မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ

ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ

သမ္မာကျမ်းစာ​ရှုထောင့်

ကမ္ဘာ့​ပတ်ဝန်းကျင်​ကို အဘယ်ကြောင့် ထိန်းသိမ်း​ရ

လူသား​တို့၏ လုပ်ရပ်များ​သည် ကမ္ဘာ​ဂြိုဟ်​၏ ကောင်းစွာ​လည်ပတ်​လုပ်ဆောင်နေ​မှု​ကို သမိုင်း​တွင် မည်သည့်​အချိန်​က​ထက်​မဆို ယခု​အခါ ပိုမို​ဖျက်ဆီး​နေ​ဖွယ်​ရှိသည်။ ကမ္ဘာချီ​ပူနွေး​မှု​ကဲ့သို့​သော ပြဿနာ​များ​၏​ခြိမ်းခြောက်​မှုများ​က ပို​၍​ထိတ်လန့်ဖွယ်​ရာ​ဖြစ်လာ​သောကြောင့် သိပ္ပံ​ပညာရှင်​များ၊ အာဏာပိုင်​များနှင့် စက်​မှု​လုပ်ငန်းရှင်​များသည် အရေးတယူ​လုပ်ဆောင်ရန် တိုး၍​ကြိုးပမ်း​လာ​ကြသည်။

ကျွန်ုပ်​တို့ တစ်ဦးချင်း​စီ​တွင် ပတ်ဝန်းကျင်​ကို ထိန်းသိမ်း​ရမည့်​တာဝန် ရှိပါ​သလော။ ရှိ​မည်​ဆိုလျှင် အဘယ်​အတိုင်းအတာ​ဖြင့်​နည်း။ ကမ္ဘာ​မြေ​ကို အကျိုးပြု​စေ​မည့်​နည်းများဖြင့် လုပ်ဆောင်ရန် ခိုင်လုံ​သော​အကြောင်းရင်း​များ​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​ပါ​သည်။ ထို့ ပြင် ကြိုးပမ်း​လုပ်ဆောင်​ရာ​၌ ဟန်ချက်ညီ​စေရန်​လည်း ယင်းက ကျွန်ုပ်​တို့ကို ကူညီ​ပေး​သည်။

ဖန်ဆင်း​ရှင်​၏ ရည်ရွယ်တော်မူချက်​နှင့်​အညီ လုပ်ဆောင်ခြင်း

ယေဟောဝါ​ဘုရားသခင်​သည် ကမ္ဘာ​မြေကြီးကို လူသားတို့​အတွက် ဥယျာဉ်​ကဲ့သို့​သော စံအိမ်​အဖြစ် ဖန်ဆင်း​ပေး​ခဲ့​သည်။ မိမိ၏​ဖန်ဆင်း​ခြင်း​လက်ရာ​အားလုံး​ကို “အလွန်​ကောင်း​သည်” ဟု​မိန့်မြွက်​ကာ ‘[ကမ္ဘာ​မြေကြီး] ကို​ပြုစု​စောင့်ရှောက်​ရန်’ လူသား​တို့ကို တာဝန်​ပေး​ခဲ့​၏။ (ကမ္ဘာဦး ၁:၂၈၊ ၃၁; ၂:၁၅) ကမ္ဘာ​မြေကြီး​၏ လက်ရှိ​အခြေအနေ​နှင့်​ပတ်သက်​၍ ဘုရားသခင် မည်သို့​ခံစားရ​သနည်း။ လူသားတို့၏ တလွဲ​စီမံမှု​ကြောင့် ကိုယ်တော် အလွန်​စိတ်ထိခိုက်​တော်​မူ​သည်။ ထို့​ကြောင့် ကိုယ်တော်​သည် “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ” မည်​ဟု ဗျာ. ၁၁:၁၈ တွင် ကြိုပြော​ထား​၏။ သို့ ဖြစ်၍ ကမ္ဘာ​မြေကြီး​အပေါ်​တွင် ဖြစ်ပျက်​နေသော​အရာ​ကို ကျွန်ုပ်​တို့ အလေး​မထား​ဘဲ မနေ​သင့်​ပါ။

လူ​ကြောင့်​ဖြစ်သော ပျက်စီးမှု​မှန်သမျှ​သည် “ခပ်သိမ်း​သော​အရာ​တို့ကို” ဘုရားသခင် “အသစ်​ဖန်ဆင်း” မည့်​အချိန်တွင် ပြုပြင်​ခံရ​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က အာမခံ​ထား​သည်။ (ဗျာ. ၂၁:၅) သို့သော် ဘုရားသခင်​သည် အချိန်တန်လျှင် ကမ္ဘာ​မြေကြီးကို ပြန်လည်​ပြုပြင်ပေး​မည်​ဖြစ်သော​ကြောင့် ယခု ကျွန်ုပ်​တို့၏​လုပ်ရပ်များ​သည် ဘာမျှ​အရေး​မကြီး​ဟူ၍ ကောက်ချက်​မချ​သင့်​ပေ။ ယင်း​တို့သည် အလွန်​အရေးကြီး​၏။ ကမ္ဘာ​ဂြိုဟ်​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​အမြင်မျိုး ကျွန်ုပ်​တို့​တွင်​ရှိပြီး လှပသည့် ဥယျာဉ်​ကြီး​ဖြစ်စေ​ရန်​ဟူသော ကိုယ်တော်​၏​ရည်ရွယ်ချက်​နှင့်​အညီ ကျွန်ုပ်​တို့ လုပ်ဆောင်​နေကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

ကမ္ဘာ​မြေ သန့်ရှင်း​နေ​စေရန် အတတ်နိုင်ဆုံး​ပါဝင်​လုပ်ဆောင်ခြင်း

လူတို့၏ သာမန်​လုပ်ဆောင်မှုများ​သည် ပျက်စီး​ယိုယွင်းမှု အတော်အတန်​ဖြစ်စေ​သည်။ ယေဟောဝါ​သည် ဤ​ပျက်စီး​ယိုယွင်းမှု​ကို ရှင်းလင်း​ပြုပြင်​ရန်၊ လေထု၊ ရေထု​နှင့် မြေ​ထု​ကို သန့်ရှင်း​စင်ကြယ်​စေရန် ကမ္ဘာ​မြေ​၏​သဘာဝ​သံသရာ​များ​ကို အမြော်အမြင်​ရှိ​ရှိ ပုံစံ​ပြု​ထားခဲ့​သည်။ (သု. ၃:၁၉) ကျွန်ုပ်​တို့၏​လုပ်ရပ်များ​သည် အဆိုပါ​ဖြစ်​စဉ်​များနှင့် ကိုက်ညီ​သင့်​သည်။ သို့ ဖြစ်၍ မလိုအပ်ဘဲ ကမ္ဘာ့​ပတ်ဝန်းကျင်​ဆိုင်ရာ​ပြဿနာ​များ ထပ်​မ​တိုးလာ​စေရန် ဂရုစိုက်​ဖို့​လို​သည်။ ထိုသို့​ဂရုစိုက်​ခြင်း​ဖြင့် လူသားချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်​ကြောင်း တင်ပြ​ရာ​ရောက်​သည်။ (မာကု ၁၂:၃၁က​ဘ) သမ္မာကျမ်းစာ​ခေတ်​မှ စိတ်ဝင်စားဖွယ်​ပုံ​နမူနာ​တစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။

ဘုရားသခင်​သည် အစ္စရေး​လူမျိုး​အား လူ့​အညစ်အကြေး​ကို “တပ်ပြင်” ၌​မြှုပ်​ရမည်ဟု မှာကြား​ခဲ့​၏။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ယင်းက လူနေထိုင်ရာ​တပ်​ကို သန့်ရှင်း​စင်ကြယ်​စေ​ကာ လျင်မြန်​စွာ​ဓာတ်​ပြိုကွဲ​စေနိုင်​သည်။ ယနေ့လည်း ထပ်တူ​ပင်၊ စစ်မှန်သော​ခရစ်ယာန်​များသည် အမှိုက်​သ​ရိုက်​များနှင့် အခြား​အညစ်အကြေး​များ​ကို လျောက်ပတ်​သည့်​နည်းဖြင့် အလျင်အမြန် စွန့်ပစ်​ရန် ကြိုးစား​ကြသည်။ အဆိပ်အတောက်​ဖြစ်စေ​သည့် အရာဝတ္ထု​များ​ကို​စွန့်ပစ်​ရာ​တွင် အထူး​ဂရုစိုက်​သင့်​၏။

များစွာသော စွန့်ပစ်​ပစ္စည်း​များ​ကို ပြန်လည်​အသုံးပြုနိုင်​သည် သို့​မဟုတ် ပြန်လည်​ပြုပြင် အသုံးပြုနိုင်​သည်။ ဒေသန္တရ​ဥပဒေ​များ​က ပြန်လည်​ပြုပြင်​အသုံးပြုရန် ပြဋ္ဌာန်း​ထား​သည်​ဆိုလျှင် ယင်း​ဥပဒေ​ကို​လိုက်နာခြင်း​သည် “ဧကရာဇ်မင်း​၏​ဥစ္စာ​ကို ဧကရာဇ်မင်း​အားပေး” ခြင်း​ဖြစ်သည်။ (မဿဲ ၂၂:၂၁က​ဘ) ပြန်လည်​ပြုပြင်​အသုံးပြုခြင်း​တွင် ပိုမို​အားထုတ်​ဖို့​လို​မည်​ဖြစ်သော်လည်း ယင်းသည် ကမ္ဘာ​မြေ​အား သန့်ရှင်း​စင်ကြယ်​နေ​စေ​လို​သည့်​ဆန္ဒ​ကို ဖော်ပြ​ရာ​ရောက်​၏။

ကမ္ဘာ​မြေ​၏​သယံဇာတ​များ​ကို ထိန်းသိမ်း​ခြင်း

အစာရေစာ၊ နေစရာ​နှင့် လောင်စာ​စ​သော ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပြီး အသက်ဆက်​နိုင်​ရန် သဘာဝ​သယံဇာတ​များ​ကို ကျွန်ုပ်​တို့ အသုံးပြု​ကြ​ရသည်။ ယင်း​သယံဇာတ​များ​ကို ကျွန်ုပ်​တို့​အသုံးပြုပုံ​က ယင်း​တို့သည် ဘုရားသခင်​ထံ​မှ​လာ​သည့် ဆုကျေးဇူး​များ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​အသိအမှတ်ပြု​မပြု​ကို ဖော်ပြ​ပါ​သည်။ အစ္စရေး​လူတို့သည် တောကန္တာရ​တွင် အသားစား​လို​စိတ်​ပေါ်လာ​သောအခါ ယေဟောဝါ​သည် ငုံး​များ​ဖြင့် အလျှံပယ်​ကျွေးမွေး​တော်​မူ​ခဲ့​၏။ သူတို့သည် လို​ဘ​ကြီး​မှု​ကြောင့် ထို​ဆုကျေးဇူးကို တစ်ကိုယ်ကောင်း​ဆန်​စွာ တလွဲ​အသုံးချ​ခဲ့​ရာ ယေဟောဝါ​ဘုရားသခင် အလွန်​အမျက်ထွက်​ခဲ့​သည်။ (တောလည်ရာ ၁၁:၃၁-၃၃) ဘုရားသခင်​သည် ထို​အချိန်​ကတည်းက ပြောင်းလဲ​တော်​မူ​ခြင်း​မရှိခဲ့​ချေ။ ယင်း​နှင့်​အညီ တာဝန်​သိစိတ်​ရှိသော ခရစ်ယာန်​များသည် လို​ဘ​ကြီးခြင်း​၏​လက္ခဏာ​တစ်ရပ် ဖြစ်​နိုင်​သည့် ဖြုန်းတီးခြင်း​ကို ရှောင်ကြဉ်​ကြ​၏။

တချို့က စွမ်းအင် သို့​မဟုတ် အခြားသော​သယံဇာတ​များ​ကို မိမိတို့​စိတ်ကြိုက် အသုံးပြု​ပိုင်ခွင့်​ရှိသည်​ဟု ယူမှတ်​ကြ​ပေမည်။ သို့သော် ကျွန်ုပ်​တို့သည် သဘာဝ​သယံဇာတ​များ​ကို ဝယ်ယူ​သုံးစွဲ​နိုင်​ရုံ​မျှ​နှင့် သို့​မဟုတ် အလျှံပယ်​ရရှိနိုင်​ရုံ​မျှ​နှင့် ယင်း​တို့ကို မ​ဖြုန်းတီး​သင့်​ချေ။ ယေရှုသည် လူအုပ်ကြီး​တစ်အုပ်​ကို အံ့ဖွယ်​နည်းဖြင့် ကျွေးမွေး​ပြီး​နောက် ကျန်ကြွင်း​သည့် ငါး​နှင့်​ပေါင်မုန့်​တို့ကို စုသိမ်း​ရန် ညွှန်ကြား​ခဲ့​သည်။ (ယောဟန် ၆:၁၂) ကိုယ်တော်​သည် ခမည်းတော်​စီမံ​ထား​ရာ​များ​ကို အလေအလွင့်​မရှိစေရန် ဂရုစိုက်​ခဲ့​သည်။

ကြိုးပမ်း​လုပ်ဆောင်​ရာ​တွင် ဟန်ချက်ညီ​စေခြင်း

နေ့စဉ် ကျွန်ုပ်​တို့ ရွေးချယ်ရာ​များ​က ပတ်ဝန်းကျင်​အပေါ် အကျိုး​သက်ရောက်​စေ​သည်။ ကမ္ဘာ​မြေကြီးကို​ထိခိုက်​နေသော အန္တရာယ်​တစ်စုံတစ်ခု​ကို ရှောင်ကြဉ်​ရန် လူ့​ဘောင်​အဖွဲ့အစည်း​အား ကျွန်ုပ်​တို့​ကျောခိုင်း​ရမည်​လော။ ယင်း​သို့​လုပ်ဆောင်ခြင်း​ကို ကျမ်းစာ​က မထောက်ခံ​ပေ။ ယေရှု၏​စံနမူနာ​ကို သုံးသပ်ကြည့်​ပါ။ မြေကြီးပေါ်​ရှိ​စဉ်​က ကိုယ်တော်​သည် သာမန်​ဘဝဖြင့်​နေထိုင်ခဲ့​ပြီး ယင်းက ကိုယ်တော့်​အား ဘုရားသခင်​ခန့်အပ်​ထားသော ဟောပြောခြင်း​လုပ်ငန်း​ကို ပြီးမြောက်​အောင် ဆောင်ရွက်​ခွင့်​ရစေ​ခဲ့​၏။ (လုကာ ၄:၄၃) ထို့ ပြင် ယေရှုသည် မိမိ​ခေတ်​က လူမှုရေး​ပြဿနာ​များ​ကို ဖြေရှင်း​သည့်​နည်းလမ်း​တစ်ရပ်​ဖြစ်သော နိုင်ငံရေး​တွင် ပါဝင်​ပတ်သက်​ရန် ငြင်းဆို​ခဲ့​၏။ ကိုယ်တော်​က “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်” ဟု​ရှင်းရှင်းလင်းလင်း ပြောဆို​ခဲ့​သည်။—ယောဟန် ၁၈:၃၆

သို့သော် အိမ်သုံး​ပစ္စည်း​များ​ဝယ်ခြမ်း​ခြင်း၊ သယ်ယူ​ပို့ဆောင်​ရေး​နှင့် အပန်းဖြေ​ခြင်း​ကဲ့သို့​သော ကျွန်ုပ်​တို့​ရွေးချယ်ရာ​များ​က ပတ်ဝန်းကျင်​အပေါ် အကျိုး​သက်ရောက်​ကြောင်း ဆင်ခြင်​သုံးသပ်ခြင်းက လျောက်ပတ်​ပေ​သည်။ ဥပမာ၊ လူတချို့​သည် ပတ်ဝန်းကျင်​ထိခိုက်မှု လျော့နည်းစေ​သည့်​နည်းများဖြင့် ထုတ်လုပ်​ထားသော ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​ရန်​ရွေးချယ်​ကြသည်။ အခြားသူများ​က​လည်း သဘာဝ​သယံဇာတ​များ​ကို အလွန်အကျွံ​သုံးစွဲ​သည့် သို့​မဟုတ် ညစ်ညမ်းမှု​ဖြစ်စေ​သည့် လုပ်ငန်းဆောင်တာ​များ​တွင် ပါဝင်ခြင်း​ကို ကန့်သတ်​ရန်​ကြိုးစား​ကြသည်။

လူတစ်ဦး​သည် ပတ်ဝန်းကျင်​နှင့်​စပ်လျဉ်း၍ မိမိ​ဆုံးဖြတ်​သည့်​အတိုင်း လိုက်​ဆုံးဖြတ်​ရန် အခြား​သူတို့ကို အတင်း​တိုက်တွန်း​စ​ရာ​မလို​ပေ။ တစ်ဦးစီ၏​အခြေအနေ​နှင့် ဒေသန္တရ​အခြေအနေ​များ​မှာ ကွဲပြား​ခြားနား​သည်။ သို့သော် ကျွန်ုပ်​တို့ တစ်ဦးချင်း​စီ​သည် ကိုယ့်​ဆုံးဖြတ်ချက်​အတွက် တာဝန်​ယူ​ကြ​ရမည်။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း “လူ​အသီးသီး​တို့သည် မိမိတို့၏​ဝန်ကို ဆောင်ရွက်​ရ​ကြ​မည်။”—ဂလာတိ ၆:၅

ဖန်ဆင်း​ရှင်​သည် လူသားတို့အား ကမ္ဘာ​မြေကြီးကို ကြည့်ရှု​စောင့်ရှောက်​ရန် တာဝန်​ပေး​ခဲ့​၏။ ယင်း​တာဝန်​ကို တန်ဖိုး​ထား​လေးမြတ်​ပြီး ဘုရားသခင်​နှင့် ကိုယ်တော်​၏ ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ကို လေးစားခြင်း​က ကမ္ဘာ​မြေကြီး​အား ကျွန်ုပ်​တို့ ကြည့်ရှု​စောင့်ရှောက်​ပုံ​နှင့်​စပ်လျဉ်း၍ ထောက်ထား​စာနာမှု​ရှိ​ရှိ၊ တာဝန်​သိ​သိ​ဖြင့် စဉ်းစား​ဆုံးဖြတ်​ရန် လှုံ့ဆော်ပေး​သင့်ပါသည်။

သင်​စဉ်းစား​ဖူး​သလော

▪ ဘုရားသခင်​သည် ကမ္ဘာ​မြေ​၏ ဝန်းကျင်​ဆိုင်ရာ​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​မည်​လော။—ဗျာ. ၁၁:၁၈

▪ ဘုရားသခင်​သည် ကမ္ဘာ​မြေ​နှင့်​ပတ်သက်​၍ လူသားတို့အား အဘယ်​တာဝန်​အပ်နှင်း​ခဲ့​သနည်း။—ကမ္ဘာဦး ၁:၂၈; ၂:၁၅

▪ ဖြုန်းတီးခြင်း​ကို​ရှောင်​ရာ​တွင် ယေရှု​ခရစ်​သည် အဘယ်​စံနမူနာ​ပြ​ခဲ့​သနည်း။—ယောဟန် ၆:၁၂