မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသည့် အကြောင်းရင်း​များ

၃။ အတွင်း​သဘောချင်း ကိုက်ညီ​မှု

၃။ အတွင်း​သဘောချင်း ကိုက်ညီ​မှု

နောက်ခံ​အမျိုးမျိုး​မှ​လာသော လူ​အ​ယောက် ၄၀ အား စာအုပ်​တစ်အုပ်​မှ အပိုင်း​တစ်ပိုင်းစီ​ကို ရေးသား​စေ​သည်​ဟု စဉ်းစား​ကြည့်​လိုက်ပါ။ အဆိုပါ​စာရေးသူ​တို့သည် ဒေသ​အသီးသီး​တွင် နေထိုင်ကြ​ပြီး တစ်ဦး​နှင့်​တစ်ဦး သိကျွမ်းခြင်း​လည်း​မရှိပေ။ အချို့​တို့​မှာ အခြားသူများ အဘယ်​အပိုင်း ရေးသားခဲ့​ကြသည်​ကို​ပင် မသိ​ရှိကြ​ပေ။ သို့​ဆိုလျှင် ၎င်း​စာအုပ်​သည် ရှေ့နောက်​ကိုက်ညီ​မှု​ရှိ​မည်​ဟု သင်​မျှော်လင့်​နိုင်​ပါ​မည်​လော။

သမ္မာကျမ်းစာ​သည် ယင်း​သို့​သော​စာအုပ်​မျိုး​ဖြစ်၏။ * အထက်တွင်​ဖော်ပြ​ထား​သည်ထက် ပို​၍​ပင်​ထူးခြားသော အခြေအနေ​များ​တွင် ရေးသားခဲ့​ခြင်း​ကြောင့် အတွင်း​သဘောချင်း ကိုက်ညီ​မည်​မှာ သေချာ​ပါ​သည်။

ယေရှု၏​ဝတ်ရုံ​သည် ခရမ်းရောင်​လော၊ ကြက်သွေးရောင်​လော

ထူးခြားသော​အခြေအနေ​များ။

သမ္မာကျမ်းစာ​ကို ဘီစီ ၁၅၁၃ မှ​စ၍ အေဒီ ၉၈ ခန့်​အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်​ကာလ​အတွင်း ရေးသားခဲ့​၏။ ထို့​ကြောင့် ကျမ်း​ရေးသူ​အ​ယောက် ၄၀ ခန့်​သည် ရာစုနှစ်​ပေါင်း​များစွာ​ခြား​၍ အသက်ရှင်ခဲ့​ကြသည်။ သူတို့၏​အလုပ်အကိုင်​များသည်​လည်း မတူကြ​ချေ။ အချို့​မှာ ရေ​လုပ်သားများ​ဖြစ်​ကာ အခြားသူ​တို့​မှာ သိုးထိန်း​များ သို့​မဟုတ် ဘုရင်​များ​ဖြစ်​ကြ​ပြီး တစ်ဦး​မှာ ဆရာဝန်​တစ်ဦး​ဖြစ်သည်။

ရှေ့နောက်​ညီသော သတင်း​စကား။

သမ္မာကျမ်းစာ​ကို ရေးသားသူ​တို့သည် အဓိက​အကြောင်း​တစ်ခု​ကို ပေါ်လွင်​ထင်ရှားစေ​ခဲ့​ကြ​၏– လူသားများ​အပေါ် ဘုရားသခင့်​အုပ်ချုပ်ပိုင်ခွင့်​ကို သံသယ​ကင်းရှင်း​စေခြင်း​နှင့် ကမ္ဘာ​ကို​အုပ်ချုပ်​မည့် မိမိ၏​ကောင်းကင်​နိုင်ငံတော်​အားဖြင့် မိမိ၏​ရည်ရွယ်တော်မူချက်​ကို ပြည့်စုံစေခြင်း​ဖြစ်သည်။ ယင်း​အဓိက​အကြောင်းကို ကမ္ဘာဦးကျမ်း​တွင် စတင်​ဖော်ပြ​ထားပြီး နောက်​ကျမ်းစောင်​များ​တွင် အကျယ်တဝင့် ဆက်​ဖော်ပြ​ကာ ဗျာ.ကျမ်း​တွင် အထွတ်အထိပ်​ရောက်ရှိ​သွား​သည်။—စာမျက်နှာ ၁၃ရှိ “သမ္မာကျမ်းစာ​တွင် အဘယ်​အကြောင်း​များ ပါဝင်​သနည်း” ကို​ရှု။

အသေးစိတ်​ညီညွတ်မှု။

ကျမ်း​ရေးသူ​တို့သည် အသေးအဖွဲ​ကိစ္စရပ်​များ​၌​ပင် သဘောချင်း​ညီညွတ်​ကြသော်လည်း ယင်းသည် တမင်​ကြံရွယ်​ထားခြင်း​မဟုတ်​သည်​မှာ ထင်ရှား​ပါ​သည်။ ဥပမာတစ်ခု​ကို သတိပြု​ကြည့်​ပါ။ လူအုပ်ကြီး​တစ်အုပ်​သည် ယေရှု၏​တရားကို​ကြားနာ​ဖို့ ရောက်လာ​ကြသောအခါ ကိုယ်တော်​က ဖိလိပ္ပု​အား လူအုပ်​စားဖို့ စားစရာ​မုန့်ကို အဘယ်​မှာ သွား​ဝယ်​မည်​နည်း​ဟု​မေး​ကြောင်း ကျမ်း​ရေးသူ​ယောဟန်​က ပြောပြ​၏။ (ယောဟန် ၆:၁-၅) အပြိုင်​မှတ်တမ်း​တစ်ခု​တွင် အဆိုပါ​ဖြစ်ရပ်​သည် ဗက်ဇဲဒ​မြို့အနီး​တွင် ဖြစ်ပေါ်​ခဲ့​သည်​ဟု လုကာ​က​ဆို​၏။ ယောဟန်​ခရစ်ဝင်​ကျမ်း အစပိုင်း​တွင် ယောဟန်​က ဖိလိပ္ပုသည် ဗက်ဇဲဒ​မြို့သား​ဖြစ်သည်ဟု ဆို​ထား​၏။ (လုကာ ၉:၁၀; ယောဟန် ၁:၄၄) ထို့​ကြောင့် ထို​မြို့အနီး​တွင် နေထိုင်သူ​တစ်ဦး​ကို ယေရှု​မေးခွန်းထုတ်​ခဲ့​ခြင်း​မှာ သဘာဝ​ကျ​ပါ​သည်။ အသေးစိတ်​အချက်အလက်​များသည် လုံးဝ​မရည်ရွယ်​ဘဲ ကိုက်ညီ​နေခြင်း​မှာ အလွန်​ထူးခြား​လှ​ပေ​သည်။ *

အကျိုးသင့်အကြောင်းသင့်​ရှိသော ကွဲပြားမှု​များ။

မှတ်တမ်း​အချို့​တွင် ကွဲပြားမှု​အနည်းငယ်​ရှိသော်လည်း ယင်း​သို့ ဖြစ်​မည်​ဟု မျှော်လင့်သင့်​ပါ​သည်။ ရာဇဝတ်မှု​တစ်ခု​နှင့်​ပတ်သက်​၍ လူ​တစ်စု သက်သေ​ထွက်ဆို​ခဲ့​ကြသည်​ဟု ဆိုပါစို့။ တစ်ဦးစီ​သည် အချက်အလက်​တစ်မျိုးတည်း​ကို တစ်​ပုံစံ​တည်း​ထွက်ဆို​ခဲ့​ကြ​မည်​ဆိုလျှင် ပူးပေါင်း​လိမ်လည်မှု​အဖြစ် သင် သံသယဝင်​မည်​မှာ သေချာ​ပါ​သည်။ တစ်ဦးစီ၏ သက်သေ​ထွက်ဆိုချက်​သည် သူတို့၏​ရှုမြင်ပုံ​ပေါ်​မူတည်၍ အတော်အတန်​ကွဲပြား​ကြ​မည်​ဖြစ်သည်။ ထို့​ကြောင့် ကျမ်း​ရေးသူ​များလည်း အလားတူ​ပင်။

ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။ မာကု​နှင့် ယောဟန်တို့ ဖော်ပြ​ခဲ့​သည့်​အတိုင်း ယေရှုသည် အသတ်ခံရ​သည့်​နေ့တွင် ခရမ်းရောင် ဝတ်ရုံ​ကို ဝတ်ဆင်​ထား​သလော။ (မာကု ၁၅:၁၇က​ဘ; ယောဟန် ၁၉:၂က​ဘ) သို့​မဟုတ် မဿဲ​ပြော​သည့်​အတိုင်း ကြက်သွေးရောင် ဝတ်ရုံ​လော။ (မဿဲ ၂၇:၂၈က​ဘ) အမှန်​မှာ နှစ်မျိုး​စ​လုံး မှန်ကန်​နိုင်​ပါ​သည်။ ခရမ်းရောင်​တွင် အ​နီ​စပ်​၏။ မြင်တွေ့ ခဲ့​သူ၏​ရှုထောင့်​အရ အလင်းပြန်​မှု​နှင့် နောက်ခံ​တို့​က အရောင်​တချို့​ကို မှိန်​သွား​စေ​ရာ ဝတ်ရုံ​ပေါ်​တွင် အရောင်အသွေး​အမျိုးမျိုး ဖြစ်နေ​လေ​သည်။ *

ကျမ်း​ရေးသူ​တို့၏ တမင်​ကြံရွယ်​ထားခြင်း​မရှိဘဲ ရှေ့နောက်​ညီညွတ်မှု​ရှိ​ခြင်း​အပါအဝင် အတွင်း​သဘောချင်း​ကိုက်ညီ​မှု​တို့​က ၎င်း​တို့​ရေးသားခဲ့​ကြ​သည့် ကျမ်းစောင်​များ​ကို ယုံကြည်​စိတ်ချ​ထိုက်​ကြောင်း ထပ်ဆင့်​သက်သေထူ​သည်။

^ အပိုဒ်၊ 4 သမ္မာကျမ်းစာ​သည် ကမ္ဘာဦးကျမ်း​ဖြင့်​စတင်​ပြီး ဗျာ.ကျမ်း​ဖြင့် အဆုံးသတ်​ထားသော ကျမ်းစောင် ၆၆ စောင်​ကို စုစည်း​ထား​သည့် စာအုပ်​တစ်အုပ်​ဖြစ်သည်။

^ အပိုဒ်၊ 7 ရှေ့နောက်​ညီညွတ်မှု​နှင့်​ပတ်သက်​သည့် ထပ်ဆင့်​ဥပမာ​များ​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော လူ​ခပ်သိမ်း​အတွက် စာအုပ်​တစ်အုပ် ဘရိုရှာ​၏ စာမျက်နှာ ၁၆-၁၇ တွင်​ရှု။

^ အပိုဒ်၊ 9 ထပ်ဆင့်​အချက်အလက်​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်​လော၊ လူ့​နှုတ်ထွက်​လော စာအုပ်​၏ အခန်း ၇၊ “သမ္မာကျမ်းစာ​သည် အတွင်း​သဘောချင်း​ဆန့်ကျင်​သလော” ကို​ရှု။