ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
▪ ၂၀၀၆ ခုနှစ်တွင် “သတင်းစာဆရာ ၁၆၇ ဦးနှင့် ၎င်းတို့အား ကူညီပေးသူများ” ဖြစ်သည့် ကားသမားနှင့် စကားပြန်တို့သည် “သတင်းထုတ်ပြန်ရန်ကြိုးစားစဉ် သေဆုံးခဲ့ကြသည်။” အများစုမှာ ရာဇဝတ်မှု၊ လာဘ်စားမှု သို့မဟုတ် ဒေသတွင်းပဋိပက္ခများကို သတင်းထုတ်ပြန်နေစဉ်တွင်ဖြစ်သည်။ ၁၃၃ ဦးမှာ အသတ်ခံရကြသည်။—INTERNATIONAL NEWS SAFETY INSTITUTE, ဘယ်လ်ဂျီယမ်။
▪ ၁၀ နှင့် ၁၄ ဘီလီယံကြားရှိ လက်နက်ခဲယမ်းမီးကျောက်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိရာ “ကမ္ဘာပေါ်ရှိ လူတစ်ဦးစီကို နှစ်ခါပြန် ပစ်သတ်နိုင်သည့် ကျည်ဆန်အလုံအလောက်ရှိသည်။”—ROYAL MELBOURNE INSTITUTE OF TECHNOLOGY, ဩစတြေးလျ။
လူဖန်တီးသော ငလျင်များလော
၁၉ ရာစုမှစ၍ လူတို့၏လုပ်ရပ်များကြောင့် အင်အားပြင်းငလျင် အကြိမ် ၂၀၀ ထက်မက လှုပ်ခဲ့သည်ဟု ဂျာမန်မဂ္ဂဇင်း Die Zeit ကဆိုသည်။ ယင်းငလျင်များ၏ထက်ဝက်မှာ သတ္တုတွင်းများ၏ စနက်ကြောင့်ဖြစ်သည်။ အခြားငလျင်များမှာ ဓာတ်ငွေ့၊ လောင်စာဆီ သို့မဟုတ် ရေတူးဖော်ခြင်း၊ မြေလွှာအတွင်းသို့ အရည်များဖြည့်သွင်းခြင်းနှင့် ရေလှောင်ကန်ကြီးများ တူးဖော်ခြင်းတို့ကြောင့်ဖြစ်သည်။ ဩစတြေးလျနိုင်ငံ၊ နယူးကာဆယ်တွင် ၁၉၈၉ ခုနှစ်၌ လှုပ်ခဲ့သောငလျင်ကြောင့် ၁၃ ဦးသေဆုံးကာ ၁၆၅ ဦးဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိသည်။ ယင်းငလျင်သည် မြေအောက်ကျောက်မီးသွေးတွင်းကြောင့် လှုပ်ခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆခဲ့ကြသည်။ အဆိုပါငလျင်ကြောင့်ဖြစ်သော အပျက်အစီးများ၏တန်ဖိုးမှာ လွန်ခဲ့သောအနှစ် နှစ်ရာခန့်က စတင်လည်ပတ်ခဲ့သည့် နယူးကာဆယ်သတ္တုတွင်းမှ ရရှိခဲ့သော စုစုပေါင်းဝင်ငွေထက် ပိုများသည်ဟုခန့်မှန်းရ၏။
ပြင်သစ်နိုင်ငံရှိ ကက်သလစ်ဘာသာ၏အခြေအနေ
၁၉၉၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား ၆၇ ရာခိုင်နှုန်းသည် ကက်သလစ်များဖြစ်ကြ၏။ ယနေ့တွင်မူ ၅၁ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု Le Monde des Religions မဂ္ဂဇင်းကဆိုသည်။ ပြင်သစ်နိုင်ငံမှ ကက်သလစ်ဘာသာဝင်ထက်ဝက်သည် လက်ထပ်မင်္ဂလာပွဲကဲ့သို့သော အထူးအခမ်းအနားများအတွက်သာ ချာ့ခ်ျတက်ကြကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ၏။ ၈၈ ရာခိုင်နှုန်းက ကျွန်ုပ်တို့၏အဖဆုတောင်းစာကို အလွတ်ရသည်ဟု ပြောကြသော်လည်း ၃၀ ရာခိုင်နှုန်းကမူ တစ်ခါမျှ ဆုမတောင်းကြချေ။ ကက်သလစ်မိသားစုထက်ဝက်နီးပါးတွင် ကျမ်းစာအုပ်ရှိသော်လည်း ယင်းသည် ဖတ်ရှုရန်အတွက်ကား မဟုတ်ချေ။
ကလေးများတွင် စကားပြောဆိုနိုင်စွမ်းပုံမှန်မဟုတ်ခြင်း
“စကားပြောနောက်ကျ၍ စကားလုံးအနည်းငယ်သာ အသုံးပြုသောကလေး များသည်ထက်များလာသည်။ အကြောင်းမှာ လူကြီးများက သူတို့နှင့်စကားမပြော၍ဖြစ်သည်” ဟု ပိုလန်မဂ္ဂဇင်း Wprost ကဆိုသည်။ မိခင်များသည် ပျမ်းမျှ တစ်ရက်လျှင် မိနစ် ၃၀ သာ သူတို့၏ကလေးများနှင့်အတူရှိကြပြီး ဖခင်များမှာ “ခုနစ်မိနစ်မျှသာ” အတူရှိသည်။ ရလဒ်အနေနှင့် ကလေး ၅ ဦးလျှင် ၁ ဦးခန့်မှာ “မိဘများ၏လျစ်လျူရှုမှုကြောင့် စကားပြောဆိုနိုင်စွမ်းတိုးတက်မှုမှာ ပုံမှန်မဟုတ်တော့ချေ။” ဆိုက်လိရှားတက္ကသိုလ်မှ စကားပြောကုထုံးပညာရှင်နှင့် ဘာသာဗေဒပညာရှင် မိုက်ကယ်ဘစ်ညော့ခ်က ဤသို့သတိပေးသည်– “ဤသို့သောကလေးများကို စောစောစီးစီး မကုသဘဲ ပစ်ထားပါက သူတို့လေးများ၏ စကားပြောဆိုနိုင်စွမ်းမှာ ပုံမှန်မဟုတ်သောကြောင့် ကျောင်းတွင်နှင့် လူကြီးဘဝတွင် အခက်တွေ့နိုင်သည်။”
ဂျပန်နိုင်ငံတွင် အယူသီးမှုကို အသုံးချခြင်း
ဂျပန်နိုင်ငံ၌ မြူနီစီပယ်အုပ်ချုပ်မှုဒေသတွင် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ခေါင်းခဲစရာ ပြဿနာတစ်ခုဖြစ်သည်။ နေ့ပိုင်းလုံခြုံရေးရဲများသည် ယင်းကို မဟန့်တားနိုင်ချေ။ လူများသည် အများအားဖြင့် အမှိုက်များကို ညဘက်တွင်သာ စွန့်ပစ်ကြ၏။ ယခုအခါတွင် ဒေသခံအာဏာပိုင်များသည် ရှင်တို ဘုရားကျောင်း၏မုခ်ဝနှင့် ဆင်တူသော တိုရီးခေါ် အနီရောင်သစ်သားတိုင်များကို စိုက်ထူခြင်းဖြင့် လူတို့၏အယူသီးမှုကို အဟန့်အတားအဖြစ် အသုံးချနေသည်။ “စိတ်ကူးမှာ အလွန်ရိုးရှင်းပါသည်။ လူများက တိုရီးကို မြင့်မြတ်သောအရာအဖြစ် ရှုမြင်ကြသောကြောင့် ယင်းအနီးအနားတွင် အမှိုက်ပစ်ခြင်းက ကံဆိုးမိုးမှောင်ကျစေသည်ဟု ယူဆကြ၏” ဟူ၍ IHT Asahi Shimbun သတင်းစာကရှင်းပြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယင်းအနီးတစ်ဝိုက်တွင် လူများ အမှိုက်မပစ်ကြတော့ပေ။ “ခပ်ဝေးဝေးနေရာတွင် ပစ်ကြသည်။ ယင်းမှာ အခြားပြဿနာတစ်ခုဖြစ်၏” ဟုအဆိုပါသတင်းစာကဆိုသည်။