ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာတည်တံ့လာခဲ့ပုံ
ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာတည်တံ့လာခဲ့ပုံ
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အထိ မပျက်မယွင်းဘဲ တည်တံ့လာခဲ့သည်မှာ အလွန်အံ့သြဖွယ်ကောင်းလှ၏။ သမ္မာကျမ်းစာကို လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က ရေးသားပြီးစီးခဲ့သည်။ ယင်းကို ပျက်စီးနိုင်သော ပါပိုင်းရတ်စ်ကျူစက္ကူများနှင့် တိရစ္ဆာန်သားရေချပ်များပေါ်တွင် ရေးသားခဲ့၏။ မူလက သမ္မာကျမ်းစာကို ယနေ့ခေတ်တွင် လူအနည်းငယ်သာပြောသည့် ဘာသာစကားများဖြင့် ရေးသားခဲ့သည်။ ထို့ပြင် ဧကရာဇ်များမှသည် ဘာသာရေးခေါင်းဆောင်များအထိဖြစ်သော ဩဇာအာဏာရှိပုဂ္ဂိုလ်များသည် သမ္မာကျမ်းစာကို ဖျက်ဆီးပစ်ရန် အပြင်းအထန်ကြိုးစားခဲ့ကြ၏။
အချိန်ကြာမြင့်စွာ တည်တံ့လာခဲ့သည့် ဤအံ့ဖွယ်စာအုပ်သည် လူ့သမိုင်းတွင် အကျော်ကြားဆုံးစာအုပ် မည်သို့ ဖြစ်လာခဲ့သနည်း။ အကြောင်းရင်းနှစ်ရပ်ကို သုံးသပ်ကြည့်ပါလေ။
များပြားလှသည့်စောင်ရေက မပျောက်ပျက်အောင် ထိန်းသိမ်းပေး
အစောဆုံးသမ္မာကျမ်းစာကို ထိန်းသိမ်းစောင့်ရှောက်သူများမှာ အစ္စရေးလူမျိုးများဖြစ်ပြီး မူရင်းကျမ်းလိပ်များကို ဂရုတစိုက် ထိန်းသိမ်းကာ စောင်ရေအများအပြား ကူးရေးခဲ့ကြရသည်။ ဥပမာ၊ အစ္စရေးဘုရင်များသည် “လေဝိလူ၊ ယဇ်ပုရောဟိတ်တို့ရှေ့၌ရှိသော ဤပညတ္တိကျမ်းစာကို ရေးကူး” ရမည်ဟု မှာကြားခံရ၏။—တရားဟောရာ ၁၇:၁၈၊ သမ္မာ။
အစ္စရေးလူမျိုးများစွာသည် ကျမ်းစာစောင်များကို ဘုရားသခင့်နှုတ်မြွက်စကားတော်အဖြစ် အသိအမှတ်ပြုကာ ယင်းတို့အားဖတ်ရှုရခြင်းကို နှစ်သက်မြတ်နိုးကြ၏။ သို့ ဖြစ်၍ အဆင့်မြင့်မြင့်လေ့ကျင့်ထားသော ကျမ်းပြုဆရာများက ကျမ်းစာကို အသေအချာဂရုစိုက်၍ ကူးရေးခဲ့ကြရ၏။ ဘုရားသခင်ကိုကြောက်ရွံ့သည့် ဧဇရအမည်ရှိသော ကျမ်းပြုဆရာတစ်ဦးကို ‘ဣသရေလလူမျိုး၏ဘုရားသခင် ယေဟောဝါပေးတော်မူသော မောရှေပညတ္တိကျမ်းစာကို လေ့ကျက်ကျွမ်းကျင်သောဆရာ [“ကျမ်းကူးသူ၊” ကဘ]’ အဖြစ် ရည်ညွှန်းထားသည်။ (ဧဇရ ၇:၆၊ သမ္မာ) အေဒီ ဆဋ္ဌမရာစုနှင့် ဒသမရာစုအကြားတွင် ဟေဗြဲကျမ်း သို့မဟုတ် “ဓမ္မဟောင်းကျမ်း” ကိုကူးရေးခဲ့ကြသည့် မက်စရိများသည် အမှားအယွင်းမရှိစေရန် ကျမ်းစာပါ စာလုံးများကိုပင် ရေတွက်ခဲ့ကြ၏။ ရန်သူများသည် ကျမ်းစာကိုဖျက်ဆီးပစ်ရန် အပြင်းအထန်၊ သဲကြီးမဲကြီး ကြိုးပမ်းခဲ့ကြသော်လည်း ကျမ်းစာ၏တိကျမှန်ကန်မှုနှင့် ယနေ့တိုင်တည်တံ့မှုတို့ကို သေချာစေရန် ဤကဲ့သို့ စေ့စပ်သေချာစွာ ကူးရေးထားခြင်းက အထောက်အကူပြုခဲ့၏။
ဥပမာ၊ ဘီစီ ၁၆၈ တွင် ဆီးရီးယားအုပ်စိုးရှင် စတုတ္ထမြောက်အန္တိအုပ်ကပ်သည် ပါလက်စတိုင်းနယ်တစ်ဝန်းလုံးတွင် တွေ့ရှိရသည့် ဟေဗြဲကျမ်းစောင်များကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည်။ ဂျူးသမိုင်းတစ်ခုတွင် “၎င်းတို့တွေ့သမျှ မည်သည့်ကျမ်းစာလိပ်များကိုမဆို ဆုတ်ဖြဲပြီး မီးရှို့လိုက်ကြသည်” ဟုဖော်ပြထား၏။ ဂျူးစွယ်စုံကျမ်းက ဤသို့ဆိုသည်– “ဟေဗြဲကျမ်းစာလိပ်များကို မီးရှို့ဖျက်ဆီးရန် အမိန့်ရထားသော အရာရှိများသည် ခက်ထန်ကြမ်းတမ်းစွာ လုပ်ဆောင်ခဲ့ကြ၏။ . . . မြင့်မြတ်သောစာအုပ်ကို ပိုင်ဆိုင်ထားသူအား . . . သေဒဏ်ပေးခဲ့ကြသည်။” သို့သော် ကျမ်းစာစောင်များသည် ပါလက်စတိုင်းရှိ ဂျူးများနှင့် အခြားနိုင်ငံများတွင် နေထိုင်ကြသူတို့လက်ဝယ် တည်တံ့လာခဲ့လေသည်။
ခရစ်ယာန်ဂရိကျမ်းစောင်များ သို့မဟုတ် “ဓမ္မသစ်ကျမ်း” ကိုရေးသားသူတို့သည် မိမိတို့၏ကျမ်းစောင်များကို ရေးသားပြီးစီးသည့်နောက် မကြာမီပင် မိမိတို့၏မှုတ်သွင်းခံစာများ၊ ပရောဖက်ပြုချက်များနှင့် သမိုင်းမှတ်တမ်းများကို စောင်ရေများစွာ ပွားခဲ့ကြသည်။ ဥပမာ၊ ယောဟန်သည် မိမိ၏ခရစ်ဝင်ကျမ်းကို ဧဖက်မြို့တွင် သို့မဟုတ် ၎င်းမြို့အနီးတွင် ရေးသားခဲ့၏။ သို့သော် ယောဟန်ခရစ်ဝင်ကျမ်း၏ အပိုင်းအစတစ်ခုကို ယောဟန်ကျမ်းရေးပြီးနောက် အနှစ် ၅၀ ခန့်တွင် အီဂျစ်နိုင်ငံမှ မိုင်ရာချီဝေးသောအရပ်ဒေသ၌ တွေ့ရှိခဲ့ရကြောင်း ပညာရှင်များကဆိုကြသည်။ အဆိုပါရှာဖွေတွေ့ရှိမှုက အလှမ်းဝေးသောဒေသများရှိ ခရစ်ယာန်များတွင် ထိုစဉ်က ရေးသားခဲ့သည့် မှုတ်သွင်းခံကျမ်းစောင်များ ရှိထားပြီဖြစ်ကြောင်း ဖော်ပြ၏။
ထို့ ပြင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခြင်းကလည်း ခရစ်တော်၏အချိန်နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာ ဆက်လက်တည်တံ့စေရေးတွင် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ဥပမာ၊ အေဒီ ၃၀၃၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်မိုးသောက်ချိန်တွင် ရောမဧကရာဇ် ဒိုင်အိုကလီလျှံသည် ချာ့ခ်ျတံခါးများကို ချိုးဖဲ့ဖျက်ဆီးပြီး ကျမ်းစောင်များကို မီးရှို့နေကြသည့် ၎င်း၏စစ်သည်များအား စောင့်ကြည့်စစ်ဆေးခဲ့၏။ မြင့်မြတ်သောကျမ်းစောင်များကို ဖျက်ဆီးလိုက်ခြင်းဖြင့် ခရစ်ယာန်ဘာသာကို သုတ်သင်ပယ်ရှင်းနိုင်မည်ဟု ဒိုင်အိုကလီလျှံ ယူမှတ်ခဲ့သည်။ နောက်တစ်နေ့တွင် သူသည် ရောမအင်ပါယာတစ်ခွင်ရှိ သမ္မာကျမ်းစာအားလုံးကို အများပြည်သူရှေ့ မီးရှို့ဖျက်ဆီးရမည်ဟု အမိန့်ထုတ်ပြန်လိုက်၏။ သို့သော် သမ္မာကျမ်းစာစောင်အချို့သည် မကွယ်ပျောက်သွားသည့်အပြင် ယင်းတို့ကို ထပ်၍ပင် ကူးယူခဲ့ကြသည်။ အမှန်ဆိုရလျှင် ဒိုင်အိုကလီလျှံ၏နှိပ်ကွပ်မှု
နောက်ပိုင်း မကြာမီတွင် ကူးယူခဲ့ဖွယ်ရှိသည့် ဂရိကျမ်းနှစ်ကျမ်း၏ အစိတ်အပိုင်းအတော်များများသည် ယနေ့ထက်တိုင် တည်ရှိနေလေသည်။ ကျမ်းတစ်ကျမ်းမှာ ရောမတွင်ရှိပြီး နောက်ကျမ်းတစ်ကျမ်းမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဗြိတိသျှစာကြည့်တိုက်တွင် ထားရှိ၏။မူရင်းကျမ်း၏စာမူများကို မတွေ့ရတော့သော်လည်း ကျမ်းစာတစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ထောင်နှင့်ချီသော လက်ရေးစာမူများကိုမူ ကျွန်ုပ်တို့ခေတ်တိုင် တွေ့ရှိရ၏။ လက်ရေးစာမူအချို့မှာ အလွန်ပင် ဟောင်းနွမ်းနေလေပြီ။ ယင်းတို့ကို ကူးရေးခဲ့ရခြင်းဖြစ်သောကြောင့် မူရင်းကျမ်းတွင်ပါသော သတင်းစကားများ ပြောင်းလဲသွားပါသလော။ ကျမ်းပညာရှင် ဒဗလျူအိပ်ခ်ျ ဂရင်းက ဟေဗြဲကျမ်းစောင်များနှင့်စပ်လျဉ်း၍ ဤသို့ဆိုခဲ့၏– “မည်သည့်ရှေးကျသောစာပေကိုမျှ ဤမျှလောက် တိကျစွာ လွှဲပြောင်းခြင်းမျိုးမရှိသေးကြောင်း စိတ်ချလက်ချပြောနိုင်သည်။” ခရစ်ယာန်ဂရိကျမ်းစောင်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာ စာမူများဆိုင်ရာ ထင်ရှားသောအာဏာပိုင်တစ်ဦးဖြစ်သူ ဆာဖရက်ဒရစ်ခ် ကင်ညွန်က ဤသို့ရေးသားခဲ့၏– “မူလရေးသားသည့်ရက်စွဲများနှင့် တည်ရှိနေဆဲဖြစ်သော အစောဆုံးအထောက်အထားစပ်ကြားကာလသည် မပြောပလောက်အောင် တိုတောင်းလွန်းလှကာ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့လက်ဝယ်သို့ မူရင်းအတိုင်း အနှစ်သာရမပျက်ရောက်ရှိလာသည်ဟူသောအချက်ကို မယုံသင်္ကာဖြစ်စေသည့် နောက်ဆုံးအခြေအမြစ်သည် ယခုဖယ်ရှားခံခဲ့ရပြီ။ ဓမ္မသစ်ကျမ်း၏ စစ်မှန်မှုနှင့် ယေဘုယျပြည့်စုံမှန်ကန်မှု တို့ကို အပြီးအပြတ်သက်သေထူခဲ့ပြီဟု ယူမှတ်နိုင်ပေသည်။” ၎င်းက ဤသို့လည်းဖော်ပြခဲ့၏– “သမ္မာကျမ်းစာ စာသားများ၏ပြည့်စုံမှန်ကန်မှုသည် မပြောင်းလဲဘဲ တည်တံ့လာခဲ့ပြီဟု ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ပါသည်။ . . . ကမ္ဘာပေါ်တွင်ရှိသည့် အခြားမည်သည့် ရှေးစာအုပ်ကိုမျှ ဤသို့မပြောနိုင်ပေ။”
ကျမ်းစာဘာသာပြန်ခြင်း
သမ္မာကျမ်းစာကို လူသားတို့၏ အကျော်ကြားဆုံးစာအုပ်ဖြစ်လာစေသည့် အဓိကကျသော ဒုတိယအချက်မှာ ဘာသာစကားများစွာဖြင့် ရရှိနိုင်ခြင်းဖြစ်သည်။ ယင်းအဖြစ်မှန်သည် ဘာသာစကားအမျိုးမျိုးပြောသော တိုင်းနိုင်ငံအသီးသီးမှ လူသားအားလုံး ဘုရားသခင်ကို သိကျွမ်းပြီး ကိုယ်တော့်ကို ‘ဝိညာဉ်နှင့်အမှန်တရား’ ဖြင့် ကိုးကွယ်ဝတ်ပြုကြရန်ဟူသော ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်လည်း ကိုက်ညီပေသည်။—ယောဟန် ၄:၂၃၊ ၂၄; မိက္ခာ ၄:၂။
ဟေဗြဲကျမ်းစာ၏ ပထမဆုံးဘာသာပြန်ကျမ်းဟု သိရှိထားသောကျမ်းမှာ ဂရိဘာသာဖြင့်ပြန်ဆိုထားသည့် စက်ပ်တွားဂျင့်ကျမ်းဖြစ်သည်။ ယင်းကျမ်းကို ပါလက်စတိုင်းပြင်ပတွင်နေထိုင်ကြသည့် ဂရိစကားပြောဂျူးများအတွက် ပြန်ဆိုခြင်းဖြစ်ကာ ယေရှု၏မြေကြီးဓမ္မအမှုမစတင်မီ ရာစုနှစ်ခုခန့်တွင် ပြီးစီးခဲ့၏။ ယင်းကိုပြီးစီးခဲ့သည့် ရာစုနှစ်အနည်းငယ်အတွင်း ခရစ်ယာန်ဂရိကျမ်းစာအပါအဝင် သမ္မာကျမ်းစာတစ်အုပ်လုံးကို ဘာသာစကားများစွာဖြင့် ပြန်ဆိုခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် လူထုလက်ထဲ ကျမ်းစာရောက်ရှိရန် အစွမ်းကုန်ကြိုးစားသင့်သည့် ဘုရင်များနှင့် ခရစ်ယာန်ဘုန်းကြီးများက ယင်းကို ဆန့်ကျင်လာခဲ့ကြ၏။ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အများသုံးဘာသာစကားများဖြင့် ပြန်ဆိုခွင့်မပြုခြင်းဖြင့် မိမိတို့၏သိုးများကို ဝိညာဉ်ရေးအမှောင်ထဲတွင်ထားရန် ကြိုးစားခဲ့ကြသည်။
ချာ့ခ်ျနှင့်နိုင်ငံတော်အာဏာကို ဖီဆန်သည့်အနေနှင့် ရဲရင့်သောအမျိုးသားများသည် အသက်နှင့်ရင်း၍ သမ္မာကျမ်းစာကို အများသုံးဘာသာစကားဖြင့် ပြန်ဆိုခဲ့ကြသည်။ ဥပမာ၊ ၁၅၃၀ ပြည့်နှစ်တွင် အောက်စဖို့ဒ်၌ ပညာသင်ယူခဲ့သည့် အင်္ဂလိပ်လူမျိုး ဝီလျံတင်ဒေးလ်သည် ဟေဗြဲကျမ်းစောင်များ၏ ကျမ်းဦးငါးကျမ်းဖြစ်သော ပင်တကျွတ်ကျမ်းကို ထုတ်ဝေခဲ့၏။ သူသည် ဆန့်ကျင်မှုများနှင့်ကြုံရသော်လည်း သမ္မာကျမ်းစာကို ဟေဗြဲဘာသာမှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုသော ပထမဦးဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။ ထို့ပြင် တင်ဒေးလ်သည် ယေဟောဝါဟူသောနာမတော်ကို အသုံးပြုသည့် ပထမဦးဆုံး အင်္ဂလိပ်ဘာသာပြန်လည်းဖြစ်၏။ စပိန်လူမျိုး ကျမ်းပညာရှင် ကာစီအိုဒိုရို ဒယ်ရေနာသည် အစောပိုင်း စပိန်ဘာသာပြန်ကျမ်းများအနက် တစ်ခုကို ပြန်ဆိုသည့်အခါ ကက်သလစ်နှိပ်စက်ညှဉ်းပန်းသူများထံမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို အဆက်မပြတ်ကြုံခဲ့ရသည်။ သူသည် အပြီးသတ်ဘာသာပြန်ဆိုနိုင်ရန် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဟော်လန်နှင့် ဆွစ်ဇလန်နိုင်ငံများသို့ ခရီးထွက်ခဲ့၏။ *
ယနေ့တွင် သမ္မာကျမ်းစာကို ပို၍များပြားသော ဘာသာစကားတို့ဖြင့် ဆက်လက်ပြန်ဆိုနေပြီး စောင်ရေသန်းချီ ပုံနှိပ်ထုတ်ဝေနေပါသည်။ လူသားတို့၏ အကျော်ကြားဆုံး စာအုပ်အဖြစ် တည်တံ့လာခြင်းက တမန်တော်ပေတရု၏ ဤမှုတ်သွင်းခံဖော်ပြချက် မှန်ကန်ကြောင်း သက်သေထူ၏– ‘မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ယေဟောဝါ၏နှုတ်မြွက်တရားမူကား ကာလအစဉ်အမြဲတည်၏။’—၁ ပေတရု ၁:၂၄၊ ၂၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 ရေနာဘာသာပြန်ကျမ်းကို ၁၅၆၉ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ၁၆၀၂ ခုနှစ်တွင် စီပရီရာနို ဒေဗလေးယားက ပြင်ဆင်တည်းဖြတ်ခဲ့၏။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
မည်သည့် ဘာသာပြန်ကျမ်းကို ကျွန်ုပ် ဖတ်သင့်သနည်း
ဘာသာစကားများစွာတွင် ဘာသာပြန်ကျမ်း အမြောက်အမြားရှိသည်။ ဘာသာပြန်ကျမ်းအချို့သည် နားလည်ရခက်သော ရှေးအသုံးအနှုန်းများကို အသုံးပြုထားကြသည်။ အခြားဘာသာပြန်ကျမ်းများမှာ တိကျမှန်ကန်မှုထက် ဖတ်ရလွယ်ကူစေရန်ရည်ရွယ်၍ လုံးစေ့ပတ်စေ့မဟုတ်ဘဲ စကားပြေပြန်ဆိုထားသည့် ဘာသာပြန်ကျမ်းများဖြစ်သည်။ အခြားဘာသာပြန်ကျမ်းများမူကား လုံးစေ့ပတ်စေ့ တိုက်ရိုက်ပြန်ဆိုထားသော ကျမ်းများဖြစ်သည်။
ယေဟောဝါသက်သေများထုတ်ဝေသည့် အင်္ဂလိပ် ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ ကို အမည်မဖော်သောကော်မတီက မူရင်းဘာသာစကားများမှ တိုက်ရိုက်ပြန်ဆိုခဲ့ပါသည်။ ထို့နောက် ယင်းဘာသာပြန်ကျမ်းသည် အခြားဘာသာစကားပေါင်း ၆၀ ခန့်ဖြင့် ပြန်ဆိုရန် အဓိကအသုံးပြုသော ကျမ်းဖြစ်လာခဲ့သည်။ သို့သော် အဆိုပါဘာသာစကားများဖြင့် ပြန်ဆိုကြသူတို့သည် မူရင်းကျမ်းစာသားဖြင့် နှိုင်းယှဉ်မှုများပြုခဲ့ကြ၏။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏ရည်ရွယ်ချက်မှာ မူရင်းကျမ်းစာသား၏အဓိပ္ပာယ်မြှုပ်မနေသရွေ့ တိုက်ရိုက်ပြန်ဆိုရန်ဖြစ်သည်။ ဘာသာပြန်သူများသည် မူရင်းကျမ်းစာကို ကျမ်းစာခေတ်မှ စာဖတ်ပရိသတ်များ နားလည်ခဲ့သည့်အတိုင်း သမ္မာကျမ်းစာကို ယနေ့ခေတ် စာဖတ်ပရိသတ်များ နားလည်နိုင်စေရန် ကြိုးစားကြသည်။
ဘာသာဗေဒပညာရှင်တချို့သည် မတိကျခြင်း၊ ဘက်လိုက်ခြင်းဆိုင်ရာ ပုံနမူနာများအတွက် ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပါအဝင် ခေတ်သစ်ဘာသာပြန်ကျမ်းများကို လေ့လာဆန်းစစ်ခဲ့ကြသည်။ ယင်းသို့လေ့လာဆန်းစစ်ခဲ့သည့် ပညာရှင်တစ်ဦးမှာ အမေရိကန်နိုင်ငံ၊ မြောက်ပိုင်းအရီဇိုးနားတက္ကသိုလ်မှ ဘာသာရေးလေ့လာမှု တွဲဖက်ပါမောက္ခ ဂျေဆန်ဒေးဗစ်ဘဒူးဖြစ်၏။ ၂၀၀၃ ခုနှစ်တွင် သူသည် “အင်္ဂလိပ်စကားပြောလောကတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည့် သမ္မာကျမ်းစာများ” အနက်ကိုးမျိုးကို လေ့လာဆန်းစစ်ထားသည့် စာမျက်နှာ ၂၀၀ ရှိသော စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ * “ဘက်လိုက်ခြင်းသည် ဘာသာပြန်ခြင်းကို အနှောင့်အယှက်ပေးရန် သာ၍အကြောင်းများ” သောကြောင့် ၎င်း၏စာအုပ်တွင် အငြင်းပွားမှုများကို ဖြစ်စေခဲ့သည့် ကျမ်းပိုဒ်အတော်များများကို လေ့လာဆန်းစစ်ထား၏။ သူသည် ကျမ်းပိုဒ်တစ်ပိုဒ်စီအတွက် ဂရိစာသားကို အင်္ဂလိပ်ဘာသာပြန်ကျမ်းတစ်ခုစီ၏ ပြန်ဆိုချက်များနှင့်နှိုင်းယှဉ်ထားပြီး အဓိပ္ပာယ်ကို ပြောင်းလဲစေသည့် တစ်ဖက်သတ်ကြိုးပမ်းမှုများကို ရှာဖွေခဲ့သည်။ ၎င်း၏ကောက်ချက်ကား အဘယ်နည်း။
ကမ္ဘာသစ်ဘာသာပြန်ကျမ်း (ကဘ) တွင်ပါသော ကွဲလွဲချက်များသည် ဘာသာပြန်သူတို့၏ ဘာသာရေးဘက်လိုက်မှုကြောင့်ဖြစ်ကြောင်း အများပြည်သူနှင့် ကျမ်းပညာရှင်များက ယူမှတ်ကြသည်ဟု ဘဒူးက ထောက်ပြ၏။ သို့သော် “တိုက်ရိုက်ကျ၍ အစွန်းမရောက်သည့် ဘာသာပြန်ကျမ်းတစ်ခုဖြစ်သော ကဘ သည် သာ၍တိကျမှန်ကန်မှုရှိသောကြောင့် အများစုမှာ ကွဲပြားရခြင်း ဖြစ်သည်” ဟုသူကဖော်ပြသည်။ ဘဒူးသည် ကမ္ဘာသစ်ဘာသာ ပြန်ကျမ်း ၏ အချို့သောပြန်ဆိုမှုများကို အကြိုက်မတွေ့သော်လည်း ယင်းပြန်ဆိုချက်သည် “နှိုင်းယှဉ်ခဲ့သောဘာသာပြန်ကျမ်းများတွင် အတိကျဆုံးအဖြစ် ပေါ်ထွက်လာ” သည်ဟုဆို၏။ ယင်းကို “ထူးခြားကောင်းမွန်သော” ဘာသာပြန်ကျမ်းတစ်စောင်ဟူ၍ ၎င်းကခေါ်ဆိုသည်။
အစ္စရေးနိုင်ငံမှ ဟေဗြဲပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာ ဗဲန်ဂျမင်ကေဒါသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့်စပ်လျဉ်း၍ အလားတူမှတ်ချက်ချခဲ့၏။ ၁၉၈၉ ခုနှစ်တွင် သူဤသို့ဆိုခဲ့သည်– “ယင်းဘာသာပြန်ကျမ်းသည် မူရင်းကျမ်းစာသားကို တိကျနိုင် သမျှ တိကျစွာ သဘောပေါက်နားလည်စေရန် ရိုးသားစွာ အားထုတ်ထားကြောင်း ပေါ်လွင်သည်။ . . . ကမ္ဘာသစ် ဘာသာပြန်ကျမ်းတွင် မူရင်းကျမ်းစာသား၏အဓိပ္ပာယ်ကို ပြောင်းလဲသွားစေသော ဘက်လိုက်သည့်သဘောထား တစ်ခု ကိုမျှ ကျွန်ုပ်မတွေ့ ဖူးပါ။”
‘သမ္မာကျမ်းစာကို ဖတ်ရှုရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဖတ်ရလွယ်ပေမဲ့ တိကျမှုမရှိတဲ့ကျမ်းကို ဖတ်ချင်သလား။ ဒါမှမဟုတ် မူရင်းမှုတ်သွင်းခံကျမ်းစာနီးနီး အတတ်နိုင်ဆုံး တိတိကျကျ ပြန်ဆိုထားတဲ့ အယူအဆတွေကို ဖတ်ချင်သလား’ ဟူ၍ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ (၂ ပေတရု ၁:၂၀၊ ၂၁) သင်၏ရည်ရွယ်ချက်ကို သင်ရွေးချယ်သည့် ဘာသာပြန်ကျမ်းဖြင့် ဆုံးဖြတ်သင့်၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြင် အခြားဘာသာပြန်ကျမ်းများမှာ အကျယ်ဖွင့်ဆိုထားသော ဓမ္မသစ်ကျမ်း၊ သက်ဝင်ကျမ်း၊ ဓမ္မသစ်ကျမ်းကို ပြင်ဆင်တည်းဖြတ်ထားသော အမေရိကန်သမ္မာကျမ်းစာသစ်၊ အမေရိကန်စံကျမ်းစာသစ်၊ သန့်ရှင်းသောသမ္မာကျမ်းစာ—အပြည်ပြည်ဆိုင်ရာကျမ်းသစ်၊ ပြင်ဆင်တည်းဖြတ်ထားသော စံကျမ်းစာသစ်၊ ယနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်း နှင့် ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းတို့ ဖြစ်ကြလေသည်။
[ရုပ်ပုံ]
“ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ” ကို ဘာသာစကားများစွာဖြင့် ရရှိနိုင်
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
မက်စရိစာမူများ
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
“. . . မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟူသော လုကာ ၁၂:၇ ပါသည့်ကျမ်းအပိုင်းအစတစ်ခု
[Picture Credit Lines on page 13]
Foreground page: National Library of Russia, St. Petersburg; second and third: Bibelmuseum, Münster; background: © The Trustees of the Chester Beatty Library, Dublin