မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်​မိသားစုကို လုံခြုံ​ရာ​ရိပ်မြုံ​တစ်ခု​ဖြစ်စေ​ပါ

သင့်​မိသားစုကို လုံခြုံ​ရာ​ရိပ်မြုံ​တစ်ခု​ဖြစ်စေ​ပါ

‘ပကတိ​ကြင်နာ​စုံမက်ခြင်း​မရှိ။’ “နောက်ဆုံးသော​နေ့ရက်​များ” ဟု​ခေါ်ဆို​သော ကျွန်ုပ်​တို့​ခေတ်​ရှိ လူများစွာ​အကြောင်းကို သမ္မာကျမ်းစာ​က အဆိုပါ​ဝမ်းနည်းစရာ​စကား​များ​ဖြင့် ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁၊ ၃၊ ၄သမ္မာ) မိသားစု​အတွင်း ကလေး​မတော်မတရား​ပြု​မှု ပြန့်ပွား​နေခြင်း​က အဆိုပါ​ပရောဖက်ပြုချက် မှန်ကန်​နေကြောင်း အထင်အရှား​ဖော်ပြ​၏။ အမှန်​ဆို​ရ​လျှင် “ပကတိ​ကြင်နာ​စုံမက်ခြင်း​မရှိခြင်း” ဟူ၍ အင်္ဂလိပ်​ဘာသာ​စကား​ဖြင့် ပြန်ဆို​ထားသော မူရင်း​ဂရိ​စကားလုံး အက်စ်​ထော​ဂို​စ်​က မိသားစုဝင်​များ​အတွင်း၊ အထူးသဖြင့် သားသမီး​များနှင့်​မိဘများ​အကြား ထား​ရှိ​သင့်​သည့် ချစ်ခြင်း​မေတ္တာ​မျိုး​မရှိကြောင်း ဖော်ပြ​နေ​၏။ * များသောအားဖြင့် ကလေး​မတော်မတရား​ပြု​မှု​သည် မိသားစု​နှင့် ဆွေမျိုးသားချင်း​များ​ကြား​တွင် ဖြစ်ပေါ်​နေ​လေ​သည်။

လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု ကျူးလွန်​သူ​အများစုမှာ ဖခင်​တာဝန်​ယူရ​သည့် အမျိုးသားများ​ဖြစ်​ကြောင်း သုတေသီ​အချို့​က​ဆို​ကြသည်။ အခြား​ဗလက္ကာရပြု​သူများ​မှာ ဆွေမျိုးသားချင်း​များ​ထဲ​မှ အမျိုးသားများ​ဖြစ်လေ့​ရှိ၏။ မတရား​ပြုကျင့်​ခံရ​သူ​အများစုမှာ မိန်းကလေး​များ​ဖြစ်​ကြသော်လည်း ယောက်ျားလေး​များစွာ​သည်လည်း အလားတူ​ပြုကျင့်​ခံရ​ကြ​၏။ မတရား​ပြုကျင့်​သူ​အမျိုးသမီးများ​လည်း သင်​ထင်​သလော​က် မရှား​ချေ။ လျှော့​လျှော့ပေါ့​ပေါ့ ပြောဆို​ရေးသား​ကြ​သည့် မတော်မတရား​ပြု​မှု​ပုံစံ​အများစုမှာ သွေး​နီး​သူ​ချင်း​စပ်ယှက်​မှု ဖြစ်​ပေမည်။ ယင်း​မှာ အသက်​ပို​ကြီး​သည့် သို့​မဟုတ် အားပိုရှိ​သည့်​ကလေး​တစ်ဦး​က မိမိ​ထက်​အသက်​ပို​ငယ်​သူ သို့​မဟုတ် အားနွဲ့သူ ညီ၊ ညီမ​ကို လိင်​အကျင့်​ဖောက်ပြား​ရန် အနိုင်ကျင့်ခြင်း သို့​မဟုတ် သွေးဆောင်ခြင်း​ဖြစ်သည်။ မိဘ​တစ်ဦး​အနေ​နှင့် သင်သည် ယင်း​သို့​သော​အကျင့်​များ​ကို စက်ဆုပ်​ရွံရှာဖွယ်ရာ​များ​အဖြစ် အမှန်ပင်​သိရှိ​ထား​၏။

သင့်​မိသားစု​အတွင်း အဆိုပါ​ပြဿနာ​များ မ​ပေါ်ပေါက်​စေရန် မည်သို့​ကာကွယ်​နိုင်​သနည်း။ မိသားစုဝင်​တိုင်း မတော်မတရား​ပြု​သည့်​အမူအကျင့်​မှ ကာကွယ်​ပေး​သော​မူ​အချို့​ကို သင်ယူ​သိရှိပြီး လေးမြတ်​ရန်လို​အပ်​သည်။ ထိုသို့​သော​လမ်းညွှန်မှု​မျိုးကို ရှာတွေ့နိုင်​သည့် အကောင်းဆုံး​နေရာမှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​တွင် ဖြစ်​ပေ​သည်။

သမ္မာကျမ်းစာ​နှင့် ဆွေမျိုးသားချင်း​များ

ဘေးကင်း​လုံခြုံ​ရာ​ရိပ်မြုံ​ဖြစ်စေ​ရန် မိသားစု​တိုင်း​သည် ကိုယ်ကျင့်တရား​ဆိုင်ရာ​ကျမ်းစာ​စံနှုန်း​ကို လိုက်နာ​ရန်လို​၏။ သမ္မာကျမ်းစာ​သည် လိင်​အကြောင်း ဆွေးနွေး​ပြောဆို​ရာ​တွင် မဝံ့မရဲ​မဖြစ်​ချေ။ ယင်း​အကြောင်းကို ပွင့်ပွင့်လင်းလင်း​နှင့် သိက္ခာ​ရှိ​ရှိ ဖော်ပြ​ထား​သည်။ လိင်မှု​ကိစ္စ​သည် ဇနီး​မောင်နှံ​တို့အတွက် ပျော်ရွှင်​ကြည်နူး​မှု​ဖြစ်စေ​ရန် ဘုရားသခင်​ပုံစံ​ပြု​ထား​ကြောင်း ယင်းက​ဖော်ပြ​၏။ (သု. ၅:၁၅-၂၀) သို့သော် အိမ်ထောင်ဖက်​မဟုတ်​သူနှင့်​ပြုကျင့်​သော လိင်ဆိုင်ရာ​အမူအကျင့်ကို​မူ ယင်းက ပြစ်တင်​ရှုတ်ချ​ပါ​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​တွင် သွေး​နီး​သူ​ချင်း​စပ်ယှက်​မှု​ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်​ထား​သည်။ ဝတ်ပြုရာကျမ်း အခန်းကြီး ၁၈ တွင် သွေး​နီး​သူ​ချင်း​စပ်ယှက်​မှု​ပုံစံ​အမျိုးမျိုးကို တားမြစ်​ထား​၏။ အထူးသဖြင့် ဤ​စကား​များ​ကို သတိပြု​ကြည့်​ပါ– ‘သင်တို့တွင် အဘယ်သူမျှ ကိုယ့်​ဆွေမျိုး​ပေါက်​ဖော်​ရင်း​နှင့် လိင်မှု​ကိစ္စ​ပြု​ရန် မ​ချဉ်း​ရ။ ငါသည် ယေဟောဝါ​ဖြစ်၏။’—ဝတ်ပြုရာ ၁၈: ၆၊ သမ္မာ။

ယေဟောဝါ သေ​ဒဏ်ပေး​နိုင်သော ‘ရွံရှာဖွယ်​အမှု​များ’ တွင် သွေး​နီး​သူ​ချင်း​စပ်ယှက်​မှုများ​ကို ထည့်သွင်း​ဖော်ပြ​ထား​၏။ (ဝတ်ပြုရာ ၁၈:၂၆၊ ၂၉) ဤ​ကိစ္စရပ်​နှင့်​စပ်လျဉ်း၍ ဖန်ဆင်း​ရှင်​၌ အလွန်​မြင့်မားသော​စံနှုန်း​များ ရှိနေကြောင်း ထင်ရှား​ပါ​သည်။ ယနေ့ခေတ်​တွင် အာဏာပိုင်​များစွာကလည်း ထပ်တူ​ရှုမြင်​ကာ မိသားစု​အတွင်း ကလေး​များ​အား လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု​ကို တားမြစ်​ထား​ကြသည်။ လူကြီး​တစ်ဦး​သည် ကလေး​တစ်ဦး​နှင့် လိင်မှု​ကိစ္စ​ပြု​လျှင် ဥပဒေ​အရ ယင်းသည် မုဒိမ်းကျင့်​ခြင်း​ဖြစ်၏။ နိုင်ထက်စီးနင်း​ပြုကျင့်ခြင်း​မဟုတ်လျှင်​ပင် “မုဒိမ်းကျင့်​ခြင်း” ဟူသော ပြင်းထန်​သည့်​စကားလုံး​ကို အဘယ်ကြောင့်​အသုံးပြု​ရသနည်း။

လူကြီး​များ​ကဲ့သို့ ကျိုးကြောင်း​မဆင်​ခြင်​နိုင်​သည့် ကလေး​သူငယ်​များနှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ပြောဆို​ခဲ့​ရာ​များ​ကို အာဏာပိုင်​များစွာက အသိအမှတ်ပြု​လာကြပြီ​ဖြစ်သည်။ ဥပမာ၊ နယပုံပြင်​ကျမ်း ၂၂:၁၅ က “မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏” ဟု​ဆို​သည်။ တမန်​တော်​ပေါလု​လည်း ဤသို့​ရေးသား​ရန် မှုတ်သွင်းခံ​ရသည်– “ငါသည် သူငယ်​ဖြစ်​စဉ်​အခါ၊ သူငယ်​လို​စကားပြော​၏။ သူငယ်​လို စိတ်ထင်​၏။ သူငယ်​လို ကြံစည်​၏။ အသက်ကြီး​သောအခါ​မူ​ကား၊ သူငယ်​၏​အရာများ​ကို ငါ​ပယ်ရှား​၏။”—၁ ကောရိန္သု ၁၃:၁၁

ကလေး​တစ်ဦး​သည် လိင်ဆိုင်ရာ​လုပ်ရပ်များ​ကို အပြည့်အဝ နားမလည်​နိုင်​သကဲ့သို့ နှစ်များ​တစ်လျှောက်​ခံရ​မည့် အကျိုးဆက်များ​ကိုလည်း ကြိုတင်​စဉ်းစားမိ​နိုင်​မည်​မဟုတ်​ချေ။ ထို့​ကြောင့် လိင်မှု​ကိစ္စ​တွင်​ပါဝင်​ရန် ကလေး​များ​က သဘောတူ​ခွင့်ပြု​ခြင်း​သည် တရား​မဝင်​ကြောင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံ​ထား​ကြသည်။ တစ်နည်း​အားဖြင့် လူကြီး​တစ်ဦး (သို့​မဟုတ် အသက်အရွယ်​ပို​ကြီးသော လူငယ်​တစ်ဦး) သည် ကလေး​တစ်ဦး​နှင့် လိင်မှု​ကိစ္စ​ပြု​ခဲ့​လျှင် အသက်အရွယ်​ပို​ကြီး​သူသည် အဆိုပါ​လုပ်ရပ်​ကို ကလေး​က မ​ကန့်ကွက်​ကြောင်း သို့​မဟုတ် သဘောတူ​ကြောင်း​ပြောဆိုခြင်း​ဖြင့် ဆင်ခြေပေး​၍​မရချေ။ အဆိုပါ​ပုဂ္ဂိုလ်​သည် မုဒိမ်းမှု​ကျူးလွန်​ခြင်း​ဖြစ်၏။ ယင်းသည် ရာဇဝတ်မှု​တစ်ခု​ဖြစ်​ကာ ထောင်ဒဏ်​ချမှတ်​ခံရ​နိုင်​သည်။ မုဒိမ်းမှု​အတွက် တာဝန်​ယူရ​မည့်​သူ​မှာ အလို​မတူ​သူ​မဟုတ်ဘဲ မုဒိမ်းကျင့်​သူ​သာ​ဖြစ်သည်။ သို့သော် ယနေ့ခေတ်​တွင် ယင်း​သို့​သော​ရာဇဝတ်မှု​အများစုကို အာဏာပိုင်​များ​က အရေးမယူ​ကြ​ခြင်း​မှာ ဝမ်းနည်းစရာပင်။ ဥပမာ၊ ဩစတြေးလျ​နိုင်ငံ​တွင် ပြစ်မှုကျူးလွန်​သူ ၁၀ ရာခိုင်နှုန်း​က​သာ တရားစွဲ​ဆို​ခံရ​ပြီး ပြစ်ဒဏ်ချ​မှတ်​ခံရ​သူ မရှိသလောက်​ပင်​ဖြစ်​ကြောင်း ခန့်မှန်း​ရ၏။ အခြား​နိုင်ငံ​များ​တွင်​လည်း အလားတူ​မှတ်တမ်းများ​ရှိခဲ့​သည်။

အာဏာပိုင်​များသည် ခရစ်ယာန်​မိသားစုကို ကာကွယ်​မှု အနည်း​အကျဉ်း​သာ​ပေး​နိုင်​မည်​ဖြစ်သော်လည်း ကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​က အကာအကွယ်​များစွာ ဖြစ်စေ​နိုင်​ပါ​သည်။

အဆိုပါ​မူများ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​ခဲ့​သော ဘုရားသခင်​သည် ပြောင်းလဲခြင်း​မရှိကြောင်း စစ်မှန်သော​ခရစ်ယာန်​များ အသိအမှတ်ပြု​ကြသည်။ ကျွန်ုပ်​တို့​လုပ်ဆောင်လေသမျှ၊ လူသား​အများစု မ​တွေ့ မြင်​သော​လုပ်ရပ်များ​ကို​ပင် ကိုယ်တော် တွေ့မြင်​တော်​မူ​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ငါ​တို့ကို စစ်ကြော​စီရင်တော်မူ​သော​သူ​ရှေ့၌ မထင်ရှား​သော​အရာ တစ်စုံတစ်ခု​မျှ​မရှိ။ ခပ်သိမ်း​သော​အရာ​တို့သည် အကွယ်အကာ​မရှိဘဲ မျက်မှောက်တော်၌ လှန်​ထား​လျက်​ရှိကြ​၏။”—ဟေဗြဲ ၄:၁၃

ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​မိန့်မှာချက်​များ​ကို ချိုးဖောက်​ပြီး အခြား​သူများကို ထိခိုက်​စေမည်​ဆိုပါ​က ကျွန်ုပ်​တို့​နှင့် ကိုယ်တော်​စာရင်း​ရှင်း​တော်​မူ​မည်။ အခြား​တစ်ဖက်​တွင်​မူ မိသားစု​ဘဝ​နှင့်​စပ်​လျ​ဉ်း​သည့် ကိုယ်တော်​၏ အကျိုးပြု​မိန့်မှာချက်​များ​ကို စွဲကိုင်​ထား​သည့်​အတွက် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကောင်းချီး​ပေး​တော်​မူ​မည်။ ယင်း​ကောင်းချီး​တချို့​ကား အဘယ်နည်း။

မေတ္တာဖြင့်​စည်းလုံး​သော မိသားစု​တစ်စု

“မေတ္တာသည် စုံလင်ခြင်း​၏ စည်းလုံး​သော​အနှောင်အဖွဲ့” ဖြစ်သည်ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ကောလောသဲ ၃:၁၄က​ဘ) သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း မေတ္တာသည် ခံစားချက်​တစ်ခုမျှသာ​မဟုတ်​ချေ။ မေတ္တာကို ယင်းက​လှုံ့ဆော်ပေး​သည့် အပြု​အမူ​နှင့် ယင်းက​တားမြစ်​သည့်​လုပ်ရပ်များ​ဖြင့် သတ်မှတ်​ဖော်ပြ​သည်။ (၁ ကောရိန္သု ၁၃:၄-၈) မိသားစု​အတွင်း မေတ္တာပြ​ခြင်း​ဟူသည် တစ်ဦး​ကိုတစ်​ဦး သိက္ခာ​ရှိ​ရှိ၊ လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံခြင်း​ကို​ဆိုလို​၏။ ယင်းက မိသားစုဝင်​အချင်းချင်း ဘုရားသခင့်​ရှုမြင်ပုံ​အတိုင်း တစ်ဦး​ကိုတစ်​ဦး​ရှုမြင်​၍ နေထိုင်သွား​ခြင်း​ကို​ဆိုလို​၏။ ဘုရားသခင်​သည် မိသားစုဝင်​တစ်ဦးစီ​အား အသရေ​ရှိ၍ အရေးကြီးသော​ကဏ္ဍ​တစ်ခုစီ ပေးအပ်​ထား​တော်​မူ​၏။

အိမ်ထောင်ဦးစီး​အနေ​နှင့် ဖခင်​ဖြစ်သူ​သည် မေတ္တာပြ​ရာ​တွင် ဦးဆောင်​သွား​သင့်​၏။ ခရစ်ယာန်​ဖခင်​တစ်ဦး​သည် ဇနီးသည် သို့​မဟုတ် သားသမီး​များ​အပေါ် အခွင့်အာဏာကို​အလွဲသုံးစား​ပြု​သည့် ဖိနှိပ်​ချုပ်ချယ်​သူ​တစ်ဦး ဖြစ်ခွင့်​မရှိကြောင်း နားလည်​သဘောပေါက်​ထား​သည်။ ယင်းအစား ဦးစီး​ဦးဆောင်​ပြု​ရာ​တွင် ခရစ်တော်​၏​ပုံသက်သေ​ကို သူ​တုပ​၏။ (ဧဖက် ၅:၂၃၊ ၂၅) ထို့​ကြောင့် သူသည် ဇနီးသည်​ကို နှစ်သက်​မြတ်နိုး​ကာ သားသမီး​များ​အပေါ် စိတ်ရှည်​၍ ညှာတာ​၏။ သူတို့ကို သစ္စာရှိ​ရှိ ကာကွယ်​ပေး​ပြီး သူတို့၏​ငြိမ်သက်မှု၊ အပြစ်ကင်း​စင်​မှု၊ ယုံကြည်​ကိုးစားမှု​နှင့် ဘေးကင်း​လုံခြုံမှု​တို့ကို ထိပါး​စေ​မည့် မည်သည့်​အရာ​ကို​မဆို အစွမ်းကုန်​တားဆီး​သည်။

ထို​နည်းတူ ဇနီးသည်​နှင့် မိခင်​သည်လည်း အရေးပါ​ပြီး ဂုဏ်​သိက္ခာ​ရှိသော​အခန်းကဏ္ဍ​တွင် ပါဝင်​၏။ ယေဟောဝါ​နှင့်​ယေရှု​တို့ မည်သို့​ကာကွယ်​ပေး​နိုင်​ကြောင်းကို သရုပ်ဖော်​ရန် သမ္မာကျမ်းစာ​တွင် တိရစ္ဆာန်​လောက​ရှိ တိရစ္ဆာန်​မိခင်များ​၏ ကာကွယ်​ပေး​တတ်သော ပင်ကို​အသိစိတ်​ကို အသုံးပြု​ထား​၏။ (မဿဲ ၂၃:၃၇) လူသား​မိခင်​တစ်ဦး​သည်လည်း မိမိ၏​သားသမီး​များ​ကို ထို့​အတူ မဆုတ်မနစ် ကာကွယ်​ပေး​သင့်​သည်။ မိမိ​အရေး​ထက် သားသမီး​များ​၏ လုံခြုံရေး​နှင့် ကောင်းစား​ရေး​ကို ဦးစား​ပေး​ရန်​အသင့်ရှိခြင်း​ဖြင့် မိခင်​မေတ္တာကို​ဖော်ပြ​သည်။ မိဘများသည် အချင်းချင်း​စပ်ကြား​တွင်​ဖြစ်စေ၊ သားသမီး​များနှင့်​ဆက်ဆံ​ရာ​တွင်​ဖြစ်စေ အာဏာ​တလွဲသုံး​ခြင်း၊ အနိုင်ကျင့်​ဗိုလ်ကျ​ခြင်း၊ ခြိမ်းခြောက်​ခြင်း​တို့ကို ပြု​မည်​မဟုတ်သကဲ့သို့ သားသမီး​များ​ကိုလည်း အချင်းချင်း​အပေါ် ထိုသို့​ပြုလုပ်​ခွင့် ပေး​မည်​မဟုတ်​ချေ။

မိသားစုဝင်​တစ်ဦးစီ​အနေ​နှင့် တစ်ဦး​ကိုတစ်​ဦး လေးလေးစားစား​နှင့် သိက္ခာ​ရှိ​ရှိ ပြုမူ​ဆက်ဆံ​သည်​နှင့်​အမျှ ဆက်သွယ်ရေး​ကောင်း​ပို​ရှိလာ​သည်။ စာရေး​ဆရာ ဝီလျံ​ပ​ရန်​ဒါ​ဂတ်​စ်​က ဤသို့​ဆို​၏– “မိဘ​တိုင်း ကိုယ့်ရဲ့​သားသမီးတွေ​နဲ့ နေ့စဉ် အမြဲ​ပဲ ရင်းရင်းနှီးနှီး​ဆက်ဆံ​သင့်တယ်။ အဲဒါ​က လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု​ကို အကောင်းဆုံး​ဖြေရှင်း​ပေး​တဲ့​နည်း​ဖြစ်ပုံရ​တယ်။” အမှန်​ဆို​ရ​လျှင် သမ္မာကျမ်းစာ​တွင် ယင်း​သို့ တည်တံ့​ပြီး မေတ္တာပါ​သည့် ဆက်ဆံ​ရေး​မျိုးကို ထောက်ခံ​ထား​သည်။ (တရားဟောရာ ၆:၆၊ ၇) အဆိုပါ​လမ်းညွှန်မှုကို​ကျင့်သုံး​သည့်​အခါ နေအိမ်မှာ မိသားစုဝင်​များ တစ်ဦး​ကိုတစ်​ဦး ရင်းနှီး​ပွင့်လင်း​စွာ ပြောဆို​ဆက်ဆံ​နိုင်​သည့် နေရာတစ်ခု ဖြစ်လာ​လေ​သည်။

ကျွန်ုပ်​တို့သည် ဆိုးသွမ်း​သော​လောကတွင် နေထိုင်​ရပြီး မတော်မတရား​ပြု​မှု​အားလုံး​ကို မတားဆီး​နိုင်​ကြ​ပါ။ သို့သော် ဘေးကင်း​လုံခြုံ​သည့်​နေအိမ်​က အကူအညီ​များစွာ​ပေး​နိုင်​သည့် နေရာတစ်ခု ဖြစ်​နိုင်​ပါ​သည်။ မိသားစုဝင်​တစ်ဦး​သည် အိမ်ပြင်ပ​တွင် အန္တရာယ်​နှင့်​ကြုံ​ရ​ပါ​က နှစ်သိမ့်မှု​နှင့် စာနာမှု​အတွက် အဘယ်​အရပ်သို့​ပြေး​ရမည်ကို သူသိ​ထား​၏။ ဆင်းရဲ​ခက်ခဲ​သည့် ဤ​လောကတွင် ယင်း​သို့​သော​နေအိမ်​သည် အမှန်တကယ်​ပင် ဘေးကင်း​လုံခြုံ​ရာ​ရိပ်မြုံ​တစ်ခု​ဖြစ်​ပေ​သည်။ သင့်​မိသားစုကို လုံခြုံ​ရာ​ရိပ်မြုံ​တစ်ခု​ဖြစ်စေ​ရန် သင်​ကြိုးစား​အားထုတ်​နေ​မှု​အပေါ် ဘုရားသခင် ကောင်းချီး​ပေး​ပါစေ။

^ အပိုဒ်၊ 2 ဤ​ရှေး​ဂရိ​စကားလုံး​ကို ဆွေမျိုးသားချင်း​အပေါ် “အကြင်နာ​ကင်း​ခြင်း” ဟူ၍ အဓိပ္ပာယ်​ဖွင့်ဆို​ထား​ပါ​သည်။ ထို့​ကြောင့် ဘာသာပြန်​ကျမ်း​တစ်ကျမ်း​က ဤ​အခန်းငယ်​ကို “သူတို့သည် . . . မိမိတို့၏​မိသားစု​များ​အပေါ် ပကတိ​ချစ်ခင်​တွယ်တာမှု ကင်းမဲ့​လိမ့်​မည်” ဟူ၍​ပြန်ဆို​၏။