်ဟူသော မိမိ၏ကတိတော်ကို ယုံကြည်စိတ်ချစေရန်လည်းဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) မှန်ပါသည်။ လာမည့်ပရဒိသုတွင် ယေရှုသည် ဧဒင်ဥယျာဉ်၌ ပုန်ကန်မှုအစပြုကတည်းက ပေါ်ပေါက်လာခဲ့သော ထိခိုက်နစ်နာမှုမှန်သမျှကို ပယ်ဖျက်ပေးပါလိမ့်မည်။ *—၁ ယောဟန် ၃:၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သွားသောအခါ မည်သို့ရင်ဆိုင်ဖြေရှင်းရမည်နှင့်ပတ်သက်သည့် ကျမ်းစာ အကြံပေးချက်အပြင် ရှင်ပြန်ထမြောက်ခြင်းကတိတော်အကြောင်း အသေးစိတ်ဆွေးနွေးမှုအတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာကို ကျေးဇူးပြု၍ ဖတ်ကြည့်ပါ။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မြေငလျင်တစ်ခုက ကျွန်မရဲ့ ဘဝဦးတည်ချက်ကို ပြောင်းလဲစေခဲ့
၁၉၇၁ ခုနှစ်တုန်းက ကျွန်မဟာ ငယ်ရွယ်တဲ့မိခင်တစ်ယောက်ဖြစ်ပြီး အော်ပရာကဇာတ်မှာ အဆိုကျော်တစ်ဦးဖြစ်ဖို့ ရည်မှန်းထားခဲ့တယ်။ ၁၉၅၇ ခုနှစ်မှာ ကျွန်မအရမ်းစွဲလမ်းနှစ်သက်နေတဲ့ တေးဂီတအလုပ်ကိုလုပ်ဖို့ရည်ရွယ်ချက်နဲ့ ကနေဒါနိုင်ငံ၊ မန်နီတိုဘာပြည်နယ်က ကျွန်မရဲ့မွေးရပ်မြေဖြစ်တဲ့ ဝင်နီပက်ခ်မြို့ကနေ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလီဝုဒ်ဒေသအနားကို ပြောင်းရွှေ့သွားတယ်။
ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ ကျွန်မရဲ့မိခင်ဟာ ကနေဒါနိုင်ငံကနေ ကျွန်မဆီကို ကိုးနှစ်တိုင်တိုင် နွေရာသီရောက်တိုင်း လာလည်ပတ်ခဲ့တယ်။ အမေဟာ လာလည်တဲ့အချိန်တိုင်းမှာ ကျွန်မကို ကျမ်းစာအကြောင်းတွေပြောပြတယ်။ ပျော်ရွှင်မှုနဲ့ မိသားစုဘဝအတွက် အကောင်းဆုံးအကြံဉာဏ်တွေ သမ္မာကျမ်းစာမှာပါတယ်ဆိုတာကို ယုံကြည်စိတ်ချစေခဲ့တယ်။ ကျွန်မ အမေ့ကိုချစ်တဲ့အတွက် သူပြောတာတွေကို လေးလေးစားစား နားထောင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူပြန်သွားတဲ့အခါတိုင်း သူပေးထားခဲ့တဲ့ စာပေတွေကို ကျွန်မလွှင့်ပစ်လိုက်ပြီး ကျွန်မဘဝဟာ လမ်းမှန်ကို ဦးတည်နေတယ်လို့ ယုံကြည်မိတယ်။
အဲဒီနောက် ၁၉၇၁၊ ဖေဖော်ဝါရီလရဲ့ အင်္ဂါနေ့မနက်စောစောမှာ ၆.၆ ရစ်ခ်ျတာစကေးရှိတဲ့ မြေငလျင်တစ်ခုက ကျွန်မကို လှုပ်နှိုးလိုက်တယ်။ ဆူညံသံ တွေက နားကွဲလုမတတ်ဖြစ်ပြီး အရမ်းကိုလှုပ်ခါနေတယ်။ ကြောက်လန့်တကြားနဲ့ ကျွန်မသားငယ်ဆီကိုပြေးသွားပြီး ပုခက်ထဲမှာ လုံလုံခြုံခြုံရှိနေတာကို တွေ့လိုက်ရမှ စိတ်သက်သာရာရသွားတယ်။ လှုပ်ခါတာရပ်သွားတော့ မှန်ကွဲစတွေနဲ့ ဗီရိုတွေထဲက ပစ္စည်းတွေဟာ ကြမ်းပြင်မှာပြန့်ကြဲနေပြီး ရေကူးကန်ထဲကရေတွေဟာလည်း အိမ်နောက်ဘက်ကို စင်ထွက်နေတယ်။ ကျွန်မရဲ့မိသားစုဟာ ဘေးကင်းသွားပေမဲ့ ကျွန်မ ဆက်အိပ်လို့မရတော့ဘူး။
“နောက်ဆုံးသောနေ့ရက်များ” ရဲ့လက္ခဏာတစ်ခုဖြစ်တဲ့ “ကြီးစွာသော ငလျင်လှုပ်ခြင်း” အကြောင်းကို အမေပြောပြခဲ့ဖူးတယ်။ (၂ တိမောသေ ၃: ၁၊ သမ္မာ; လုကာ ၂၁:၇-၁၁၊ ကဘ) အဲဒီနှစ်နွေရာသီမှာ ကျွန်မဆီကို ကျမ်းစာ,စာပေတွေမပါဘဲ အမေပြန်လာလည်တယ်။ ကိုးနှစ်တိုင်တိုင် ကျွန်မကိုသက်သေခံခဲ့တာ ဘာမှအကျိုးမထူးတဲ့အတွက် ကျွန်မ စိတ်မဝင်စားဘူးလို့ အမေက ယူမှတ်ထားတယ်။ အမေ အရမ်းမှားသွားပြီ။ အမေလည်းရောက်လာရော ကျွန်မ အမေ့ကို မေးခွန်းတွေ တရစပ်မေးတော့တာပဲ။ သီချင်းဆိုခြင်းနဲ့ ကျော်ကြားမှုဟာ ချက်ချင်းပဲ အရေးမပါသလိုဖြစ်သွားတယ်။
အမေရောက်လာတဲ့အပတ်မှာပဲ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမက ခရစ်ယာန်အစည်းအဝေးတွေကို အမေနဲ့အတူ သွားတက်တယ်။ အဲဒီနောက်ပိုင်း စည်းဝေးမတက်ဘဲ လွတ်သွားတယ်ဆိုတာ ရှားတယ်။ အမေဟာ ကျွန်မအတွက် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု စီစဉ်ပေးခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာ ကျွန်မနှစ်ခြင်းခံခဲ့ပြီး ကနေ့အထိ အခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်တဲ့နေရာမှာ လစဉ် ပျမ်းမျှနာရီ ၇၀ အသုံးပြုခဲ့တယ်။ (မဿဲ ၂၄:၁၄) မြေငလျင်တစ်ခုဟာ ဘုရားသခင်အပေါ်ထားရှိတဲ့ ကျွန်မရဲ့ယုံကြည်ခြင်းကို ပျက်ပြားသွားစေမယ့်အစား ကျွန်မရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်။—ကောလင်းအက်စ်ပါစာ ပြောပြသည်။