အကောင်းမြင်ဝါဒသည် သင့်ကျန်းမာရေးကို ပိုကောင်းစေနိုင်သလော
အကောင်းမြင်ဝါဒသည် သင့်ကျန်းမာရေးကို ပိုကောင်းစေနိုင်သလော
“စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏” ဟူ၍ လွန်ခဲ့သောအနှစ် ၃,၀၀၀ ခန့်က ပညာရှိဣသရေလဘုရင် ရှောလမုန်ရေးသားခဲ့သည်။ (သု. ၁၇:၂၂) ထိုမှုတ်သွင်းခံစကားများမှန်ကန်ကြောင်းကို ယနေ့ဆရာဝန်များက အသိအမှတ်ပြုကြသည်။ သို့သော် ကျွန်ုပ်တို့အများစုအတွက်မူ “စိတ်ရွှင်လန်းခြင်း” သည် မွေးရာပါဖြစ်မည်မဟုတ်ချေ။
စိတ်အလိုမကျစရာ၊ စိတ်ပျက်စရာများဖြစ်စေသော နေ့စဉ်ဘဝဖိစီးမှုများနှင့်လွတ်ကင်းသူ ရှားပါသည်။ သို့သော် မကြာသေးမီကပြုလုပ်သော လေ့လာမှုများက ပြဿနာများရှိသော်လည်း အကောင်းမြင်ဝါဒကို မွေးမြူသင့်ကြောင်း ဖော်ပြသည်။
အကောင်းမြင်ဝါဒကို “အကောင်းကိုမျှော်လင့်သောအမြင် သို့မဟုတ် သဘောထား၊ ရလဒ်ကောင်းများကို မျှော်လင့်သောသဘော” ဟုဖော်ပြသည်။ အကောင်းမြင်တတ်သူတစ်ဦး ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရပါက သူမည်သို့ ခံစားရသနည်း။ ရှုံးနိမ့်မှုကို အမြဲဖြစ်နေမည့်အရာအဖြစ် သူမယူဆချေ။ ယင်းအစား သူသည် ယင်းကိစ္စရပ်ကို လက်ခံ၍ ဆန်းစစ်သည်။ ထို့နောက် အခြေအနေကခွင့်ပြုသည့်အခါ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်သည်။
သို့သော် အဆိုးမြင်ဝါဒရှိသူတစ်ဦးသည် အခက်အခဲများကြုံရသောအခါ မိမိကိုယ်ကိုသာ အပြစ်တင်လေ့ရှိ၏။ အခြေမလှမှုများသည် ရေရှည်တည်ရှိသွားမည်ဟု ထင်မှတ်ကာ ယင်းသည် မိမိ၏မိုက်မဲမှု၊ ညံ့ဖျင်းမှု၊ အကျည်းတန်မှုကြောင့်ဖြစ်ရသည်ဟု ထင်မှတ်သည်။ ရလဒ်အနေနှင့် အရှုံးပေးလိုက်တော့၏။
အကောင်းမြင်ဝါဒသည် ကျွန်ုပ်တို့၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုအပေါ် အကျိုးသက်ရောက်မှုရှိပါသလော။ ရှိပါသည်။ အမေရိကန်နိုင်ငံ၊ မင်နီစိုတာပြည်နယ်၊ ရာချက်စတာမြို့ရှိ မေရိုဆေးခန်းမှ အနှစ် ၃၀ အတွင်း လူနာ ၈၀၀ ကျော်ကိုလေ့လာခဲ့ရာ အကောင်းမြင်ဝါဒသည် ကျန်းမာရေးကိုပိုကောင်းစေပြီး အခြားသူများထက် သိသိသာသာပင် အသက်ပိုရှည်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။ ထို့ ပြင် အကောင်းမြင်သူများသည် စိတ်ဖိစီးမှုကို ပို၍အောင်မြင်စွာကိုင်တွယ်နိုင်ပြီး စိတ်ဓာတ်ကျမှုအဖြစ်နည်းပုံရသည်ကို သုတေသီများသတိပြုမိကြသည်။
သို့သော် ပြဿနာတိုးများလာလျက်ရှိသော ဤလောကတွင် အကောင်းမြင်ဝါဒရှိရန်မှာ မလွယ်ကူလှချေ။ အပြုသဘောရှိရှိ စဉ်းစားတွေးတောရန် လူအများ အခက်တွေ့နေကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ပူးတွဲပါ လေးထောင့်ကွက်တွင် သင့်အတွက် အထောက်အကူဖြစ်စေမည့် အကြံပြုချက်တချို့ကို တွေ့ရပေမည်။
ရွှင်လန်းသောစိတ်သည် အရာရာကို မကုစားနိုင်သော်လည်း ယင်းသည် ပို၍ကျန်းမာစေပြီး ပို၍ကျေနပ်ရောင့်ရဲသောအသက်တာကို ရရှိစေနိုင်သည်။ သမ္မာကျမ်းစာတွင် “ဆင်းရဲငြိုငြင်သောသူ၏နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏” ဟုဆိုသည်။—သု. ၁၅:၁၅။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပို၍အကောင်းမြင်သူဖြစ်စေ သည့် အကြံပြုချက်အချို့ *
▪ တစ်စုံတစ်ရာတွင် သင်မပျော်ပိုက်တော့ သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုတွင် သင်မအောင်မြင် နိုင်တော့ဟု တွေးတောမိသောအခါ ထိုအတွေးကို ငြင်းဆန်ပါ။ ကောင်းမွန်ရာများကိုသာ အာရုံစိုက်ပါ။
▪ သင့်အလုပ်တွင် ပျော်မွေ့ဖို့ကြိုးစားပါ။ မည်သည့်အလုပ်ကိုပင် လုပ်ရ ပါစေ သင့်အား ကျေနပ်မှုပေးသောကဏ္ဍများကို ရှာဖွေပါ။
▪ ဘဝအပေါ် အပြုသဘောဖြင့်ရှုမြင်သောမိတ်ဆွေများကို ရှာဖွေပါ။
▪ သင်ထိန်းချုပ်နိုင်သောအခြေအနေများကိုသာ ကိုင်တွယ်ပါ။ သင်မတတ်နိုင်ရာများကို အသိအမှတ်ပြုရန်ကြိုးစားပါ။
▪ သင်၌ဖြစ်ပျက်ခဲ့သည့် ကောင်းသောအရာသုံးခုကို နေ့စဉ်ရေးမှတ်ပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 အထက်ပါစာရင်းသည် မေရိုဆေးခန်းမှထုတ်ဝေသောစာပေ၏ တစ်စိတ်တစ်ပိုင်းကို အခြေခံသည်။