လူသေသောအခါ မည်သို့ ဖြစ်သွားသနည်း
သမ္မာကျမ်းစာရှုထောင့်
လူသေသောအခါ မည်သို့ ဖြစ်သွားသနည်း
ဘုရားသခင်သည် လူသားများအား သေဆုံးစေဖို့ မရည်ရွယ်ခဲ့ပါ။ (ရောမ ၈:၂၀၊ ၂၁) အမှန်တွင်၊ ပထမဆုံးအကြိမ် အာဒံအား သေခြင်းအကြောင်း ယေဟောဝါမိန့်တော်မူချိန်၌ ယင်းကို လူသားများ မျှော်လင့်သင့်သည့် ဖြစ်ရိုးဖြစ်စဉ်အရာတစ်ခုအဖြစ်မဟုတ်ဘဲ ဘုရားသခင်အား မနာခံမှုကြောင့် ခံစားရသည့်အပြစ်ဒဏ်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) အာဒံသည် တိရစ္ဆာန်များသေသည်ကို မြင်တွေ့ဖူးမည်ဖြစ်သောကြောင့် သေခြင်းသည် အဘယ်အရာဖြစ်ကြောင်း သိနားလည်ခဲ့သည်။
အာဒံသည် အပြစ်ကျူးလွန်သောကြောင့် အသက် ၉၃၀ တွင်သေဆုံးခြင်းဖြင့် အပြစ်၏အခကို ပေးဆပ်ခဲ့ရသည်။ (ကမ္ဘာဦး ၅:၅; ရောမ ၆:၂၃) သူသည် မနာခံမှုကြောင့် ဘုရားသခင့်မိသားစုမှ နှင်ထုတ်ခံခဲ့ရပြီး ဘုရားသခင့်သားတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းမခံရတော့ချေ။ (တရားဟောရာ ၃၂:၅) သမ္မာကျမ်းစာက လူသားများခံစားရသည့် ဝမ်းနည်းဖွယ်အကျိုးဆက်နှင့်ပတ်သက်၍ ဤသို့ဖော်ပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
ကျွန်ုပ်တို့၏ စဉ်းစားတွေးတောနိုင်စွမ်းများ မည်သို့ဖြစ်သွားသနည်း
သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘လူသားတွေ့ ကြုံသောအမှုကို တိရစ္ဆာန်တွေ့ ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကိုတွေ့ ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ ဖြစ်၍ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အချည်းနှီးဖြစ်ကြ၏။ အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။’ (ဒေ. ၃:၁၉၊ ၂၀) မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏ဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။
“မြေမှုန့်ထဲသို့ ပြန်သွား” ဟူသောအသုံးအနှုန်းက “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟူသော ပထမလူသားအား ဘုရားသခင်မိန့်ဆိုခဲ့သောစကားကို ပြန်အမှတ်ရစေသည်။ (ကမ္ဘာဦး ၃:၁၉) ယင်းက လူသားများသည် တိရစ္ဆာန်များကဲ့သို့ပင် သွေးသားအကောင်အထည်ဖြင့် တည်ဆောက်ထားသော သတ္တဝါများဖြစ်ကြောင်းကို ဆိုလို၏။ ကျွန်ုပ်တို့သည် သွေးသားခန္ဓာတွင် ဝင်ရောက်ကိန်းအောင်းနေသော ဝိညာဉ်များမဟုတ်ပါ။ သင့်ခန္ဓာကိုယ် ပျက်စီးသွားပါက သင့်စဉ်းစားတွေးတောနိုင်စွမ်းလည်း ဆက်မတည်ရှိနိုင်တော့ချေ။ လူတစ်ဦးသေဆုံးခြင်းအကြောင်းကို သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သူသည် အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏ [“သူ၏စဉ်းစားတွေးတောမှုအားလုံး အဆုံးတိုင်ကုန်၏၊” ခေတ်သစ်အင်္ဂလိပ်သမ္မာကျမ်းစာ]။”—ဆာလံ ၁၄၆:၄။
သို့ဆိုလျှင် လူသေ၏အခြေအနေ မည်သို့ရှိသနည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ရှင်းလင်းစွာအဖြေပေးသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေ. ၉:၅) သေခြင်းသည် ကျွန်ုပ်တို့အား သာ၍ကောင်းသောအသက်တာသို့ ကြိုဆိုပို့ဆောင်သော မိတ်ဆွေနှင့်မတူဘဲ သမ္မာကျမ်းစာအဆိုအရ ယင်းသည် ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုအားလုံးကို ချုပ်ငြိမ်းစေသည့် “နောက်ဆုံးသောရန်သူ” ဖြစ်၏။ (၁ ကောရိန္သု ၁၅:၂၆; ဒေ. ၉:၁၀) သို့ဆိုလျှင် သေခြင်းသည် မျှော်လင့်ချက်မဲ့သောအခြေအနေမျိုးလော။
သေခြင်းနှင့်ပတ်သက်သော သတင်းကောင်း
လူသန်းပေါင်းများစွာအတွက်မူ သေခြင်းသည် နိုးထလာနိုင်သည့် အိပ်ခြင်းနှင့်တူ၏။ တစ်ခါက ယေရှုသည် သေလွန်သွားသော မိမိ၏မိတ်ဆွေနှင့်ပတ်သက်၍ တပည့်များအား ဤသို့မိန့်တော်မူခဲ့သည်– “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလို့ငှာ ငါသွားမည်။” ယေရှု သင်္ချိုင်းသို့သွားစဉ် လမ်း၌ ဝမ်းနည်းပူဆွေးနေသောလူအုပ်ကို တွေ့ရလေသည်။ သင်္ချိုင်းဂူသို့ရောက်သောအခါ ယင်းကို ဖွင့်ခိုင်းလိုက်ပြီး “လာဇရု၊ ထွက်၍လာလော့” ဟုဟစ်ခေါ်လိုက်သည်။ သေလွန်သည်မှာ လေးရက်ရှိနေပြီဖြစ်သော ထိုသူသည် ထွက်လာလေ၏။ (ယောဟန် ၁၁:၁၁-၁၄၊ ၃၉၊ ၄၃၊ ၄၄) လာဇရု၏ကိုယ်ခန္ဓာမှာ ပုပ်ပျက်နေပြီဖြစ်သောကြောင့် ဘုရားသခင်သည် သေလွန်သူများ၏ ပင်ကိုစရိုက်၊ မှတ်ဉာဏ်နှင့် ပုံပန်းသဏ္ဌာန်အားလုံးကို မှတ်မိနိုင်ကြောင်း ယေရှုပြသခဲ့သည်။ ကိုယ်တော်သည် ယင်းတို့ကို ပြန်လည်ရှင်သန်စေနိုင်သည်။ အခြားအချိန်တစ်ချိန်တွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့”—ယောဟန် ၅:၂၈၊ ၂၉။
သမ္မာကျမ်းစာတွင် “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့” ဟူသော နောက်ထပ်သတင်းကောင်းတစ်ခုကို ဖော်ပြထားသည်။ (၁ ကောရိန္သု ၁၅:၂၆) ဝမ်းနည်းပူဆွေးနေသူများသည် သင်္ချိုင်းသို့သွားကာ ချစ်ရသူအား မြှုပ်နှံသည့်အဖြစ်မျိုး နောက်ထပ်ရှိတော့မည်မဟုတ်ချေ။ သမ္မာကျမ်းစာက “နောက်တစ်ဖန် သေဘေးမရှိရ” ဟုဆိုသည်။ (ဗျာ. ၂၁:၄) သေသောအခါ မည်သို့ဖြစ်သွားသည်နှင့်ပတ်သက်သည့် သမ္မာကျမ်းစာရှုထောင့်သည် နှစ်သိမ့်မှုတစ်ခုဖြစ်ကြောင်း သင်သဘောမတူပေလော။
သင်စဉ်းစားဖူးသလော
▪ သေလွန်သူများသည် သိရှိခံစားမှုရှိသလော။—ဒေ. ၉:၅။
▪ လူသေများသည် မျှော်လင့်ချက်မဲ့သည့် အခြေအနေတွင်ရှိနေကြသလော။—ယောဟန် ၅:၂၈၊ ၂၉။
[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]
“သူသည်အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏ [“သူ၏စဉ်းစားတွေးတောမှုအားလုံး အဆုံးတိုင်ကုန်၏၊” ခေတ်သစ်အင်္ဂလိပ်သမ္မာကျမ်းစာ]။”—ဆာလံ ၁၄၆:၄။