ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်
“သမ္မာကျမ်းစာသည် သမိုင်းတွင် အဖြန့်ဝေရဆုံးစာအုပ် ဖြစ်၏။”—ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။
လွန်ခဲ့သောနှစ်ပေါင်း ၅၅၀ ကျော်က ဂျာမန်လူမျိုး တီထွင်သူ ယိုဟန်နတ်စ် ဂူတင်ဘာ့ဂ်သည် ခဲစာလုံးအရှင်ဖြင့် ပုံနှိပ်ခြင်းကို အစပြုခဲ့သည်။ ၎င်း၏ပုံနှိပ်စက်မှထွက်ပေါ်လာသော ပထမဆုံး အထင်ကရစာအုပ်မှာ သမ္မာကျမ်းစာပင်ဖြစ်သည်။ * ထိုအချိန်မှစ၍ အကြောင်းအရာမျိုးစုံဖြင့် စာအုပ်ဘီလီယံပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ သို့သော် ရှိရှိသမျှသောစာအုပ်များတွင် သမ္မာကျမ်းစာသည် အသာလွန်ဆုံးဖြစ်၏။
သမ္မာကျမ်းစာကို (တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ) အုပ်ရေ ၄.၇ ဘီလီယံကျော် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းရ၏။ ယင်းသည် ဒုတိယအဖြန့်ဝေရဆုံးစာအုပ် (Quotations From Chairman Mao) ၏အရေအတွက်ထက် ငါးဆကျော်ပိုများသည်။
မကြာသေးမီက တစ်နှစ်အတွင်း၌ပင် သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ အုပ်ရေ သန်း ၅၀ ကျော် ဖြန့်ဝေခဲ့၏။ “သမ္မာကျမ်းစာသည် ယင်းနှစ်တွင်သာမက နှစ်စဉ်ပင် အရောင်းရဆုံးစာအုပ်ဖြစ်၏” ဟု The New Yorker မဂ္ဂဇင်းပါ သတင်းတစ်ပုဒ်ကဆိုသည်။
သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကားပေါင်း ၂,၄၀၀ ကျော်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာအစိတ်အပိုင်းတချို့ကို လူ့မိသားစု ၉၀ ရာခိုင်နှုန်းကျော် ပြောဆိုကြသည့် ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။
သမ္မာကျမ်းစာကိုရေးသားသူ ထက်ဝက်ခန့်သည် ၎င်းတို့၏ ကျမ်းစောင်များကို ထင်ပေါ်ကျော်ကြားသော တရုတ်ပညာရှိ ကွန်ဖြူးရှပ်နှင့် ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သူ သိဒ္ဓတ္ထဂေါတမတို့ မမွေးမီကတည်းက ရေးသားပြီးစီးခဲ့သည်။
သမ္မာကျမ်းစာသည် ကမ္ဘာ့အပြောင်မြောက်ဆုံးသော ပန်းချီကားများ၊ တေးဂီတနှင့် စာပေများအပါအဝင် အနုသုခုမပညာအပေါ် အလွန်သြဇာညောင်းခဲ့ပြီ။
သမ္မာကျမ်းစာသည် အာဏာပိုင်များ၏ တားမြစ်ပိတ်ပင်မှုများ၊ ဘာသာရေးဆန့်ကျင်သူများ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ဝေဖန်ရေးသမားများ၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံခဲ့ပြီ။ သမိုင်းတွင် အခြားမည်သည့်စာအုပ်မျှ ဤမျှကြီးမားသောဆန့်ကျင်မှုနှင့် မကြုံခဲ့ရသကဲ့သို့ ဤမျှတည်တံ့နိုင်စွမ်းလည်း မရှိခဲ့ကြပေ။
အထက်ဖော်ပြပါအချက်အလက်များမှာ အလွန်ထူးခြားသည်မဟုတ်ပေလော။ သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချထိုက်ကြောင်း မှတ်သားလောက်သော အသေးစိတ်အချက်အလက်များနှင့် ကိန်းဂဏန်းများကသာ သက်သေထူသည်မဟုတ်ပါ။ နောက်ဆောင်းပါးတွင် သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချထိုက်ကြောင်း သန်းပေါင်းများစွာသောသူတို့ လက်ခံရသည့် အကြောင်းရင်းငါးရပ် ကို သုံးသပ်ပါမည်။
^ အပိုဒ်၊ 3 ဂူတင်ဘာ့ဂ်ပုံနှိပ်ခဲ့သည့်သမ္မာကျမ်းစာသည် လက်တင်ဘာသာဖြင့်ဖြစ်ပြီး ၁၄၅၅ ခုနှစ်ခန့်တွင် ပြီးစီးခဲ့၏။