မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ကမ္ဘာကြီး​၏ ရာသီဥတု​ပူနွေး​မှု​သည် “သိသာ​ထင်ရှား” လာ​ကာ ယင်း​အတွက် လူ့​လုပ်ရပ်များ​ကို အပြစ်တင်​ရ​ပေမည်။—INTERGOVERNMENTAL PANEL ON CLIMATE CHANGE (IPCC), ဆွစ်ဇလန်။

▪ ဂျာမနီ​နိုင်ငံ​တွင် လူဦးရေ ၁.၄ သန်း​မှ ၁.၉ သန်း​အထိ​မှာ “ဆေးဝါး​များ​ကို​စွဲ​နေ” သူများ​ဖြစ်​ကြသည်။ ဤ​ပြဿနာ​၏​ကြီးမားမှု​အတိုင်းအတာကို အရက်စွဲ​ခြင်း​နှင့် နှိုင်းယှဉ်​နိုင်​သည်။—TAGESSCHAU, သတင်းစာ၊ ဂျာမနီ။

▪ ဗြိတိန်​နိုင်ငံ​တွင် အသက်​တစ်နှစ်​အောက်​ကလေး​များသည် အသတ်ခံရ​မည့် အန္တရာယ်​အများဆုံး​အခြေအနေ​တွင် ရှိသည်။—THE TIMES, ဗြိတိန်။

▪ အမေရိကန်​နှင့် ကနေဒါ​တို့၏ နယ်စပ်​ဒေသ​များ​တွင် သစ်ပင်​ချုံနွယ်​များ ထူထပ်​စွာ​ပေါက်ရောက်​နေသော​ကြောင့် အာဏာပိုင်​များသည် “နယ်ခြား​မျဉ်း​ကို တွေ့ရှိ​နိုင်​ရန်” အခက်တွေ့​နေကြ၏။ “နယ်ခြား​မျဉ်း​ကို​ရှာမတွေ့​ဘူးဆို​ရင် လုံခြုံရေး​စောင့်ကြပ်​နိုင်​မှာ​မဟုတ်ဘူး” ဟု​အပြည်ပြည်ဆိုင်ရာ နယ်ခြား​သတ်မှတ်​ရေး​အဖွဲ့​မှ ဒင်း​နစ် စ​ကော​နက်​က​ဆို​သည်။—ASSOCIATED PRESS, အမေရိကန်။

ကိုယ်ခန္ဓာ​သည် မိမိ​ဘာသာ​ကုသ​ရန် ပြုလုပ်​ခံရ

“လူ့​ကိုယ်ခန္ဓာ​သည် အနာ​ရောဂါ ၆၀ မှ ၇၀ ရာခိုင်နှုန်း​ကို မိမိ​ဘာသာ​ကုသ​နိုင်စွမ်း​ရှိ၏” ဟု​ဂျာမနီ​နိုင်ငံ၊ အဲ​စ​န်​မြို့ရှိ သတ္တုတွင်း​အလုပ်သမား​ဆေးရုံ​မှ အကြီး​တန်း​အတိုင်ပင်ခံ​ဆရာဝန် ပါမောက္ခ ဂူ​စ​တာ​ဒို​ဘော့စ်​က​ဆို​၏။ ကိုယ်ခန္ဓာ​သည် ကျောက်ကပ်​ကျောက်တည်​ခြင်း​ကို တားဆီး​ပေး​သည့် ကော်​တီ​ဆု​န်း​နှင့် ဒြပ်​ပစ္စည်း​များ​ကဲ့သို့​သော ဆေး​အမျိုး​ပေါင်း ၃၀ မှ ၄၀ အထိ​ထုတ်​လုပ်ပေး​သည်​ဟု​ဆို​၏။ ဤသို့​သော သဘာဝ​အလျောက်​ကုသမှု​များ​၏ ဖြစ်​စဉ်​အချို့​ကို သုတေသီ​များ သိရှိ​ခဲ့​ကြသော်လည်း မသိ​သေး​သော​အရာများ​စွာ​ရှိနေသေး​၏။ သိပ္ပံ​ပညာရှင်​များသည် “ရှုပ်ထွေး​ဆန်းပြား​သည့် ဟော်မုန်း​များ​၏​တုံ့ ပြန်​မှု​နှင့် ရောဂါ​ပြီး​ဆက်​သားများ၊ သတ်ဖြတ်​ဆဲလ်​များ​၏ လုပ်ဆောင်ပုံ” တို့ကို သိရှိ​ခဲ့​ကြ​ကာ “သဘာဝ​အလျောက်​ကုသမှု​တွင် စိတ်​လှုပ်ရှားမှု​နှင့် စိတ်​နေ​စိတ်ထား​တို့သည်​လည်း အရေးပါ​၏” ဟု Vital မဂ္ဂဇင်းက​ဆို​သည်။ သို့သော် ဖိစီးမှုများ​နှင့် ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ​က “ရောဂါ​ပြီး​စနစ်​ကို ကြာရှည်​စွာ​အားနည်း” စေနိုင်​သည်​ဟု အဆိုပါ​မဂ္ဂဇင်းက ဆက်၍​ဖော်ပြ​၏။

ကမ္ဘာချီ​ဥစ္စာ​ဓန ခွဲဝေ​မှု

“ကမ္ဘာ​ပေါ်​တွင် အရွယ်ရောက်​လူကြီး​များ​အနက် ၁% ရှိသော အချမ်းသာဆုံး​ပုဂ္ဂိုလ်​များသည် ကမ္ဘာ​ဂြိုဟ်​၏​ဥစ္စာ​ဓန ၄၀% ကို​ပိုင်ဆိုင်​ထား​၏” ဟု လန်ဒန် Guardian သတင်းစာ​က​ဆို​သည်။ “ငွေကြေး​ရင်းနှီး​မြှုပ်နှံ​မှု​နှင့် အင်တာနက်​လုပ်ငန်းများ​ကို အလွန်​ချမ်းသာ​ကြွယ်ဝသူ​များ​က ချုပ်ကိုင်​ထား​သည်” ဟု​အဆိုပါ​သတင်းစာ​က ဖော်ပြ​သည်။ ယူအဲန်​လေ့လာမှု​တစ်ခု​အရ အချမ်းသာဆုံး​ပုဂ္ဂိုလ်​များ​၏ ၃၇ ရာခိုင်နှုန်း​သည် အမေရိကန်​တွင်​နေထိုင်ပြီး ၂၇ ရာခိုင်နှုန်း​မှာ ဂျပန်​တွင်​နေထိုင်​ကာ ၆ ရာခိုင်နှုန်း​မှာ ဗြိတိန်​တွင်​နေထိုင်​သည်။ ကမ္ဘာ့​အဆင်း​ရဲ​ဆုံး​လူဦးရေ​၏​ထက်ဝက်​သည် ကမ္ဘာ​ဂြိုဟ်​၏​ဥစ္စာ​ဓန ၁ ရာခိုင်နှုန်း​ကို​သာ ပိုင်ဆိုင်​သည်။ ဗြိတိန် အောက်​စ်​ဖန် အလှူဒါန​အဖွဲ့​၏ သုတေသန​အဖွဲ့​ခေါင်းဆောင် ဒန်​ကဲ​န်​ဂ​ရင်း​၏​အဆို​အရ “ဤ​ကွာဟမှု​သည် ထိတ်လန့်ဖွယ်​ရာ​ဖြစ်သည်။ . . . လူ​သန်း ၈၀၀ သည် ည​စဉ် ဆာ​ဆာလောင်​လောင်​ဖြင့် အိပ်ရာဝင်​နေစဉ် လူနည်းစု​မှာ ဤမျှ​ချမ်းသာ​ကြွယ်ဝ​နေသည်​ကို လက်ခံနိုင်ဖွယ်​ရာ​အကြောင်းပြချက်​မရှိ​ချေ။”

တရုတ်​ပြည်​၏ ကျားမ​အချိုး​မညီမျှမှု

၂၀၀၅ ခုနှစ်​တွင် တရုတ်​ပြည်​၏ မွေးကင်းစ​ကလေး​များ​၏ ကျားမ​အချိုး​မှာ ယောက်ျားလေး ၁၁၈ ဦးလျှင် မိန်းကလေး ၁၀၀ ဖြစ်သည်။ နိုင်ငံ​၏​အချို့​ဒေသ​များ​တွင် “ကိန်း​ဂဏန်း​မှာ ယောက်ျားလေး ၁၃၀ လျှင် မိန်းကလေး ၁၀၀ အထိ​ရောက်သွား​သည်” ဟု China Daily သတင်းစာ​က​ဖော်ပြ​သည်။ ဤသို့ အချိုး​မညီ​ရသည့်​အကြောင်းရင်း​မှာ သန္ဓေသား​များ​ကို​စစ်ဆေး​၍ ရွေးချယ်​ဖျက်​ချ​ကြသော​ကြောင့်​ဖြစ်၏။ ဤ​လုပ်ရပ်​သည် တရုတ်​ပြည်​၏ မြို့​နေ​လူတန်းစား​စုံတွဲ​အများစု​တွင် တစ်အိမ်​ထောင်​လျှင် ကလေး​တစ်ဦး​သာ ရှိ​ရမည်​ဟူသော မိသားစု​စီမံကိန်း​မူဝါဒ​နှင့် ဆက်နွှယ်​သည်​ဟု အာဏာပိုင်​များ​က ဝန်ခံ​ကြ​၏။ “၂၀၂၀ ပြည့်နှစ်​ရောက်​လျှင် အိမ်ထောင်ပြု​နိုင်သော​အမျိုးသား​ဦးရေ​သည် အမျိုးသမီး​ဦးရေ​ထက် သန်း ၃၀ ခန့်​ပို​များ​ပေ​လိမ့်​မည်” ဟု​အဆိုပါ​သတင်းစာ​က​ဆို​သည်။ ဤ​အချိုး​မညီမျှမှု​သည် “လူမှုရေး​တည်ငြိမ်မှု​ကို​ထိခိုက်” လိမ့်​မည်။