သွားကိုက်ခြင်း ရာဇဝင်တွင်ခဲ့သည့် ဝေဒနာ
သွားကိုက်ခြင်း ရာဇဝင်တွင်ခဲ့သည့် ဝေဒနာ
အလယ်ခေတ်မြို့တစ်မြို့၏ ဈေးထဲတွင် တောက်ပြောင်သော အဝတ်အစားများကိုဝတ်ထားသည့် တတ်ယောင်ကားတစ်ဦးက မိမိသည် မနာကျင်စေဘဲ သွားနုတ်နိုင်သည်ဟု ကြွားဝါပြောဆိုနေ၏။ သူ၏ ကြံရာပါများက တွန့်ဆုတ်တွန့်ဆုတ်ဟန်ဖြင့် ရှေ့သို့တိုးသွားကာ သွားနုတ်သူက နုတ်ဟန်ဆောင်ပြီးနောက် သွေးပေနေသော အံသွားကို အများမြင်သာအောင် ကိုင်ပြထားသည်။ မကြာမီတွင် သွားကိုက်ဝေဒနာရှင်များသည် အခပေး၍ သွားနုတ်ခံရန် အားတက်လာသည်။ သွားနုတ်ခံသူများ၏အော်သံကို ဖုံးလွှမ်းသွားစေရန် ဗုံများနှင့်ခရာများကို ဆူညံစွာတီးမှုတ်ခြင်းဖြင့် အခြားသူများ တွန့်ဆုတ်မသွားစေရန် လုပ်ဆောင်ကြသည်။ ရက်အနည်းငယ်အတွင်းတွင် အနာမှာ ကြောက်စရာကောင်းလောက်အောင် ရင်းလာတတ်သည်။ တတ်ယောင်ကားမှာမူ ပျောက်ခြင်းမလှပျောက်သွားလေပြီ။
ယနေ့တွင် ထိုသို့အလိမ်ခံရသော သွားကိုက်ဝေဒနာရှင်များမှာ မရှိသလောက်ဖြစ်သည်။ ခေတ်သစ်သွားဘက်ဆိုင်ရာဆရာဝန်များသည် သွားကိုက်ဝေဒနာကို ကုသပေးနိုင်သည့်အပြင် သွားဆုံးရှုံးခြင်းမှလည်း ကာကွယ်ပေးနိုင်လေ့ရှိသည်။ သို့သော် လူအများစုမှာမူ သွားဘက်ဆိုင်ရာဆေးခန်းသို့သွားရမည်ကို စိုးရိမ်ကြသည်။ ခေတ်သစ်သွားကုပညာကို တန်ဖိုးထားတတ်လာစေရန် လူနာများအား နာကျင်မှုမှသက်သာစေဖို့ သွားဘက်ဆိုင်ရာဆရာဝန်များ မည်သို့စတင်ကြိုးစားခဲ့ကြပုံကို ကြည့်ကြစို့။
သွားပိုးစားနာသည် လူတို့တွင် သာမန်အအေးမိရောဂါပြီးလျှင် ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်သည်ဟု ဆိုသည်။ ယင်းသည် ခေတ်ပေါ်ရောဂါတစ်ခုမျှသာမဟုတ်ချေ။ ကဗျာဆရာ ဘုရင်ရှောလမုန်က ရှေးဣသရေလတိုင်းပြည်တွင် အသက်အရွယ်အိုမင်းလာသူတို့ ကြုံတွေ့ ကြရမည့်အခြေအနေမှာ သွားများမရှိတော့၍ စိတ်ကသိကအောက်ဖြစ်ရခြင်းဖြစ်ကြောင်း ဖော်ပြ၏။—ဒေ. ၁၂:၃။
မင်းဧကရာဇ်များလည်း ခံစားခဲ့ရ
အင်္ဂလန်ဘုရင်မ အဲလစ်ဇဘက် ၁ သည်လည်း သွားကိုက်ဝေဒနာနှင့် မလွတ်ကင်းခဲ့ချေ။ ဘုရင်မကြီး၏ မည်းနေသောသွားများကိုသတိထားမိသည့် ဂျာမန်ဧည့်သည်တစ်ဦးက “အင်္ဂလိပ်လူမျိုး၏အားနည်းချက်မှာ သကြားကိုအလွန်အကျွံစားသုံးခြင်း ဖြစ်ဟန်တူသည်” ဟုရေးသားခဲ့၏။ ၁၅၇၈၊ ဒီဇင်ဘာလတွင် ဘုရင်မကြီးသည် သွားကိုက်ဝေဒနာကို နေ့ရောညပါ အပြင်းအထန်ခံစားခဲ့ရသည်။ ဘုရင်မကြီး၏သမားတော်များက ပိုးစားနေသောသွားကို နုတ်ပစ်ရမည်ဟုပြောသောအခါ ဘုရင်မကြီးက နာကျင်မည်စိုး၍ ငြင်းဆန်ခဲ့၏။ ဘုရင်မကြီးကို အားပေးရန်အတွက် လန်ဒန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဂျွန်အယ်လ်မာသည် မိမိတွင် သွားအနည်းငယ်သာကျန်ရှိတော့သော်လည်း ဆွေးနေပုံရသောသွားတစ်ချောင်းကို ဘုရင်မကြီးရှေ့တွင်ပင် သတ္တိရှိရှိအနုတ်ခံပြခဲ့သည်။
ထိုအချိန်က သွားနုတ်လိုသူအရပ်သားများသည် ဆံသသမား သို့မဟုတ် ပန်းပဲသမားထံသို့ပင် သွားခဲ့ကြရသည်။ သို့သော် သကြားဝယ်စားနိုင်သူ ပို၍များပြားလာသောအခါ သွားကိုက်ဝေဒနာမှာလည်း ပို၍တိုးများလာပြီး ကျွမ်းကျင်သောသွားနုတ်သူများ သာ၍လိုအပ်လာလေသည်။ ထို့ကြောင့် အချို့သောသမားတော်များနှင့် ခွဲစိတ်ဆရာဝန်များသည် သွားရောဂါကိုကုသရန် စတင်စိတ်ဝင်စားလာကြသည်။ သို့သော် မိမိတို့ဘာသာ သင်ယူလေ့လာခဲ့ကြရ၏။ အကြောင်း
မှာ ကျွမ်းကျင်သူများသည် မိမိတို့၏လုပ်ငန်းထိခိုက်မည်စိုး၍ မိမိတို့၏ပညာကို သတိရှိရှိလျှိုထားသောကြောင့်ဖြစ်သည်။ ယင်းပညာရပ်နှင့်ဆိုင်သောစာအုပ်များမှာလည်း ရှားပါးလှသည်။အဲလစ်ဇဘက် ၁ ၏နန်းသက်နောက်ပိုင်း ရာစုနှစ်တစ်ခုခန့်အကြာတွင် လူဝီ ၁၄ သည် ပြင်သစ်ပြည့်ရှင်ဖြစ်လာ၏။ ဘုရင်၏အသက်တာအများစုတွင် သွားကိုက်ဝေဒနာကို ခံစားခဲ့ရသောကြောင့် ၁၆၈၅ ခုနှစ်တွင် သူ၏ ဘယ်ဘက်အပေါ်သွားအားလုံးကို နုတ်ပစ်လိုက်ရသည်။ ဘုရင်သည် မိမိ၏သွားရောဂါကြောင့် ဘေးသင့်စေသော ဆုံးဖြတ်ချက်ကို အမှားမှားအယွင်းယွင်း ချမိကြောင်း၊ ယင်းမှာ ပြင်သစ်နိုင်ငံတွင် လွတ်လပ်စွာဝတ်ပြုခွင့်ပေးထားသောအမိန့်ကို ပြန်လည်ရုပ်သိမ်းရန် လက်မှတ်ထိုးလိုက်မိပြီး ယင်းက လူနည်းသောဘာသာရေးအုပ်စုများကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ပေါ်စေခဲ့ကြောင်း တချို့ကဆိုကြ၏။
ခေတ်သစ်သွားကုသမှု၏အစ
လူဝီ ၁၄ ၏ အသုံးအဖြုန်းကြီးသည့် ဘဝပုံစံသည် ပါရီမြို့သားလူကုံထံများအပေါ် လွှမ်းမိုးလာရာမှ သွားကုပညာ အစပြုရန် အကြောင်းပေါ်လာခဲ့သည်။ နန်းတွင်းနှင့် လူမှုအဖွဲ့အစည်းတွင် အောင်မြင်မှုရရှိရန်မှာ ကြည့်ကောင်းရှုပျော်သောအသွင်အပြင်ပေါ် မူတည်သည်။ အစာစားရန်ထက် ရုပ်ရည်အသွင်အပြင်အတွက် သွားတုများတပ်ဆင်ကြ၍ သွားတုလိုအပ်မှုတိုးများလာရာ လူကုံထံဖောက်သည်များကိုအကျိုးပြုသော သွားကုဆရာများ ပေါ်ပေါက်လာသည်။ ပါရီမြို့တော်တွင် သွားကုပညာကို ရှေ့ဆောင်ရှေ့ရွက်ပြုသူမှာ ပြင်သစ်ရေတပ်၌ ခွဲစိတ်ပညာလေ့လာသင်ယူခဲ့သူ ပီယဲဖောရှာဖြစ်၏။ သူသည် သွားနုတ်ခြင်းကို အရည်အချင်းမရှိသော ဆံသ သမားများနှင့် တတ်ယောင်ကားများအား လွှဲပေးခဲ့သော ခွဲစိတ်ဆရာဝန်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး မိမိကိုယ်ကို ပထမဆုံး သွားဘက်ဆိုင်ရာ ခွဲစိတ်ကုဆရာဝန်ဟု ခေါ်ဆိုခဲ့သည်။
လုပ်ငန်းအတွက် ပညာလျှိုခြင်းထုံးစံကို အဆုံးသတ်ကာ ၁၇၂၈ ခုနှစ်တွင် ဖောရှာသည် သူသိရှိခဲ့သမျှ နည်းပညာအားလုံးကို စုစည်းကာ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ရလဒ်အနေနှင့် သူသည် “သွားကုပညာ၏ဖခင်” အဖြစ်သမုတ်ခံရသည်။ သူသည် လူနာအား ကြမ်းပြင်ပေါ်အစား သွားစိုက်ခုံပေါ်သို့တင်ကာ ကုသပေးခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ထို့ ပြင် သွားနုတ်ကိရိယာ ငါးမျိုးကို တီထွင်ခဲ့သော်လည်း ဖောရှာသည် သွားနုတ်သူတစ်ဦးထက်မက များစွာလုပ်ဆောင်ခဲ့သူဖြစ်၏။ သူသည် သွားဖောက်စက်နှင့် သွားဖာသည့်နည်းပညာများကို တီထွင်ခဲ့သည်။ သွားအရင်းတွင်ဖြစ်နေသောအခေါင်းပေါက်ကို ဖြည့်ရန်နှင့် ယင်းတွင် သွားတုတပ်ရန်တို့ကို သူလေ့လာခဲ့သည်။ ဆင်စွယ်ဖြင့်ပြုလုပ်ထားသော ၎င်း၏သွားတုများတွင် နေရာတကျ တပ်ဆင်နိုင်သော စပရင်ပါရှိသည်။ ဖောရှာသည် သွားကုလုပ်ငန်းကို အတတ်ပညာဆိုင်ရာသက်မွေးမှုလုပ်ငန်းတစ်ခုအဖြစ် အစပြုခဲ့၏။ ၎င်း၏သြဇာသည် အမေရိကသို့ပင် ရောက်ရှိပျံ့နှံ့ခဲ့သည်။
ပထမဆုံးအမေရိကန်သမ္မတ အလူးအလဲခံခဲ့ရ
လူဝီ ၁၄ နောက်ပိုင်း အနှစ်တစ်ရာတွင် အမေရိကန်မှ ဂျော့ဝါရှင်တန်လည်း သွားကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ သူသည် အသက် ၂၂ နှစ်အရွယ်မှစ၍ နှစ်တိုင်းလိုလို သွားနုတ်ခဲ့ရသည်။ အမေရိကန်တပ်ပေါင်းစုကို ဦးဆောင်စဉ်အတွင်း သွားကိုက်ဝေဒနာကြောင့် ၎င်းခံစားခဲ့ရသော စိတ်ဆင်းရဲမှုကို စဉ်းစားကြည့်ပါ။ ၁၇၈၉ ခုနှစ်တွင် ပထမဦးဆုံး အမေရိကန်သမ္မတဖြစ်လာချိန်၌ သူ့တွင် သွားများမရှိတော့သလောက်ဖြစ်သွား၏။
သွားများမရှိ၍ အကျည်းတန်နေရပြီး သွားတုများကလည်း ပုံစံမကျသဖြင့် ဂျော့ဝါရှင်တန်ခမျာ စိတ်ဆင်းရဲခဲ့ရ၏။ သူသည် မိမိ၏အသွင်အပြင်ကို အထူးဂရုစိုက်သကဲ့သို့ နိုင်ငံသစ်၏သမ္မတရာထူးအတွက် တင့်တယ်ခန့်ညားမှုရှိရန်လည်း ကြိုးစားခဲ့သည်။ ထိုခေတ်ကသွားတုများကို ပုံစံခွက်များတွင် လောင်းယူခြင်းမဟုတ်ဘဲ ဆင်စွယ်မှ ထွင်းထုရသောကြောင့် အံဝင်ရန်ခက်ခဲသည်။ အင်္ဂလိပ်လူကုံထံများလည်း ဝါရှင်တန်ကဲ့သို့ပင် အခက်ကြုံခဲ့ကြသည်။ အင်္ဂလိပ်လူမျိုးတို့၏ အတည်ပေါက်နှင့်အရွှန်းဖောက်ခြင်းသည် သွားတုများပေါ်လာမည်စိုး၍ ကျယ်လောင်စွာရယ်မောခြင်းကို ရှောင်ရာမှစခဲ့သည်ဟု ပြောစမှတ်တွင်ခဲ့သည်။
ဝါရှင်တန်သည် သစ်သားသွားတုတပ်ဆင်ခဲ့သည်ဟူသော ယုံတမ်းစကားမှာ မမှန်လောက်ပေ။ သူ၏သွားတုကို သစ်သားဖြင့်မဟုတ်ဘဲ လူ၏သွား၊ ဆင်စွယ်နှင့် ခဲတို့ဖြင့်ပြုလုပ်ခဲ့သည်။ သူ၏သွားကုဆရာဝန်များသည် လူ့သွားများကို သင်္ချိုင်းဂူဖောက်ထွင်းသူများထံမှ ရခဲ့ခြင်းဖြစ်နိုင်သည်။ ထို့ ပြင် သွားကုန်သည်များသည် စစ်တပ်များနောက်မှလိုက်ကာ တိုက်ပွဲတွင် ကျဆုံးသူများထံမှ သွားများကို နုတ်ယူခဲ့ပေမည်။ ထို့ကြောင့် သွားတုဆိုသည်မှာ ကြေးရတတ်များအတွက် ဇိမ်ခံပစ္စည်းဖြစ်ခဲ့သည်။ ၁၈၅၀ ပြည့်လွန်နှစ်များမတိုင်မီတွင် ကန့်နှင့်ပေါင်းထားသောရော်ဘာကို စမ်းသပ်တွေ့ရှိခဲ့ပြီး သွားတုအတွက် အခြေခံပစ္စည်းအဖြစ်အသုံးပြုခဲ့ရာမှ သာမန်လူတန်းစားများလည်း သွားတုတပ်ဆင်နိုင်ခဲ့လေသည်။ ဝါရှင်တန်ကိုကုသပေးခဲ့သော သွားကုဆရာဝန်များသည် သွားကုပညာတွင် ကျွမ်းကျင်ထက်မြက်သူများဖြစ်သော်လည်း သွားကိုက်ဝေဒနာဖြစ်ရသည့် အကြောင်းရင်းကိုမူ အပြည့်အဝနားမလည်ခဲ့ကြချေ။
သွားကိုက်ခြင်းနှင့်ပတ်သက်သော အမှန်တရား
ရှေးအချိန်ကလူတို့သည် သွားကိုက်ခြင်းမှာ ပိုးစားသောကြောင့်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြကာ ယင်းအယူအဆကို ၁၇၀၀ ပြည့်လွန်နှစ်များအထိ လက်ခံခဲ့ကြသည်။ ၁၈၉၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်တက္ကသိုလ်တွင် အမှုထမ်းနေသော အမေရိကန် သွားဘက်ဆိုင်ရာဆရာဝန် ဝီလော့ဘီမေလာသည် သွားကိုက်ဝေဒနာဖြစ်စေသောအဓိကအကြောင်းရင်းဖြစ်သည့် သွားဆွေးမြည့်ခြင်း၏အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘက်တီးရီးယားပိုးတစ်မျိုးသည် အထူးသဖြင့် သကြားဓာတ်တွင်ပေါက်ပွားကာ သွားများကိုပျက်စီးစေသောအက်စစ်ဓာတ်ကို ထုတ်ပေးသည်။ သို့သော် သွားဆွေးမြည့်ခြင်းကို မည်သို့ကာကွယ်နိုင်သနည်း။ အဖြေကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်တွင် လူအများစု၏သွားများသည် အဘယ်ကြောင့် အရောင်အမျိုးမျိုးဖြစ်ရသည်ကို သွားဘက်ဆိုင်ရာဆရာဝန်များ သိလိုခဲ့သည်မှာ နှစ်ပေါင်းများစွာတိုင်ခဲ့ပြီ။ နောက်ဆုံးတွင် ရေ၌ဖလိုရိုက်ပါဝင်မှုပမာဏ လွန်ကဲခြင်းကြောင့်ဖြစ်သည်ဟု ရှာဖွေတွေ့ရှိခဲ့၏။ သို့သော် ဤဒေသန္တရပြဿနာကို လေ့လာစူးစမ်းစဉ်တွင် သုတေသီများသည် သွားကိုက်ဝေဒနာကို ကာကွယ်နိုင်သည့် ကမ္ဘာချီအရေးကိစ္စကို အောက်ပါအတိုင်း အမှတ်မထင်တွေ့ရှိခဲ့၏– သောက်ရေတွင် ဖလိုရိုက်ပါဝင်မှုပမာဏ လျော့နည်းသောဒေသ၌ ကြီးပြင်းလာသူများသည် သွားဆွေးမြည့်ခြင်းပိုဖြစ်ကြ၏။ ရေတွင် သဘာဝအလျောက်ပါဝင်နေသော ဖလိုရိုက်သည် သွားကြွေတွင်ပါဝင်သောအရာတစ်မျိုးဖြစ်သည်။ ဖလိုရိုက်မပါဝင်သောရေတွင် ဖလိုရိုက်ကို စံအဖြစ်သတ်မှတ်ထားသော ပမာဏအတိုင်းထည့်၍ သောက်သုံးသောအခါ သွားဆွေးမြည့်နိုင်ခြေ ၆၅ ရာခိုင်နှုန်းထက်မက ကျဆင်းသွား၏။
သို့နှင့် လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့လေပြီ။ သွားကိုက်ဝေဒနာအဖြစ်အများဆုံးမှာ သွားဆွေးမြည့်ခြင်းကြောင့်ဖြစ်၏။ သွားဆွေးမြည့်ရခြင်းမှာ သကြားဓာတ်ကြောင့်ဖြစ်သည်။
ဖလိုရိုက်က ယင်းသို့မဖြစ်ရန် ကာကွယ်ပေး၏။ သို့သော် ဖလိုရိုက်သည် သွားကောင်းစွာတိုက်ခြင်း၊ သွားကြားရှင်းခြင်းတို့ကို အစားမထိုးနိုင်ကြောင်း ကောင်းစွာသက်သေထူခဲ့ပြီ။မနာကျင်သော သွားကုသမှုကို ရှာဖွေခြင်း
ထုံဆေးကို မတွေ့ရှိမီက သွားကုသမှုသည် လူနာကို များစွာနာကျင်စေသည်။ သွားကုဆရာဝန်သည် ချွန်ထက်သောကိရိယာဖြင့် ဆွေးနေသောသွားများကို အစိမ်းအတိုင်း ကော်ထုတ်ကာ အပေါက်ဖာရန် သတ္တုရည်ပူကို အခေါင်းပေါက်ထဲသို့ ထိုးထည့်ရသည်။ ၎င်းတို့တွင် အခြားကုသနည်းများမရှိသောကြောင့် ပိုးဝင်နေသောအသားနုများကို ကုသရန် သွားအရင်းရှိအခေါင်းပေါက်ထဲသို့ အလွန်ပူသောသံချောင်းကို ထိုးထည့်ကြပေမည်။ အထူးကိရိယာများနှင့် ထုံဆေးမပေါ်မီအချိန်က သွားနုတ်ခြင်းသည် ထိတ်လန့်စရာ အတွေ့အကြုံလည်း ဖြစ်ပေသည်။ သွားကိုက်ဝေဒနာကပို၍ဆိုးသောကြောင့်သာ ထိုသို့နာကျင်လွန်းလှသော လုပ်ထုံးလုပ်နည်းများကို လူအများခံယူကြခြင်းဖြစ်သည်။ အနာသက်သာစေရန် ဘိန်း၊ ဆေးခြောက်၊ အနုဆေးစသောပရဆေးများကို ရာစုနှစ်နှင့်ချီ၍ အသုံးပြုခဲ့ကြသည်။ သွားကုဆရာဝန်များသည် မနာကျင်စေဘဲ ခွဲစိတ်ကုသနိုင်ပါမည်လော။
၁၇၇၂ ခုနှစ်တွင် နိုက်ထရပ်စ်အောက်ဆိုက်ဓာတ်ငွေ့ကို ဓာတုဗေဒပညာရှင် ဂျိုးဇက်ပရက်စလေက ဦးဆုံးဖော်စပ်ခဲ့ပြီး မကြာမီတွင် ယင်းဓာတ်ငွေ့၏ ထုံစေသောဂုဏ်သတ္တိများကို တွေ့ရှိခဲ့ကြသည်။ သို့သော် ၁၈၄၄ ခုနှစ်အထိ ၎င်းဓာတ်ငွေ့ကို ထုံဆေးအဖြစ် အသုံးမပြုခဲ့ကြချေ။ ယင်းနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကွန်နက်တီကပ်ပြည်နယ်၊ ဟပ်ဖို့ဒ်မြို့မှ သွားဘက်ဆိုင်ရာဆရာဝန် ဟောရပ်စ်ဝဲလ်စ်သည် လူအများကို နိုက်ထရပ်စ်အောက်ဆိုက်ဓာတ်ငွေ့ ဖြင့် ပျော်ရွှင်စေသည့် ဟောပြောပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်။ မိမိ၏ညှို့သကျည်း လေးလံသောခုံတန်းလျားဖြင့် တိုက်မိသော်လည်း ၎င်းဓာတ်ငွေ့ကြောင့် နာကျင်မှုမခံစားရသည့် လူတစ်ဦးကို ဝဲလ်စ်က သတိပြုမိခဲ့သည်။ ဝဲလ်စ်သည် ကိုယ်ချင်းစာတတ်သူဖြစ်ရာ ကုသမှုခံယူသည့် လူနာများ၏နာကျင်မှုကြောင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူသည် ဤဓာတ်ငွေ့ကို ထုံဆေးအဖြစ်အသုံးပြုရန် ရုတ်တရက် စိတ်ကူးပေါက်လာသည်။ ယင်းကို အခြားသူများတွင် အသုံးမပြုမီ မိမိကိုယ်တိုင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်တစ်နေ့တွင် သူသည် လူနာထိုင်ခုံတွင် ထိုင်လိုက်ပြီး သတိမဲ့သွားသည်အထိ ဓာတ်ငွေ့ကို ရှူလိုက်သည်။ ထို့နောက် အလုပ်ဖော်တစ်ဦးက ဝဲလ်စ်၏ကိုက်နေသော အံသွားကိုနုတ်လိုက်သည်။ ယင်းသည် သမိုင်းတွင်သောလုပ်ရပ်တစ်ခုဖြစ်ခဲ့၏။ အဆုံးတွင် နာကျင်မှုမရှိသော သွားကုပညာကို စမ်းသပ်တွေ့ရှိခဲ့လေပြီ။ *
ထိုအချိန်မှစ၍ သွားဘက်ဆိုင်ရာဆေးပညာမှာ များစွာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ယနေ့ သွားဘက်ဆိုင်ရာဆရာဝန်ထံသွားပါက ပို၍သက်သောင့်သက်သာရှိသော အတွေ့အကြုံကို ခံစားသိရှိရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ယနေ့တွင် နိုက်ထရပ်စ်အောက်ဆိုက်အစား သတ်မှတ်ထားသော ထုံဆေးများကို ပို၍ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ကြသည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ပထမဦးဆုံးအမေရိကန်သမ္မတ ဂျော့ဝါရှင်တန်၏ ဆင်စွယ်အံကပ်
[Credit Line]
Courtesy of The National Museum of Dentistry, Baltimore, MD
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၈၄၄ ခုနှစ်တွင် နိုက်ထရပ်စ်အောက်ဆိုက်အား ထုံဆေးအဖြစ်သုံး၍ ပထမဆုံးသွားရောဂါ ကုသသည်ကို ရေးဆွဲထားသော ပန်းချီကား
[Credit Line]
Courtesy of the National Library of Medicine
[Picture Credit Line on page 19]
Courtesy of the National Library of Medicine