မိဘတွေ စကားများတဲ့အခါ ငါဘာလုပ်သင့်သလဲ
လူငယ်များအမေး . . .
မိဘတွေ စကားများတဲ့အခါ ငါဘာလုပ်သင့်သလဲ
သင့်မိဘများ အငြင်းပွားသည်ကို သင် ဘာမျှမတတ်နိုင်သော်လည်း ယင်းက သင့်အား ထိခိုက်ပါသည်။ အကြောင်းမှာ သူတို့ကို သင်ချစ်၍ သူတို့အပေါ် သင်မှီခိုနေရသောကြောင့်ဖြစ်သည်။ သူတို့ချင်း အဆင်မပြေပုံပေါက်သောအခါတွင် စိုးရိမ်စရာများဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံ သင့်မိဘများသည် အဘယ်ကြောင့် အမြင်မတူကြသနည်း။
အမြင်မတူမှုများ
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်ထပ်ထိမ်းမြားသောအခါ သူတို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်သွားသည်ဟု ယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၁၉:၅) သို့သော် ယင်းက သင့်အဖေနှင့်အမေသည် ကိစ္စရပ်များအပေါ် တူညီသောအမြင် အမြဲရှိလိမ့်မည်ဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ အမှန်တွင် တစ်သားတည်းဖြစ်နေသော လင်ယောက်ျားနှင့်ဇနီးသည်အပါအဝင် မည်သည့်လူနှစ်ဦးမဆို တစ်ခါတစ်ရံ သဘောထားကွဲလွဲပေမည်။
ကိစ္စရပ်အချို့တွင် သင့်မိဘများ အမြင်ကွဲပြားနေလျှင် ယင်းက သူတို့၏အိမ်ထောင်ရေး ပြိုကွဲနေသည်ဟုမဆိုလိုပါ။ သင့်မိဘများသည် တစ်ခါတစ်ရံ အချင်းချင်း စိတ်ဆိုးကြသော်လည်း တစ်ဦးကိုတစ်ဦး ချစ်နေဆဲပင်ဖြစ်သည်။ သူတို့အဘယ်ကြောင့် စကားများကြသနည်း။ အကြောင်းကိစ္စအချို့နှင့်ပတ်သက်၍ ရှုမြင်ပုံ မတူခြင်းကြောင့်ဖြစ်ပေမည်။ ယင်းသည် အမြဲမမှားပါ၊ သူတို့၏အိမ်ထောင် ပြိုကွဲပျက်စီးတော့မည်ဟူသည့် အဓိပ္ပာယ်လည်း မဟုတ်ပါ။
ဥပမာ၊ သင်သည် ရင်းနှီးသောသူငယ်ချင်းများနှင့်အတူ ရုပ်ရှင်ကြည့်ပြီး ကြည့်ရှုခဲ့ရာများနှင့်ပတ်သက်၍ သင့်အမြင်သည် အခြားသူများ၏အမြင်နှင့် ကွဲလွဲနေသည်ကို တွေ့ကြုံဖူးသလော။ ယင်းသို့ ဖြစ်နိုင်ပါသည်။ ခင်မင်ရင်းနှီးသူနှစ်ဦးပင် ကိစ္စရပ်များကို ကွဲပြားခြားနားစွာ ရှုမြင်လိမ့်မည်။
သင့်မိဘများလည်း အလားတူဖြစ်နိုင်သည်။ သူတို့နှစ်ဦးစလုံး မိသားစုငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန်ကြသော်လည်း ငွေကြေးခွဲဝေသုံးစွဲပုံတွင် မတူညီသောအမြင်များရှိပေမည်။ နှစ်ဦးစလုံးသည် မိသားစုအားလပ်ရက်အတွက် အစီအစဉ်ဆွဲလိုသော်လည်း အပန်းဖြေမှုနှင့်ပတ်သက်၍ သီးခြားစိတ်ကူးရှိကြပေမည်၊ သို့မဟုတ် ကျောင်း
တွင် သင် အောင်မြင်မှုရရန် နှစ်ဦးစလုံး စိတ်ထက်သန်ကြသော်လည်း သင့်ကို အားပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းနှင့်ပတ်သက်၍ မတူညီသောအတွေးအမြင်များရှိပေမည်။ အဓိကအချက်မှာ စည်းလုံးညီညွတ်မှုရှိရန် အမြင်တစ်မျိုးတည်းရှိဖို့မလိုပါ။ တစ်သားတစ်ကိုယ်တည်းအဖြစ် ပေါင်းစည်းနေသည့် ပုဂ္ဂိုလ်နှစ်ဦးပင် ကိစ္စရပ်များကို ကွဲပြားစွာရှုမြင်နိုင်၏။သို့သော် သင့်မိဘများသည် အဘယ်ကြောင့် မတူညီမှုများကို အငြင်းပွားစရာဖြစ်စေခဲ့ကြသနည်း။ သဘောရိုးဖြင့်ရှုမြင်သော တစ်ဖက်သား၏အမြင်ကို ဆွေးနွေးနေရာမှ အဘယ်ကြောင့် အငြင်းပွားမှုဖြစ်သွားရသနည်း။
မစုံလင်မှု၏အခန်းကဏ္ဍ
မိဘများ၏ အချင်းများမှုအတွက် မစုံလင်မှုကို အပြစ်ဖို့ရပေမည်။ “ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၂) သင်အပါအဝင် သင့်မိဘများလည်း မစုံလင်ကြပါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့အားလုံးသည် မရည်ရွယ်ဘဲ ပြောဆိုမိတတ်ကြပြီး ကျွန်ုပ်တို့၏စကားလုံးများသည် “သန်လျက်နှင့်ထိုးသကဲ့သို့” အခံရခက်စေနိုင်သည်။—သု. ၁၂:၁၈။
သင်လည်း တစ်ခါတစ်ရံ ထိုသို့ ဖြစ်ကြောင်း သတိပြုမိပေမည်။ ဥပမာ၊ သင်သည် ခင်မင်ရင်းနှီးသူတစ်ဦးဦးနှင့် အကြီးအကျယ်သဘောထားကွဲလွဲသည့်အချိန် ရှိခဲ့ဖူးသလော။ ရှိခဲ့ဖူးပေမည်။ မာရီယာအမည်ရှိ လူငယ်လေးတစ်ဦးက “လူတိုင်းမှာ သဘောထားမတိုက်ဆိုင်မှုတွေရှိတယ်။ အမှန်တော့ ကျွန်မ ပိုချစ်ရတဲ့သူတွေကြောင့် ပိုစိတ်ဆိုးရတယ်။ သူတို့ဆီကနေ ကျွန်မမျှော်လင့်တာ သိပ်များနေလို့ ဖြစ်မယ်” ဟုဝန်ခံသည်။ * သမ္မာကျမ်းစာတွင် သူတို့အတွက် မြင့်မားသောစံနှုန်းများ ချမှတ်ထားသောကြောင့် ခရစ်ယာန်လင်ယောက်ျားများနှင့် ဇနီးသည်များသည် အချင်းချင်းထံမှ များစွာမျှော်လင့်ထားကြသည်။ (ဧဖက် ၅:၂၄၊ ၂၅) မစုံလင်ကြသောကြောင့် သူတို့ထဲမှတစ်ဦး သို့မဟုတ် နှစ်ဦးစလုံး အမှားပြုမိပေလိမ့်မည်။ ‘လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ’ ဟုသမ္မာကျမ်းစာကဆိုသည်။—ရောမ ၃:၂၃; ၅:၁၂။
ထို့ကြောင့် သင်၏မိဘများအကြားတွင် အနည်းဆုံး တင်းမာမှု အချို့ ရှိမည်ဟု မျှော်လင့်နိုင်သည်။ အိမ်ထောင်သည်များသည် “လောကညှဉ်းဆဲခြင်း” သို့မဟုတ် အင်္ဂလိပ်ကျမ်းစာသစ်အရ “နာကျင်မှုနှင့် ပူဆွေးမှု” ကိုခံရကြမည်ဟု တမန်တော်ပေါလုက ရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၂၈) တရားလွန်တောင်းဆိုသောအလုပ်ရှင်၊ ယာဉ်ကြောပိတ်ဆို့မှု၊ မထင်မှတ်သောအကုန်အကျ စသည့်ဖိအားတချို့က အိမ်တွင်းတင်းမာမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
၁ ပေတရု ၃:၈၊ ခမ။
သင့်မိဘများ မစုံလင်ကြောင်း၊ တစ်ခါတစ်ရံ သူတို့လည်း ဖိစီးမှုဒဏ်ခံရနိုင်ကြောင်း သင်သိရှိထားပါက သူတို့၏ ခွန်းကြီးခွန်းငယ်စကားများမှုကို အပြုသဘောဖြင့်ရှုမြင်ရန် သင့်အား အထောက်အကူဖြစ်စေနိုင်သည်။ ယင်းသည် မာရီယာတွေ့ရှိခဲ့သောအချက်ဖြစ်သည်။ “ကျွန်မမိဘတွေဟာ ခါတိုင်းထက် ပိုပြီး စကားများကြတယ်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတာဖြစ်မယ်လို့ ကျွန်မ တစ်ခါတလေ တွေးမိတယ်။ ဒါပေမဲ့ ‘အိမ်ထောင်သက် ၂၅ နှစ်နဲ့ ကလေးငါးယောက်ဆိုတာ ကြီးလေးတဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ အဖြစ်မှန်ကို လက်ခံပါ’ လို့ ကိုယ့်ဘာသာတွေးမိတယ်” ဟု သူပြောဆိုခဲ့သည်။ သင့်မိဘများတွင် တာဝန်များစွာရှိကြောင်းကို သိမြင်ကာ သူတို့အား သင် “စာနာထောက်ထား” မှုပြနိုင်သည်။—ဖြေရှင်းနည်း
သင့်မိဘများသည် မစုံလင်ကြောင်း၊ နေ့စဉ် ဖိစီးမှုများနှင့် ရင်ဆိုင်နေရကြောင်း သင်အသိအမှတ်ပြုပေမည်။ သို့သော် သူတို့ချင်းစကားများကြသောအခါ သင်ဘာလုပ်နိုင်သနည်းဟု မေးစရာရှိနေဆဲပင်ဖြစ်သည်။ အောက်ပါအကြံပြုချက်များကို ကြိုးစားလိုက်လျှောက်ကြည့်ပါ–
▪ ကြားမဝင်ပါနှင့်။ (သု. ၂၆:၁၇) အိမ်ထောင်ရေးအတိုင်ပင်ခံအဖြစ်လုပ်ဆောင်ခြင်း သို့မဟုတ် မိဘများ၏ အငြင်းပွားမှုကို ဖျန်ဖြေခြင်းတို့သည် သင့်အလုပ်မဟုတ်ပေ။ ယင်းသို့လုပ်ဆောင်ရန်ကြိုးစားခြင်းသည် တစ်နည်းနည်းဖြင့် ရလဒ်ဆိုးများကိုသာ ဖြစ်ပေါ်စေသည်။ “အရင်တုန်းကတော့ ကျွန်မဒိုင်လူကြီးလုပ်ဖို့ ကြိုးစားခဲ့လို့ ဝင်မပါဖို့ အပြောခံရတယ်” ဟု အသက် ၁၈ နှစ်အရွယ် ရှယ်လင်းကပြောပြသည်။ ပြဿနာကို သူတို့ဘာသာဖြေရှင်းပါစေ။
▪ ကိစ္စရပ်များကို အရှိအတိုင်းမြင်ပါ။ (ကောလောသဲ ၃:၁၃) အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သင့်မိဘများ ရံဖန်ရံခါ စကားများခြင်းကြောင့် သူတို့၏အိမ်ထောင်ရေး အဆုံးသတ်တော့မည်ဟု မဆိုလိုပါ။ တစ်ခါတစ်ရံ သူတို့ချင်း စကားများရန်ဖြစ်သောကြောင့် အထိတ်တလန့်မဖြစ်ပါနှင့်။ အသက် ၂၀ အရွယ် မယ်လနီက သူ့မိဘများနှင့်ပတ်သက်၍ ဤသို့ပြောသည်– “သူတို့ချင်း စကားများကြပေမဲ့ သူတို့ဟာ အချင်းချင်းနဲ့ မိသားစုကို ချစ်နေတုန်းပဲဆိုတာ ကျွန်မသိတယ်။ သူတို့ဘာသာဖြေရှင်းလိမ့်မယ်။” သင့်မိဘများအကြား သဘောထားကွဲလွဲသည့်အခါတွင်လည်း ထိုအတိုင်းပင် ဖြစ်ပေမည်။
▪ သင့်စိုးရိမ်မှုများနှင့်ပတ်သက်၍ ဆုတောင်းပါ။ သင့်စိုးရိမ်ကြောင့်ကြမှုများကို မျိုသိပ်မထားပါနှင့်။ ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ’ ဟုသမ္မာကျမ်းစာကဆို၏။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်းက ထူးခြားစေနိုင်ပါသည်။ တမန်တော်ပေါလုက ဖိလိပ္ပိမြို့သားများထံ ဤသို့ရေးခဲ့သည်– “သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။
▪ သင့်ကိုသင် ဂရုစိုက်ပါ။ သင်မတတ်နိုင်သည့်အရာအတွက် ပူပန်နေခြင်းသည် ပညာမဲ့ရာကျ၏။ ထိုသို့ပူပန်ခြင်းက သင့်ကိုပင် ထိခိုက်စေနိုင်သည်။ ‘ပူပန်မှုသည် လူ၏စိတ်ကို ညှိုးငယ်စေနိုင်၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁၂:၂၅၊ ခမ) အားပေးတတ်သောသူငယ်ချင်းများနှင့် ပေါင်းသင်းခြင်း၊ အကျိုးပြုလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေရန်ကြိုးစားပါ။
▪ သင့်မိဘများအား ပြောပြပါ။ သင့်မိဘများ၏အငြင်းပွားမှုများတွင် သင်ပါဝင်ဖို့မလိုသော်လည်း သူတို့၏ရန်ပွဲကြောင့် သင့်အား မည်သို့ထိခိုက်သည်ကို သူတို့အား ပြောပြနိုင်ပါသည်။ သင့်တော်သောအချိန်အခါကိုရွေး၍ သူတို့ထဲမှ တစ်ဦးဦးထံ ချဉ်းကပ်ပါ။ (သု. ၂၅:၁၁) “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘော” နှင့်ပြောဆိုပါ။ (၁ ပေတရု ၃:၁၅) သူတို့ကို အပြစ် မတင်ပါနှင့်။ သင့်အား မည်သို့ထိခိုက်ကြောင်းကိုသာ ပြောဆိုပါ။
အထက်ပါအကြံပြုချက်များကို လိုက်လျှောက်ကြည့်ပါလေ။ မိဘများသည် သင့်ကြိုးစားမှုကို တလိုတလားတုံ့ ပြန်နိုင်စရာရှိ၏။ ထိုသို့မတုံ့ ပြန်သည့်တိုင် သင့်မိဘများကို သင်မထိန်းချုပ်နိုင်သော်လည်း သူတို့စကားများသောအခါ သင်မည်သို့ တုံ့ ပြန်နိုင်ကြောင်း သိရ၍ ကျေနပ်မှုခံစားရပေလိမ့်မည်။
“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့် ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ဤဆောင်းပါးမှ နာမည်များကို ပြောင်းထားသည်။
ချင့်တွေးစရာ
▪ တစ်ခါတစ်ရံ မိဘများသည် အဘယ်ကြောင့် မသင့်မြတ်ကြသနည်း။
▪ သင့်မိဘများ စကားများရန်ဖြစ်သောကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခံရသည့် သင့်ထက်ငယ်သောမွေးချင်းတစ်ဦးအား သင်အဘယ်အရာ ပြောဆိုနိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
မိဘများသတိချပ်စရာ
အိမ်ထောင်တွင် သဘောထားကွဲလွဲမှုများသည် မလွှဲမရှောင်နိုင်ရာဖြစ်၏။ ယင်းတို့ကို ကိုင်တွယ်ပုံကသာ အရေးကြီးသည်။ မိဘများ၏အငြင်းပွားမှုများသည် လူငယ်များအား အကြီးအကျယ်ထိခိုက်၏။ သင့်သားသမီးများအိမ်ထောင်ပြုသောအခါ သင့်အိမ်ထောင်၏ပုံစံအတိုင်း လိုက်လုပ်နိုင်စရာအလားအလာရှိသောကြောင့် ယင်းအချက်ကို အထူးဂရုပြုသင့်သည်။ (သု. ၂၂:၆) သဘောထားကွဲလွဲမှုများကို အခွင့်အရေးယူကာ ပဋိပက္ခများကို မည်သို့ မှန်ကန်ထိရောက်စွာ ဖြေရှင်းနိုင်ကြောင်း သင်ပေးပါ။ အောက်ပါတို့ကို ကြိုးစားလိုက်လျှောက်ပါ–
နားထောင်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဟုဆုံးမထားသည်။ (ယာကုပ် ၁:၁၉) ‘လက်စားချေ’ ခြင်းဖြင့် အခြေအနေကို ပိုမဆိုးစေပါနှင့်။ (ရောမ ၁၂:၁၇၊ ခမ) သင့်အိမ်ထောင်ဖက်က နားထောင်လိုစိတ်ရှိပုံမပေါက်လျှင်ပင် သင်နားထောင်နိုင်ပါသည်။
အပြစ်ရှာမည့်အစား ရှင်းပြရန်ကြိုးစားပါ။ အိမ်ထောင်ဖက်ဖြစ်သူအား သူ့အပြုအမူက သင့်အား မည်သို့ထိခိုက်ကြောင်း တည်ငြိမ်အေးဆေးစွာပြောပြပါ။ (“မင်းဒီလို . . . တာ ငါစိတ်ထိခိုက်တယ်”) သင့်အိမ်ထောင်ဖက်အား အပြစ်ရှာ၊ စွပ်စွဲလိုစိတ်ကို ချုပ်တည်းပါ။ (“မင်း ငါ့ကို ဂရုမစိုက်ဘူး။” “ပြောတာကို ဘယ်တော့မှ နားမထောင်ဘူး။”)
ခဏရပ်လိုက်ပါ။ တစ်ခါတစ်ရံ၊ ပြဿနာအကြောင်းပြောဆိုခြင်းကို ခဏရပ်တန့်လိုက်ပြီး စိတ်ပြေသွားမှ ဆက်ပြောခြင်းက အကောင်းဆုံးဖြစ်သည်။ သမ္မာကျမ်းစာတွင် “ငြင်းခုံမှု၏အစသည် တာတမံကျိုးမှု၏အစနှင့်တူသောကြောင့် ယင်းကို ရပ်တန်းကရပ်စေလော့” ဟုဆိုသည်။ —သု. ၁၇:၁၄၊ ခမ။
တစ်ဦးကိုတစ်ဦး တောင်းပန်ပါ၊ လိုအပ်မည်ဆိုလျှင် သားသမီးများကိုလည်း တောင်းပန်ပါ။ အသက် ၁၄ နှစ်အရွယ် ဘရီယန်က ဤသို့ပြောသည်– “တစ်ခါတလေ အဖေနဲ့အမေ စကားများပြီးတဲ့နောက် အဲဒါက ကျွန်မတို့ကို ထိခိုက်စေတယ်ဆိုတာ သူတို့သိလို့ ကျွန်မနဲ့ ကျွန်မအစ်ကို ကို လာတောင်းပန်တယ်။” သင့်ကလေးများအား သင်ပေးနိုင်သော အကောင်းဆုံးသင်ခန်းစာမှာ နှိမ့်ချ စွာဖြင့် “တောင်းပန်ပါတယ်” ဟု ပြောဆိုခြင်း ဖြစ်သည်။
ထပ်ဆင့်အချက်အလက်များအတွက် နိုးလော့! ဇန်နဝါရီ ၈၊ ၂၀၀၂ စာမျက်နှာ ၈-၁၄ နှင့် ဇန်နဝါရီ ၂၂၊ ၁၉၉၄၊ စာမျက်နှာ ၃-၁၂ [အင်္ဂလိပ်]ကိုရှု။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အပြစ်မတင်ပါနှင့်။ သင့်ခံစားချက်ကိုသာ ပြောဆိုပါ