သမ္မာကျမ်းစာတွင် အဘယ်အကြောင်းများ ပါဝင်သနည်း
သမ္မာကျမ်းစာတွင် အဘယ်အကြောင်းများ ပါဝင်သနည်း
သမ္မာကျမ်းစာတွင် လူသားတို့နှင့် ဘုရားသခင်ဆက်ဆံခဲ့သည့် နှစ်ပေါင်းထောင်ချီကြာသော သမိုင်းကြောင်းကို ဖော်ပြထားရာ လူတချို့က ယင်းကို သမိုင်းစာအုပ်တစ်အုပ်အဖြစ် ရှုမြင်ကြသည်။ အခြားသူတို့မူ ယင်းကို ကျင့်ဝတ်ဆိုင်ရာ စာအုပ်တစ်အုပ်အဖြစ် ယူမှတ်ကြ၏။ အစ္စရေးလူမျိုးအား ဘုရားသခင်ပေးခဲ့သည့် တရားရေး၊ မိသားစု၊ ကိုယ်ကျင့်တရား၊ ဘာသာတရားနှင့်ဆိုင်သော ပညတ်တရားများနှင့် စည်းမျဉ်းဥပဒေ ၆၀၀ ကျော်တို့ကို ၎င်းတို့က ထောက်ပြကြသည်။ သို့သော် အခြားသူတို့ကမူ သမ္မာကျမ်းစာကို ဘုရားသခင်၏သဘောတော်အား ထုတ်ဖော်ပြသည့် ဘာသာရေးဆိုင်ရာလမ်းညွှန်စာအုပ်အဖြစ် သတ်မှတ်ကြလေသည်။
အမှန်တကယ်တွင်မူ အဆိုပါဖော်ပြချက်အားလုံး မမှားချေ။ သမ္မာကျမ်းစာကိုယ်နှိုက်က ဤသို့ဆိုထားသည်– ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဆုံးမပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။’ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ပါရှိသော သမိုင်းမှတ်တမ်းများ၊ ပညတ်တရားများနှင့် ဘာသာရေးဆိုင်ရာဆုံးမစကားများအပါအဝင် အရာရာတိုင်းသည် အလွန်အဖိုးထိုက်လှ၏။
သို့သော် သမ္မာကျမ်းစာသည် အထောက်အကူပြုသော အချက်အလက်များကို စုစည်းထားသည့် စာပေါင်းချုပ်တစ်ခုထက်မကပေ။ သမ္မာကျမ်းစာသည် ယေဟောဝါဘုရားသခင်ထံမှရရှိသည့် တစ်ခုတည်းသော ဖွင့်ပြချက်ဖြစ်လေသည်။ ယင်းတွင် နေ့စဉ်အသက်တာအတွက် လက်တွေ့ကျသော ဘုရားသခင့်မှုတ်သွင်းခံဆုံးမစကားများ ပါရှိသည်။ ထို့ ပြင် ကမ္ဘာမြေကြီးနှင့် လူသားတို့အတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ဖော်ပြပေးသည့်အပြင် လူသားတို့ ဆင်းရဲဝေဒနာခံစားရသည့် အကြောင်းရင်းများကို ကိုယ်တော် မည်သို့ဖယ်ရှားပေးမည်ကိုပါ ဖော်ပြထား၏။ ပို၍အရေးကြီးသည်မှာ ဘုရားသခင်သည် အကြောင်းမဲ့ အထင်လွဲခံခဲ့ရကြောင်း၊ ဤစကြဝဠာဆိုင်ရာအရေးကိစ္စကို ကိုယ်တော် မည်သို့ဖြေရှင်းပေးမည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။
ဘုရားသခင်သည် လိမ်ညာသူနှင့် မတရားအုပ်ချုပ်သူဟု ခေါ်ဆိုခံခဲ့ရ
ဘုရားသခင်သည် ကနဦးလူသား အာဒံနှင့်ဧဝတို့ကို ကိုယ်စိတ်နှစ်ဖြာ စုံလင်စွာဖန်ဆင်းပေးပြီး သူတို့ကို ကောင်းမွန်လှသောဝန်းကျင်တစ်ခုတွင် နေရာချထားခဲ့ကြောင်း သမ္မာကျမ်းစာကဆို၏။ ကိုယ်တော်သည် ၎င်းတို့အား ကမ္ဘာမြေကြီးနှင့် တိရစ္ဆာန်လောကကို စောင့်ရှောက်ရန် တာဝန်ပေးခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ဘုရားသခင်၏သားသမီးများအနေနှင့် အာဒံနှင့်ဧဝတို့သည် မိမိတို့၏ကောင်းကင်ခမည်းတော်အား နာခံခဲ့ကြမည်ဆိုလျှင် ကမ္ဘာမြေကြီးပေါ် ထာဝစဉ်နေထိုင်ခွင့်ရရှိကြမည်။ ကိုယ်တော်သည် သူတို့အပေါ် ကန့်သတ်ချက်တစ်ခုသာထားခဲ့၏။ “ထိုဥယျာဉ်၌ ရှိသမျှသောအပင်များ၏အသီးကို သင်စားရသောအခွင့်ရှိ၏။ ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် အမှန်သေရမည်” ဟုယေဟောဝါ မိန့်တော်မူခဲ့သည်။—ကမ္ဘာဦး ၂:၁၆၊ ၁၇၊ သမ္မာ။
သို့သော် သမ္မာကျမ်းစာတွင် စာတန်ဟုဖော်ပြထားသော ဝိညာဉ်သတ္တဝါက “သင်တို့သည် အမှန်သေရမည်မဟုတ်” ဟုဆန့်ကျင်ပြောဆိုခဲ့၏။ (ကမ္ဘာဦး ၃:၁-၅) ဘုရားသခင်အား မျက်နှာပြောင်တိုက်ဆန့်ကျင်သည့် စာတန်သည် ဖန်ဆင်းရှင်အား လိမ်ညာသူဟု ခေါ်ဆိုခဲ့သည့်အပြင် ကိုယ်တော်၏အုပ်ချုပ်ပုံမှာ မှားနေသည်၊ လူတို့သည် ဘုရားသခင်မပါဘဲ ပို၍ ကောင်းစွာလုပ်ဆောင်နိုင်သည်ဟုလည်း သွယ်ဝိုက်ပြောဆိုခဲ့၏။ ဘုရားသခင်၏စကားကို နားမထောင်ခြင်းက လွတ်လပ်မှုရရှိစေပြီး အမှားအမှန်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရမည်ဟု ဧဝအား စာတန် အယုံသွင်းခဲ့သည်။ ဧဝသည် “ဘုရားသခင်ကဲ့သို့” ဖြစ်လာမည်ဟုပင် စာတန်ပြောဆိုခဲ့၏။ သို့ ဖြင့် စာတန်သည် ယေဟောဝါ၏နာမည်ကောင်းနှင့် ရည်ရွယ်တော်မူချက်ကို ပုတ်ခတ်ပြောဆိုခဲ့လေသည်။
အဆိုပါအပြန်အလှန်ပြောဆိုမှုက ဆိုးကျိုးများစွာ ဖြစ်ပေါ်စေခဲ့၏။ အမှန်ဆိုရလျှင် မိမိ၏နာမတော်နှင့် နာမည်ကောင်းအပေါ် ပြစ်တင်ရှုတ်ချမှုကင်းရှင်းစေခြင်းတည်းဟူသော ယေဟောဝါ၏ရည်ရွယ်တော်မူချက်သည် သမ္မာကျမ်းစာ၏ အဓိကအကြောင်းဖြစ်သည်။ ယင်းကို ယေရှု၏စံပြဆုတောင်းချက်တွင် အကျဉ်းချုံးဖော်ပြထားသည်။ ယေရှုသည် မိမိ၏နောက်လိုက်များအား ဤသို့ဆုတောင်းကြရန် သင်ပေးခဲ့၏– “ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော် လာပါစေသော။ အလိုတော်သည် . . . မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။”—မဿဲ ၆:၉၊ ၁၀၊ ကဘ။
မိမိ၏နာမတော်အား ပြစ်တင်ရှုတ်ချမှုကို ဘုရားသခင် ကင်းရှင်းစေပုံ
စာတန်သည် အဓိကကျသောအရေးကိစ္စတချို့ကိုလည်း ပေါ်ပေါက်စေခဲ့၏– အမှန်တရားကို မည်သူပြောခဲ့သနည်း။ ယေဟောဝါလော၊ စာတန်လော။ မိမိ၏ဖန်ဆင်းရာများအပေါ် ယေဟောဝါ၏အုပ်ချုပ်မှုသည် တရားမျှတ၍ ကောင်းမြတ်ပါသလော။ လူသားများ မိမိ၏စကားကိုနားထောင်ရန် ကိုယ်တော် မျှော်လင့်ပိုင်ခွင့်ရှိပါသလော။ လူသားတို့သည် မိမိတို့ဘာသာ အုပ်ချုပ်ပါက အခြေအနေ ပို၍ကောင်းလာပါမည်လော။ ယေဟောဝါသည် ယင်းမေးခွန်းများကို ဖြေရှင်းရန် လူသားတို့အား မိမိတို့ဘာသာအုပ်ချုပ်ဖို့ ခေတ္တခွင့်ပြုတော်မူခဲ့သည်။
အဘယ်အကျိုးရလဒ် ဖြစ်ပေါ်ခဲ့သနည်း။ ဧဒင်အရပ်တွင် ထိုဦးဆုံးလိမ်ညာမှု စတင်ပေါ်ပေါက်လာကတည်းက လူ့သမိုင်းသည် ဆင်းရဲဝေဒနာများနှင့် ပြည့်နှက်နေခဲ့ပြီး စာတန်သည် အလွန်ဆိုးယုတ်သော မုသာကောင်ဖြစ်ကြောင်း၊ ဘုရားသခင်နှင့် ကင်းကင်းရှင်းရှင်းနေခြင်းက ဘေးအန္တရာယ်နှင့်သာ တွေ့ကြုံရမည်ဖြစ်ကြောင်း သက်သေထူခဲ့လေပြီ။ သို့သော် ယေဟောဝါသည် မိမိ၏မေတ္တာတော်နှင့် အတိုင်းအဆမဲ့ဉာဏ်ပညာတော်တို့ဖြင့် ဧဒင်အရပ်မှစတင်ခဲ့သော ပြဿနာအားလုံးကို အဆုံးတိုင်စေကာ မိမိ၏နာမတော်အား ပြစ်တင်ရှုတ်ချမှုကင်းရှင်းစေရန် ရည်ရွယ်ထားတော်မူသည်။ ကိုယ်တော်သည် မေရှိယနိုင်ငံတော်အားဖြင့် ထိုသို့လုပ်ဆောင်တော်မူမည်။ ယင်းနိုင်ငံတော်ကား အဘယ်နည်း။
ပြဿနာအားလုံးကို ဖြေရှင်းပေးမည့် ဘုရားသခင့်နိုင်ငံတော်
သန်းပေါင်းများစွာသောသူတို့သည် သခင့်ဆုတောင်းချက်ကို မှန်မှန်ရွတ်ဖတ်ကြသည်။ ယင်းဆုတောင်းချက်က အဘယ်အရာကိုဆိုလိုကြောင်း တစ်ခဏမျှ ဆင်ခြင်သုံးသပ်ရန် သင့်အား ဖိတ်ခေါ်ပါသည်။ “နိုင်ငံတော် လာပါစေသော” ဟူသောစကားကို သုံးသပ်ကြည့်ပါ။ (မဿဲ ၆:၁၀၊ ကဘ) ယင်းနိုင်ငံတော်သည် လူတချို့ ယူဆခဲ့ကြသည့်အတိုင်း အကောင်အထည်မရှိသော နှလုံးအခြေအနေ မဟုတ်ချေ။ ယင်းအစား “ဘုရင်တို့၏ဘုရင်” ဖြစ်သော ယေရှုခရစ်လက်ဝယ်ရှိ ကောင်းကင်ဆိုင်ရာ အုပ်ချုပ်မှုတစ်ရပ်ဖြစ်ပေသည်။ (ဗျာ. ၁၉:၁၃၊ ၁၆; ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄) ယေရှုသည် ကမ္ဘာမြေတစ်ခုလုံးကို အုပ်ချုပ်သွားမည်ဖြစ်ကာ လူသားများအလယ်တွင် တည်မြဲသောငြိမ်သက်အေးချမ်းမှုနှင့် နှစ်သက်ဖွယ်ပေါင်းစည်းမှုတို့ကို ဖြစ်ပေါ်စေပြီး ဆိုးယုတ်မှုအားလုံးကို မြေကြီးပေါ်မှ သုတ်သင်ရှင်းလင်းပေးမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက သွန်သင်သည်။ (ဟေရှာယ ၉:၆၊ ၇; ၂ သက်သာလောနိတ် ၁:၆-၁၀) ဤနည်းဖြင့် “အလိုတော်သည် . . . မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဟူသော ယေရှု၏စကားကို လူ့အုပ်ချုပ်ရေးကမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ကသာလျှင် ပြည့်စုံစေပါလိမ့်မည်။
အဆိုပါစကားများ အမှန်တကယ်ပြည့်စုံစေဖို့ ယေရှုသည် အာဒံ၏သားစဉ်မြေးဆက်များကို အပြစ်နှင့်သေခြင်းမှ ကယ်လွှတ်ပေးရန် မိမိ၏အသက်ကို ရွေးနုတ်ဖိုးအဖြစ် စွန့်ခဲ့လေသည်။ (ယောဟန် ၃:၁၆; ရောမ ၆:၂၃) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ခရစ်တော်၏ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း ပြသသူအားလုံးသည် အာဒံ၏အပြစ်ကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ ဖယ်ရှားခံရပြီး လူသားများ တဖြည်းဖြည်း ပြန်လည်စုံလင်လာသည်ကို တွေ့ မြင်ရပါလိမ့်မည်။ (ဆာလံ ၃၇:၁၁၊ ၂၉) အထူးသဖြင့် အသက်အရွယ်ကြီးချိန်တွင် ကျွန်ုပ်တို့အား ထိခိုက်စေသည့် ချွတ်ယွင်းမှုများသည် ထာဝစဉ်ပျောက်ကွယ်သွားမည်။ ဖျားနာခြင်း၊ သေခြင်းတို့ကြောင့် လူ့မိသားစုခံစားရသည့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုသည်လည်း “ရွေ့သွား” ကွယ်ပျောက်ပေတော့မည်။—ဗျာ. ၂၁:၄။
ဘုရားသခင်သည် မိမိ၏ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့စိတ်ချနိုင်သနည်း။ စိတ်ချနိုင်သည့်အကြောင်းရင်းတစ်ရပ်မှာ သမ္မာကျမ်းစာတွင် တွေ့ရှိရသော ရာနှင့်ချီသည့် ပရောဖက်ပြုချက်များ အမှန်ပြည့်စုံလာခဲ့ပြီဖြစ်၍တည်း။ (စာမျက်နှာ ၉ တွင်ရှု။) ထို့ ပြင် သမ္မာကျမ်းစာကိုယုံကြည်ခြင်းသည် မျက်စိစုံမှိတ်ယုံခြင်း သို့မဟုတ် မိမိတို့ဖြစ်စေချင်ရာကိုသာ ယုံကြည်ခြင်းမျိုးမဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်မှုနှင့် သက်သေအထောက်အထားများစွာအပေါ် အခြေပြုသော ယုံကြည်ခြင်းမျိုးဖြစ်သည်။—ဟေဗြဲ ၁၁:၁။
ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျအကြံပြုချက်
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား အနာဂတ်မျှော်လင့်ချက်အတွက် ခိုင်လုံသောအခြေအမြစ် ပေးထားသည့်အပြင် မျက်မှောက်ခေတ်တွင်လည်း ပို၍ပျော်ရွှင်သောအသက်တာကိုရရှိရန် ကူညီပေးထားပါသည်။ ဥပမာ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုဆက်ဆံရေး၊ ပျော်ရွှင်မှုရှာတွေ့ရေးနှင့် အခြားသောအကြောင်းအရာများစွာနှင့်ပတ်သက်၍ ထူးကဲသာလွန်သည့် လက်တွေ့ကျအကြံပြုချက်များ ဖော်ပြထား၏။ နမူနာအနည်းငယ်ကိုသာ သုံးသပ်ကြည့်ပါလေ။
▪ မပြောမီ အရင်စဉ်းစားပါ။ “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏။”—သု. ၁၂:၁၈။
▪ သဘောထားသေးသိမ်သော မနာလိုမှု မရှိပါနှင့်။ ‘ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ မနာလိုသောသဘောမူကား အရိုးဆွေးမြည့်ခြင်းအကြောင်းဖြစ်၏။’—သု. ၁၄:၃၀။
▪ သင့်သားသမီးများကို ဆုံးမသွန်သင်ပါ။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” “ပေါက်လွှတ်ထားသောသူငယ်မူကား အမိကို အရှက်ခွဲတတ်၏။”—သု. ၂၂:၆; ၂၉:၁၅၊ သမ္မာ။
▪ ခွင့်လွှတ်ပါ။ ယေရှုက “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၇၊ ကဘ) ပညာရှိရှောလမုန်ဘုရင်ကလည်း ဤသို့ရေးသားခဲ့၏– “ချစ်ခြင်းမေတ္တာမူကား လွန်ကျူးမှုရှိသမျှကို ဖုံးအုပ်တတ်၏။” (သု. ၁၀:၁၂၊ သမ္မာ) တစ်ဦးတစ်ယောက်က သင့်အား အကြီးအကျယ်ပြစ်မှားထား၍ ယင်းကို ခွင့်မလွှတ်နိုင်၊ မမေ့နိုင်ဖြစ်နေမည်ဆိုလျှင် သမ္မာကျမ်းစာက ဤသို့အကြံပြုသည်– “သူ့ထံသွား၍ နှစ်ယောက်ချင်း သူ၏အပြစ်ကို ဖော်ပြဆုံးမလော့။”—မဿဲ ၁၈:၁၅၊ ကဘ။
▪ ငွေကို မတပ်မက်ပါနှင့်။ “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင် ထိုးကြပြီ။” (၁ တိမောသေ ၆:၁၀) သမ္မာကျမ်းစာသည် ငွေကိုမဟုတ်ဘဲ “ငွေကိုတပ်မက်ခြင်း” ကို ပြစ်တင်ရှုတ်ချနေခြင်းဖြစ်ကြောင်း သတိပြုပါ။
ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံမှ “စာ” တစ်စောင်
သမ္မာကျမ်းစာသည် အကြောင်းအရာများစွာကို ဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်၏။ ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်အကြောင်းကို အဓိကဖော်ပြထားသည်။ သို့သော် ယင်းတွင် ကျွန်ုပ်တို့လူသားများအကြောင်း၊ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ယခုနှင့်ထာဝစဉ် မဿဲ ၆:၉၊ ကဘ) ယေဟောဝါသည် ယင်းမှတစ်ဆင့် မိမိ၏မွန်မြတ်သည့် အကြံအစည်တော်များကို ကျွန်ုပ်တို့အား ဝေမျှပေးပြီး မိမိ၏အလိုတော်နှင့် နှစ်လို့ဖွယ်သော မိမိ၏ဥပဓိရုပ်တော်ကိုပါ ဖော်ပြတော်မူခဲ့ပြီ။
ပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြောင်းကိုလည်း ဖော်ပြထားပါသေးသည်။ တစ်နည်းဆိုရလျှင် သမ္မာကျမ်းစာသည် “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဘ” ဖြစ်သော ယေဟောဝါထံမှ စာတစ်စောင်နှင့်တူ၏။ (ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာ၍ တွေးတောဆင်ခြင်ခြင်းဖြင့် ဘုရားသခင်အား တကယ့်ပုဂ္ဂိုလ်အဖြစ် စတင်ရှုမြင်လာသည်။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုရှိသောနှလုံးသည် စည်းလုံးသည့်မေတ္တာနှောင်ကြိုးဖြင့် ကိုယ်တော်ထံချဉ်းကပ်ရန် ဆွဲဆောင်ခံရသည်။ (ယာကုပ် ၄:၈) သမ္မာကျမ်းစာသည် သမိုင်း၊ ပရောဖက်ပြုချက်နှင့် ပညတ်တရားများအကြောင်း ဖော်ပြထားရုံမျှသာမကကြောင်း သေချာပါသည်။ ယင်းတွင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ နှစ်ကိုယ်ကြားဆက်ဆံရေးအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းပြီး အလွန်အဖိုးထိုက်လှသောစာအုပ်ဖြစ်ပေသည်။—၁ ယောဟန် ၄:၈၊ ၁၆။
[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]
သမ္မာကျမ်းစာ၏ အဓိကအကြောင်းကို ယေရှု၏ စံပြဆုတောင်းချက်အစပိုင်း ဝါကျအနည်းငယ်တွင် လှလှပပ အကျဉ်းချုံးဖော်ပြထား
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သမ္မာကျမ်းစာ ဖတ်ရှုလေ့လာနည်း
သမ္မာကျမ်းစာသည် ဖတ်ချင်စဖွယ်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်၏။ အမှန်ဆိုရလျှင် ယင်း၏မှတ်တမ်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာများမှာ အလွန်ပင်ကျော်ကြားသဖြင့် ဘာသာစကားများစွာတို့၏ စာပေများတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား သိကျွမ်းလာရန် ကူညီပေး၏။ ယင်းသည် လက်တွေ့ကျဉာဏ်ပညာ၏ နက်ရှိုင်းသောရင်းမြစ်တစ်ခုလည်း ဖြစ်ပေသည်။ သမ္မာကျမ်းစာ၏နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– ‘ဉာဏ်ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ဉာဏ်ပညာကို ဆည်းပူးလော့။ ဆည်းပူးသမျှသောဥစ္စာတို့တွင် သိနားလည်မှုကို ဆည်းပူးလော့။’ (သု. ၄:၇) သင်သည် ကျမ်းစာဖတ်ရှုခြင်းမှ မည်သို့ အကျိုးကျေးဇူး ရရှိနိုင်သနည်း။
အများအားဖြင့် သင် နိုးနိုးကြားကြားအရှိဆုံးအချိန်တွင် ဖတ်ရှုရန် ဇယားဆွဲပါလေ။ အကြောင်းအရာကို သာမန်ကာလျှံကာ မဖတ်ရှုပါနှင့်။ သင်၏ရည်ရွယ်ချက်မှာ သင့်စိတ်ထဲတွင် ဘုရားသခင့်အတွေးအခေါ်များဖြင့် ဖြည့်ထားကာ ယင်းတို့ကို နားလည်သဘောပေါက်ရန် ဖြစ်သင့်သည်။ သင်ဖတ်ရှုပြီးတိုင်း ဖတ်ရှုခဲ့ရာကို ပြန်ပြောင်းသုံးသပ်ကာ သိရှိထားရာနှင့် နှိုင်းယှဉ်ကြည့်ပါ။ ယင်းက သင်၏သိနားလည်မှုနှင့် ကျေးဇူးတင်လေးမြတ်မှုတို့ကို တိုးများလာစေပါလိမ့်မည်။—ဆာလံ ၁၄၃:၅။
တချို့က ‘ကျမ်းစာကို ဘယ်ကစဖတ်သင့်သလဲ’ ဟူ၍သိလိုပေမည်။ အစမှ စတင်နိုင်ပေသည်။ သို့သော် ဦးဆုံးအကြိမ်ဖတ်ရှုသူတချို့က ယေရှု၏အသက်တာနှင့် ခရစ်ယာန်ဓမ္မအမှုဆိုင်ရာ မှတ်တမ်းများဖြစ်သော မဿဲ၊ မာကု၊ လုကာနှင့် ယောဟန် ခရစ်ဝင်ကျမ်းများမှအစပြုခြင်းက ပို၍လွယ်ကူကြောင်း တွေ့ ရှိကြသည်။ ထို့နောက် တချို့က လှလှပပ ဖော်ကျူးထားကာ ဉာဏ်ပညာအပြည့်အဝပါပြီး ကဗျာဆန်ဆန် ဖွဲ့ နွှ့ဲစပ်ဆိုထားသော ကျမ်းစောင်များဖြစ်သည့် ဆာလံကျမ်း၊ နယပုံပြင်ကျမ်းနှင့် ဒေ. ကျမ်းတို့ကို ဆက်လက်ဖတ်ရှုကြသည်။ ၎င်းနောက် သင်သည် သမ္မာကျမ်းစာ၏ အခြားသောအပိုင်းများကိုလည်း ဆက်ဖတ်ရှုလိုစိတ် ပေါ်လာပေမည်။ (အောက်တွင်ရှု။) သို့သော် ဓမ္မသစ်ကျမ်းဟု အများခေါ်ဆိုကြသည့်အပိုင်းကိုသာ ဖတ်ရှုဖို့လိုသည်ဟူသော လွဲမှားသည့်အယူအဆကို မခံယူလိုက်ပါနှင့်။ ‘ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု’ ကြောင်း သတိရပါလေ။—၂ တိမောသေ ၃:၁၆၊ ၁၇။
သမ္မာကျမ်းစာကိုလေ့လာရန် အထူးသဖြင့် ထိရောက်သောနည်းတစ်နည်းမှာ အကြောင်းအရာအလိုက် ဖတ်ရှုသွားခြင်းဖြစ်သည်။ ဥပမာ၊ လူထုရှေ့အမှုဆောင်ရာတွင် ယေဟောဝါသက်သေများအသုံးပြုသည့် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဟူသော သင်အံမှုအထောက်အကူပြုစာအုပ်တွင် “သင့်မိသားစု ဘဝကို ပျော်ရွှင်စေနိုင်ပုံ၊” “ဘုရားသခင်နှစ်သက်သောဝတ်ပြုရေး” နှင့် “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း” အစရှိသည့် အခန့်သင့်အကြောင်းအရာများပါဝင်သည်။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာကို အကြောင်းအရာအလိုက် ဖတ်ရှုခြင်း
အသက်၏မူလအစနှင့် လူသားတို့ အပြစ်သားဘဝကျရောက်ခြင်း ကမ္ဘာဦး
ရှေးအစ္စရေးလူမျိုးကို ဖွဲ့စည်းခြင်း ထွက်မြောက်ရာမှ တရားဟောရာအထိ
စိတ်လှုပ်ရှားဖွယ်ရာမှတ်တမ်းများ ယောရှုမှ ဧသတာအထိ
စိတ်ကိုထိမိစေသောကဗျာနှင့်သီချင်း ယောဘ၊ ဆာလံ၊ ရှောလမုန်သီချင်း
အသက်ရှင်နေထိုင်ပုံအတွက် ဉာဏ်ပညာ နယပုံပြင်၊ ဒေ.ကျမ်း
ပရောဖက်ပြုချက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်မှု ဟေရှာယမှ မာလခိအထိနှင့် ဗျာ.ကျမ်း
ယေရှု၏ဘဝအသက်တာနှင့် သွန်သင်ချက် မဿဲမှ ယောဟန်အထိ
ခရစ်ယာန်ဘာသာ တည်ထောင်ခြင်းနှင့် ပြန့်ပွားခြင်း တမန်တော်
အသင်းတော်များထံ ပေးပို့သောစာများ ရောမမှ ယုဒအထိ