အန္တရာယ်ကြုံနေသည့် ငါးမန်း
အန္တရာယ်ကြုံနေသည့် ငါးမန်း
မက္ကဆီကိုနိုင်ငံ မှ နိုးလော့! စာရေးသူ ပေးပို့သည်
ငါးမန်းများထက် ပို၍ကြောက်စရာကောင်းသည့်တိရစ္ဆာန် မရှိသလောက်ပင်။ ကမ္ဘာတစ်ဝန်းတွင် လူတို့အား ငါးမန်းများ၏ အကြောင်းမဲ့တိုက်ခိုက်မှုသည် နှစ်စဉ် ပျမ်းမျှ ၇၅ ခုခန့်ရှိပြီး ၁၀ ခုခန့်မှာ သေလောက်သည့်အထိဖြစ်၏။ လူအများသိရှိထားသော အဆိုပါတိုက်ခိုက်မှုများအပြင် ရုပ်ရှင်များတွင် ငါးမန်းများကို လူသားစားသတ္တဝါအဖြစ် မနှစ်သက်ဖွယ်ဖြစ်အောင် ရိုက်ကူးပြသကြ၏။ ငါးမန်းများကို သတိထားရမည်မှာ မှန်ပါသည်။ သို့သော် အခြေအနေကို မျှမျှတတ အကဲခတ်ကြည့်ရာ ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်ထက် အဆိပ်ပြင်းသောပျားများနှင့် မိကျောင်းများကြောင့် သေဆုံးရသည်က ပိုများလေသည်။
အမှန်ဆိုလျှင် လူတို့ကသာ ငါးမန်းကို တိုက်ခိုက်နေခြင်းဖြစ်၏။ Premier မဂ္ဂဇင်းတွင် အာဂတ်စ်မရိန်နာအတိုင်ပင်ခံ သိပ္ပံပညာရှင်များအဖွဲ့မှ သုတေသီတစ်ဦးက “နှစ်စဉ် ငါးမန်းကောင်ရေသန်း ၁၀၀ ဖမ်းဆီးခံနေရရာ တစ်ကောင်နှင့်တစ်ကောင် ဆက်ထားမည်ဆိုလျှင် ကမ္ဘာကို ငါးပတ်ပတ်မိမည်” ဟု ပြောပြသည်။ ငါးဖမ်းလုပ်ငန်းကြောင့် ငါးမန်းများသေဆုံးရသည့်အပြင် သဘာဝအလျောက် သားပေါက်နှုန်းနည်းခြင်း၊ အရွယ်ရောက်မှုနှေးကွေးခြင်း၊ သန္ဓေတည်ကာလကြာရှည်ခြင်းနှင့် သားပေါက်ရာနေရာများ ညစ်ညမ်းခြင်းတို့ကြောင့် ငါးမန်းကောင်ရေမှာ လျင်မြန်စွာ လျော့နည်းလာသည်။ ငါးမန်းကောင်ရေ အကြီးအကျယ် လျော့နည်းပြီးသည့်နောက် ယခင်အရေအတွက်ပြန်ရရှိရန်မှာ နှစ်ပေါင်းများစွာကြာပေမည်။
ငါးမန်းများသည် ယင်းတို့၏အတောင်ကြောင့် အများအပြား ဖမ်းဆီးခံနေကြရ၏။ ငါးမန်းတောင်များသည် ဆေးဖက်ဝင်သည်၊ ကာမအားတိုးစေသောဂုဏ်သတ္တိရှိသည်ဟု အာရှတိုက်သားတချို့က ယူဆကြသဖြင့် ငါးမန်းတောင်များမှာ အလွန်တန်ဖိုးထားခံရသည်။ * ငါးမန်းတောင်ဟင်းချိုတစ်ပွဲလျှင် အမေရိကန်ဒေါ်လာ ၁၅၀ အထိပေးရသဖြင့် ဈေးကြီးသည့်စားဖွယ်တစ်ခုဖြစ်၏။ အကျိုးအမြတ်များသော အာရှဈေးကွက်ကို ပံ့ပိုးပေးနေခြင်းက ရက်စက်ပြီး ဖြုန်းတီးသည့်အလေ့အကျင့်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းမှာ ငါးမန်းတောင်များကို အရှင်လတ်လတ်ဖြတ်ယူပြီးနောက် အစာငတ်သေရန် သို့မဟုတ် ရေနစ်သေစေရန် ယင်းကို သမုဒ္ဒရာထဲ ပြန်လွှင့်ပစ်ခြင်းဖြစ်သည်။
ငါးမန်းမျိုးမသုဉ်းစေရန် တစ်ခုခုဆောင်ရွက်ရန်လို
ငါးမန်းများကြုံနေရသည့် အန္တရာယ်ကို ကျွန်ုပ်တို့ စိတ်ဝင်စားသင့်ပါသလော။ ဆင်များ
သို့မဟုတ် ဝေလငါးများကို ကျွန်ုပ်တို့သနားကြင်နာသကဲ့သို့ ငါးမန်းများကို သနားကြင်နာရန် ခက်ခဲပေမည်။ သို့သော် သမုဒ္ဒရာများ၏ဂေဟစနစ် မျှတရေးတွင် ငါးမန်းများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုရပေမည်။ ဥပမာ၊ ၎င်းတို့၏အစာစားသည့်အလေ့အထက လက်ရှိတွင် အခြားငါးကောင်ရေတိုးပွားမှုကို ထိန်းချုပ်ပေး၏။နိုင်ငံများစွာတွင် ငါးမန်းဖမ်းဆီးခြင်းနှင့်ပတ်သက်သည့်ဥပဒေ မရှိချေ။ ငါးမန်းအဓိကဖမ်းဆီးသောနိုင်ငံများအနက် တစ်နှစ်လျှင် ငါးမန်းတန်ချိန် ၃၀,၀၀၀ ကျော်ဖမ်းဆီးသည့် မက္ကဆီကိုနိုင်ငံတွင် ဆယ်နှစ်ကြာ အချေအတင်ဆွေးနွေးပြီးနောက် ငါးမန်းဖမ်းဆီးခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို မကြာသေးမီက ပြဋ္ဌာန်းခဲ့သည်။ ထို့ ပြင် ငါးမန်းတောင်များ အလိုရှိနေခြင်းကြောင့် ကမ္ဘာ့ဒေသအသီးသီး၌ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော ပင်လယ်ရေပြင်တွင် တရားမဝင်ငါးဖမ်းခြင်း တိုးများလာမှုကို ရင်ဆိုင်နေရသည်။ ဥပမာ၊ ဂါလာပါဂိုစ်အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာန၏ ဒါရိုက်တာက ဤသို့ ညည်းတွားခဲ့သည်– “ဂါလာပါဂိုစ်မှာ ငါးမန်းတောင်ရဖို့ တရားမဝင်ငါးဖမ်းခြင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာတိုးများလာတယ်။ ဒီလုပ်ငန်းက အကျိုးအမြတ်များတဲ့အတွက် လူဆိုးဂိုဏ်းတစ်ဂိုဏ်းတောင် ပေါ်လာတယ်။”
ငါးမန်းများကိုကယ်တင်ရန် အပြုသဘောဖြင့် ဆောင်ရွက်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတချို့တွင် ငါးမန်းတောင်များ ဖြတ်ယူခြင်းကို တားမြစ်ထားကြ၏။ သို့သော် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့၏ မူဝါဒဆိုင်ရာအရာရှိဖြစ်သူ ရှားလော့တ်မိုအန်ဆန်က ယင်းထက်မက ပိုမိုလုပ်ဆောင်ဖို့လိုကြောင်း သတိပေးခဲ့သည်။ သူကဤသို့ဆို၏– “ကမ္ဘာတစ်ဝန်းမှာ ငါးမန်းတွေ ဘေးသင့်နေတယ်။ ငါးမန်းတောင်တွေဖြတ်ယူနေတာကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေအပြင် ငါးမန်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းဖို့၊ မတော်တဆဖမ်းမိတာတွေ လျော့နည်းစေဖို့၊ အကန့်အသတ်နဲ့ ဖမ်းဆီးကြဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ ငါးဖမ်းလုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့အားလုံးကို ကျွန်မတို့ တိုက်တွန်းပါတယ်။”
ဝမ်းသာစရာမှာ တောရိုင်းတိရစ္ဆာန်တို့၏ ဖန်ဆင်းရှင်သည် မိမိ၏အံ့မခန်းဖွယ်ဖန်ဆင်းခြင်းကို လက်လွတ်စပယ် အသုံးပြုနေမှုအား ကြာရှည်ခွင့်ပြုမည်မဟုတ်ချေ။ ယင်းတွင် ကြောက်စရာကောင်းသော်လည်း မရှိမဖြစ်သောငါးမန်းကို လက်လွတ်စပယ် ဖမ်းဆီးနေခြင်းလည်း ပါဝင်ပေသည်။—ဗျာ. ၁၁:၁၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 အံ့သြစရာမှာ ငါးမန်းတောင်များတွင် အမျိုးသားများကို မြုံစေနိုင်သည့် ပြဒါးဓာတ်ပါဝင်မှုနှုန်း မြင့်မားကြောင်း တွေ့ရှိခဲ့ရခြင်းပင်ဖြစ်သည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ငါးမန်းနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာအချက်များ
အရွယ်အစား– အကြီးဆုံးမျိုးစိတ်ဖြစ်သော ဝေလငါးမန်း (အပေါ်ပုံ) သည် ပေ ၆၀ ရှည်ပြီး တန်ချိန်ပေါင်းများစွာ လေး၏။ သို့သော် ယင်းသည် အန္တရာယ်မပေးသောသတ္တဝါဖြစ်ကာ အပင်နှင့် အကောင်မျှောလှေးများ၊ ငါးကလေးများ ကိုသာစားသည်။
သန္ဓေတည်ကာလ– သန္ဓေတည်ပြီးနောက် အများဆုံး ၂၂ လအကြာတွင် သားပေါက်သည်။
မျိုးပွားနှုန်း– ငါးမန်းသည် မည်သည့်နေရာတွင်မဆို တစ်သားလျှင် ပျမ်းမျှ နှစ်ကောင်မှ ဆယ်ကောင်အထိ ပေါက်သည်။ မျိုးစိတ်အများစုမှာ အကောင်လိုက်ပေါက်သည်။
ကြီးထွားနှုန်း– ငါးမန်းအများစုသည် မိတ်လိုက်သည့်အရွယ်ရောက်ရန် ၁၂ နှစ်မှ ၁၅ နှစ်အထိကြာ၏။
သက်တမ်း– ငါးမန်းမျိုးစိတ်အများစု၏ သက်တမ်းကိုသတ်မှတ်ရန် ခဲယဉ်းသော်လည်း ရန်လိုသောငါးမန်းဖြူကြီး (အောက်ပုံ) သည် အနှစ် ၆၀ အထိ အသက်ရှင်သည်ဟု ခန့်မှန်းရ၏။
[Credit Lines]
Seawatch.org
© Kelvin Aitken/age fotostock
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ငါးမန်းမျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ၆၂ မျိုးသည် ယခုအခါ မျိုးသုဉ်းတော့မည့်အန္တရာယ်နှင့်ကြုံနေရ
[Credit Line]
© Mark Strickland/SeaPics.com
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ငါးမန်းတောင် တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ သို့မဟုတ် ထိုထက်မက ပေးရ၏။ ငါးမန်းဖြူကြီး၏ မေးရိုးတစ်စုံသည် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိရနိုင်
[Credit Line]
© Ron & Valerie Taylor/SeaPics.com