သန္ဓေတားခြင်းသည် ကျင့်ဝတ်တရားကို ချိုးဖောက်ခြင်းလော
သမ္မာကျမ်းစာရှုထောင့်
သန္ဓေတားခြင်းသည် ကျင့်ဝတ်တရားကို ချိုးဖောက်ခြင်းလော
သင် မည်သို့ထင်သနည်း။ အိမ်ထောင်သည်များ သန္ဓေတားနည်းကို အသုံးပြုခြင်းသည် မှားပါသလော။ သင်၏အဖြေသည် သင်၏ဘာသာရေးခံယူချက်များအပေါ် မူတည်ပေမည်။ ကက်သလစ်ချာ့ခ်ျက မျိုးဆက်ပွားခြင်းကိုဟန့်တားရန် ရည်ရွယ်သော ကြိုးပမ်းမှုတစ်စုံတစ်ရာသည် “ပင်ကိုအားဖြင့် မကောင်းမှုဖြစ်” ကြောင်း သွန်သင်သည်။ အိမ်ထောင်ဖက်များ လိင်မှုကိစ္စပြုခြင်းဖြင့် ကိုယ်ဝန်စွဲကပ်ခွင့်ပြုရမည်ဟူသော ယူဆချက်ကို ကက်သလစ်အယူဝါဒက ထောက်ခံ၏။ သို့နှင့် ကက်သလစ်ချာ့ခ်ျအတွက် သန္ဓေတားခြင်းသည် “ကျင့်ဝတ်တရားအရ လက်မခံနိုင်ဖွယ်ရာ” ဖြစ်ပေသည်။
ဤရှုမြင်ချက်ကို လက်ခံရခက်ကြောင်း လူအများ တွေ့ရလေသည်။ ယင်းအကြောင်းနှင့်စပ်လျဉ်း၍ Pittsburgh Post-Gazette ဆောင်းပါးတစ်ပုဒ်က “ချာ့ခ်ျသည် သန္ဓေတားဆေးသုံးခွင့်ပြုသင့်ကြောင်း အမေရိကန်နိုင်ငံရှိ ကက်သလစ်ဘာသာဝင် ၇၅ ရာခိုင်နှုန်းကျော်က ယူဆကြသည်။ . . . လူသန်းပေါင်းများစွာသည် သန္ဓေတားဆေးသုံးစွဲခြင်းအပေါ် တားမြစ်ပိတ်ပင်မှုကို အရေးမစိုက်ကြချေ” ဟုဖော်ပြခဲ့၏။ ထိုသူတို့အထဲမှ တစ်ဦးဖြစ်သည့် သမီးသုံးဦး၏မိခင် လင်ဒါက သန္ဓေတားဆေးအသုံးပြုသည်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသော်လည်း “ကျွန်မရဲ့ကိုယ်ကိုကိုယ်သိစိတ်အရ ကျွန်မအပြစ်လုပ်နေတယ်လို့ မယူဆဘူး” ဟုဆိုသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
အသက်သည် အဖိုးတန်၏
ကလေးတစ်ဦး စတင်ကြီးထွားဖွံ့ဖြိုးသည့်အဆင့်၌ပင် ၎င်း၏အသက်ကို အလွန်အဖိုးထိုက်သည်ဟု ဘုရားသခင်ယူမှတ်တော်မူ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သည် ဘုရားသခင်၏ဝိညာဉ်တော်စေ့ဆော်မှုဖြင့် ဤသို့ရေးသားခဲ့သည်– “ကိုယ်တော်သည် . . . အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။” (ဆာလံ ၁၃၉:၁၃၊ ၁၆) သန္ဓေတည်သည်နှင့် အသစ်သောအသက်စတင်ကာ မောရှေပညတ်အရ လူတစ်ဦးသည် မိခင်ဝမ်းထဲမှ မမွေးသေးသောကလေးကို ထိခိုက်မိပါက တာဝန်ခံရမည်။ အမှန်ဆိုရလျှင် အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွား မှုကြောင့် ကိုယ်ဝန်ဆောင်မိန်းမ သို့မဟုတ် သူ၏မမွေးသေးသောရင်သွေးသည် သေလောက်သည့် မတော်တဆထိခိုက်ဒဏ်ရာရသွားပါက တရားသူကြီးများသည် အခြေအနေများနှင့် စိတ်လိုကိုယ်လျောက်ပြုမူသည့်အတိုင်းအတာတို့ကို ချင့်ချိန်ရမည်ဖြစ်သော်လည်း အပြစ်ဒဏ်ကား စိုးလ်အတွက်စိုးလ် သို့မဟုတ် “အသက်အတွက်အသက်” ဖြစ်သည်ဟု ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ တွင်ဖော်ပြထားသည်။
အဆိုပါမူများသည် သန္ဓေသားပျက်သွားစေရန်ရည်ရွယ်သည့် အချို့သောသန္ဓေတားနည်းများနှင့်လည်း သက်ဆိုင်ပါသည်။ ယင်းသန္ဓေတားနည်းများသည် အသက်ကိုလေးမြတ်ခြင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာမူနှင့် မကိုက်ညီပေ။ သို့သော် သန္ဓေတားဆေးအများစုသည် သန္ဓေဖျက်ဆေးမဟုတ်ချေ။ ယင်းသို့သောသန္ဓေတားနည်းများ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ကော အသို့နည်း။
ခရစ်ယာန်များအား မျိုးဆက်ပွားရန် သမ္မာကျမ်းစာ မည်သည့်နေရာ၌မျှ မမိန့်မှာထားချေ။ ဘုရားသခင်သည် ကနဦးလူသားမောင်နှံနှင့် နောဧမိသားစုကို “များပြားစွာဖွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ . . . ကြလော့” ဟူ၍မိန့်တော်မူခဲ့၏။ သို့သော် ယင်းအမိန့်ကို ခရစ်ယာန်များအား ထပ်မံမပေးခဲ့ချေ။ (ကမ္ဘာဦး ၁:၂၈; ၉:၁) ထို့ကြောင့် အိမ်ထောင်သည်မောင်နှံများသည် မိသားစုတည်ဆောက်မည်၊ သားသမီး မည်မျှယူမည်၊ မည်သည့်အချိန်တွင် သားသမီးယူမည်ကို မိမိတို့ဘာသာ ဆုံးဖြတ်ရပေမည်။ အလားတူ၊ သမ္မာကျမ်းစာကလည်း သန္ဓေတားခြင်းကို မရှုတ်ချပေ။ သမ္မာကျမ်းစာရှုထောင့်အရကြည့်လျှင် ဇနီးမောင်နှံတို့သည် သန္ဓေသားဖျက်ချခြင်းမဟုတ်သော သန္ဓေတားနည်းအချို့ကို အသုံးပြုဖို့ ရွေးချယ်ရန်၊ မရွေးချယ်ရန်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၏။ သို့သော် ကက်သလစ်ချာ့ခ်ျသည် သန္ဓေတားခြင်းကို အဘယ်ကြောင့် ရှုတ်ချရသနည်း။
လူ့ဉာဏ်ပညာသည် ဘုရားသခင့်ဉာဏ်ပညာနှင့် ကွဲလွဲဆန့်ကျင်
အိမ်ထောင်သည်များ လိင်မှုကိစ္စပြုသည့် တစ်ခုတည်းသောတရားဝင်အကြောင်းရင်းမှာ မျိုးဆက်ပွားရန်ဖြစ်သည်ဟူသော သတောအိတ်စည်းမျဉ်းမူကို အေဒီဒုတိယရာစုတွင် အမည်ခံခရစ်ယာန်များက ဦးစွာခံယူခဲ့ကြကြောင်း ကက်သလစ်စွယ်စုံကျမ်းသစ်က ရှင်းပြသည်။ ဤရှုမြင်ချက်၏နောက်ကွယ်ရှိ ကျိုးကြောင်းဆင်ခြင်မှုသည် သမ္မာကျမ်းစာနှင့်ကိုက်ညီမည့်အစား လူ့အတွေးအခေါ်နှင့်သာ ကိုက်ညီလေသည်။ ယင်းသည် ဘုရားသခင်၏ဉာဏ်ပညာအပေါ်တွင် အခြေမပြုဘဲ လူ့ ဉာဏ်ပညာအပေါ်တွင် အခြေပြု၏။ ဤအတွေးအခေါ်သည် ရာစုနှစ်ပေါင်းများစွာ တည်တံ့လာခဲ့ပြီး ကက်သလစ်ကျမ်းပညာရှင်များစွာက ယင်းကို အကျယ်ချဲ့ရှင်းပြခဲ့ကြလေသည်။ * သို့သော် ဤသွန်သင်ချက်၏ ကျိုးကြောင်းဆီလျော်သော အကျိုးဆက်မှာ လိင်ဆိုင်ရာသာယာမှုရရန်အတွက်သာ လိင်မှုကိစ္စပြုခြင်းသည် အပြစ်ရှိပြီး ပဋိသန္ဓေမတည်စေရန်တားဆီး၍ လိင်မှုကိစ္စပြုခြင်းသည် ကျင့်ဝတ်တရားကို ချိုးဖောက်မှုဖြစ်သည်ဟူသော အတွေးအမြင်ဖြစ်၏။ သို့သော် ယင်းသည်လည်း ကျမ်းစာသွန်သင်ချက်မဟုတ်ချေ။
ဇနီးမောင်နှံစပ်ကြား သင့်လျော်သောလိင်မှုကိစ္စပြုခြင်းမှ ရရှိနိုင်သည့် သာယာကြည်နူးမှုကို သမ္မာကျမ်းစာ၏ နယပုံပြင်ကျမ်းတွင် ကဗျာဆန်ဆန် ဤသို့ဖော်ပြထားသည်– “ကိုယ်ဆိုင်သောရေအိုးကိုသုံး၍ ကိုယ်ရေတွင်းထဲကထွက်သောစမ်းရေကို သောက်လော့။ . . . သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လို့ဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍ . . . သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။”—သု. ၅:၁၅၊ ၁၈၊ ၁၉။
ဇနီးမောင်နှံစပ်ကြား ကိုယ်လက်နှီးနှောခြင်းသည် ဘုရားသခင်ပေးသော ဆုလက်ဆောင်တစ်ခုဖြစ်၏။ သို့သော် လိင်မှုကိစ္စပြုခြင်းသည် မျိုးဆက်ပွားရန်အတွက်သာ မဟုတ်ချေ။ ထို့ ပြင် လိင်မှုကိစ္စပြုခြင်းဖြင့် အိမ်ထောင်သည်မောင်နှံများသည် တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာမြတ်နိုးကြောင်း ဖော်ပြခွင့်ရကြသည်။ ထို့ကြောင့် မောင်နှံတစ်စုံသည် သန္ဓေတားခြင်းပုံစံတချို့ကို အသုံးပြု၍ ကိုယ်ဝန်မရအောင် တားဆီးရန် ဆုံးဖြတ်ခြင်းသည် ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး မည်သူမျှ သူတို့ကို မစစ်ကြောသင့်ချေ။—ရောမ ၁၄:၄၊ ၁၀-၁၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 “သန္ဓေတားခြင်းကို ဆန့်ကျင်သော ပုပ်ရဟန်းမင်းတစ်ဦး၏ လူအများနှင့်အံဝင်သည့် ဦးဆုံးပြဋ္ဌာန်းချက်” ဟု ကက်သလစ်စွယ်စုံကျမ်းသစ် တွင် ဖော်ပြထားရာကို ၁၃ ရာစု၌သာ နဝမမြောက် ဂရယ်ဂရီပုပ်ရဟန်းမင်းက ထုတ်ပြန်ခဲ့၏။
သင်စဉ်းစားဖူးသလော
▪ ဇနီးမောင်နှံများ လိင်မှုကိစ္စပြုခြင်းသည် တစ်စုံတစ်ရာအပြစ်ရှိပါသလော။—သု. ၅:၁၅၊ ၁၈၊ ၁၉။
▪ သန္ဓေတားဆေးများ အသုံးပြုမည်ဆိုလျှင် အဘယ်အရာကို ခရစ်ယာန်များ စိတ်စွဲမှတ်သင့်သနည်း။—ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃။
▪ သန္ဓေတားဆေးများအသုံးပြုသော အိမ်ထောင်သည်မောင်နှံများကို အခြားသူတို့ မည်သို့ ရှုမြင်သင့်သနည်း။—ရောမ ၁၄:၄၊ ၁၀-၁၃။
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်သည် ကနဦးလူသားမောင်နှံနှင့် နောဧမိသားစုကို “များပြားစွာဖွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ . . . ကြလော့” ဟူ၍ မိန့်တော်မူခဲ့၏။ သို့သော် ယင်းအမိန့်ကို ခရစ်ယာန်များအား ထပ်မံမပေးခဲ့ချေ