မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့ကြ

သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့ကြ

သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့​ကြ

“အရာခပ်သိမ်း​တွင် သေခြင်း​သည် ကြောက်စရာ​အကောင်းဆုံး​ဖြစ်၏။ အကြောင်း​မှာ ယင်းသည် ဘဝ​နိဂုံး ဖြစ်သော​ကြောင့်​တည်း။”—အရစ္စတိုတယ်။

အမျိုးသမီး တစ်ဦး​ကို ၎င်း​၏​မိတ်ဆွေများ​က ဘာသာ​တရား​ကိုင်းရှိုင်း​သူ၊ စစ်မှန်သော​ယုံကြည်သူ​ဟု ယူမှတ်​ထား​ကြသည်။ မိတ်ဆွေ​တချို့က သူ့ကို “ချာ့ခ်ျ​က​အားထား​ရသော အဓိက​ပုဂ္ဂိုလ်” ဟု​ပင် ပြောဆို​ကြ​၏။ သေခြင်း​သည် အမှန်တကယ်​တွင် ဘဝ​နိဂုံး​မဟုတ်၊ ယင်းအစား တ​မ​လွန်​ဘဝသို့​ကူး​ပြောင်း​သည့် ဖြစ်​စဉ်​တစ်ခု​ဖြစ်သည်ဟု သူ​သွန်သင်ခံ​ရ၏။ သို့သော် သူကိုယ်တိုင် သေရ​တော့​မည့်​အချိန်တွင်​မူ ကြောက်ရွံ့​လာ​၏။ သံသယစိတ်​များ​ဝင်လာ​သည့်​အတွက် မိမိ၏​ဘာသာရေး​အတိုင်ပင်ခံ​အား ထို​အမျိုးသမီး​က ဤသို့​မေးမြန်း​သည်– “[သေ​ပြီး​နောက် ဘာဖြစ်​သွားတယ်​ဆိုတာ​နဲ့​ပတ်သက်ပြီး ယုံကြည်ချက်တွေ] အများကြီး​ရှိတယ်။ ဘာက အမှန်​လဲ​ဆိုတာ ရှင် ဘယ်လို​သိနိုင်​မလဲ။”

ဘာသာ​တရား​နှင့် လူ့​ဘောင်​အဖွဲ့အစည်း​အားလုံးနီးပါး​က လူသေ​ပြီး​နောက် ဆက်၍​အသက်ရှင်​သည် သို့​မဟုတ် တစ်ဖန် ပြန်​အသက်ရှင်​မည်​ဟူသော ယူဆချက်​ကို လက်ခံ​ထား​ကြသည်။ ယုံကြည်ချက်များ​စွာ​အနက် အဘယ်အရာက မှန်ကန်​သနည်း။ ခြုံ​၍​ပြော​ရ​လျှင် လူများစွာ​သည် တ​မ​လွန်​ဘဝ​ရှိ​ခြင်း​ကို သံသယဝင်​ကြ​၏။ အသင်​ကော မည်သို့​နည်း။ သေ​ပြီး​နောက် အသက်ဆက်ရှင်​နေသည်​ဟု သွန်သင်ခံ​ရ​ဖူး​ပါသလော။ ယင်း​သွန်သင်ချက်​ကို သင်​ယုံကြည်ပါ​သလော။ သေခြင်းကို သင် ကြောက်ရွံ့​သလော။

တကယ်​မတည်ရှိ​သော​အရာ​ကို ကြောက်ရွံ့​ခြင်း

မကြာသေးမီ ဆယ်စုနှစ်​များ​က စာအုပ်​များစွာ​နှင့် သိပ္ပံ​ဆိုင်ရာ​စာတမ်း​များ​တွင် သေခြင်းနှင့်​ပတ်သက်​သည့် အကြောင်းအရာများ​ကို ရေးသား​ဖော်ပြ​ခဲ့​ကြပြီ။ လူ​အများစုမှာ​မူ သေခြင်း​အကြောင်း မစဉ်း​စား​လို​ကြ​ပေ။ သို့သော် သေခြင်းနှင့်​ပတ်သက်​သည့်​အမှန်တရားက ကျွန်ုပ်​တို့အား ယင်း​အကြောင်းကို မဖြစ်​မနေ​စဉ်းစား​စေ​၏။ နေ့စဉ် ပျမ်းမျှ လူ ၁၆၀,၀၀၀ ကျော် သေဆုံး​နေသည်​ဖြစ်​ရာ လူ့​အသက်​မှာ ပျောက်ပျက်​လွယ်​လှ​၏။ လူတိုင်း တစ်ယောက်​မကျန် သေ​နိုင်သော​ကြောင့် ဤ​အမှန်တရားက လူများစွာ​အား ခြောက်လှန့်​နေ​လေ​သည်။

ပညာရှင်​များသည် သေခြင်း​အား ကြောက်ရွံ့ ခြင်း​ကို အမျိုးအစား​အလိုက် ခွဲခြား​သတ်မှတ်​ခဲ့​ကြသည်။ ယင်း​တို့​တွင် နာကျင်မှုကို ကြောက်ရွံ့​ခြင်း၊ မသိသော​အရာ​ကို ကြောက်ရွံ့​ခြင်း၊ ချစ်ရသူ​များနှင့် သေ​ကွဲ,ကွဲ​ရမည်ကို ကြောက်ရွံ့​ခြင်း၊ လူတစ်ဦး​၏​သေခြင်းက ကျန်ရစ်သူ​များ​အပေါ် ဆိုးကျိုး​များ​သက်ရောက်​မည်​ကို ကြောက်ရွံ့​ခြင်း​တို့ ပါဝင်​သည်။

အဆိုပါ​ကြောက်ရွံ့ ခြင်း​များ​တွင် အများဆုံး​မှာ သေရ​မည်​ကို​ကြောက်ရွံ့​ခြင်း​ဖြစ်သည်။ မည်သည့်​ဘာသာရေး ယုံကြည်ချက်​ပင် ရှိပါစေ သေခြင်း​သည် လူ့​ဘဝ၏​နိဂုံး​ဖြစ်သည်​ဟူသော အယူအဆ​က လူများစွာကို ခြောက်လှန့်​နေ​၏။ သိပ္ပံ​ပညာ​က​လည်း ယင်း​သို့​ကြောက်ရွံ့​ရန် လှုံ့ဆော်ပေး​၏။ လူ့​ကိုယ်ခန္ဓာ​၏​လုပ်ဆောင်မှု​အများစုကို ယခု​အခါ သိပ္ပံ​ဆိုင်ရာ​အသုံးအနှုန်း​များ​ဖြင့် ရှင်းပြ​နိုင်ပြီ​ဖြစ်သည်။ သို့သော် ရုပ်ခန္ဓာ​သေ​ပြီး​နောက် ကိုယ်​တွင်း​မှ မမြင်နိုင်​သော​အစိတ်အပိုင်း​တစ်ခု​က အသက်ဆက်ရှင်​နိုင်စွမ်း​ရှိသည်​ဟူသော အထောက်အထားကို မည်သည့်​ဇီဝ​ဗေဒ​ပညာရှင်၊ ရူပဗေဒ​ပညာရှင် သို့​မဟုတ် ဓာတု​ဗေဒ​ပညာရှင်​က​မျှ မ​တွေ့ရှိ​သေး​ချေ။ ထို့​ကြောင့် သိပ္ပံ​ပညာရှင်​များစွာက လူတစ်ဦး​သေဆုံး​ခြင်း​သည် ဇီဝ​ဗေဒ​ဖြစ်​စဉ်​တစ်ခုမျှသာ​ဖြစ်၏​ဟု ရှင်းပြ​ကြသည်။

သို့​ဖြစ်၍ တ​မ​လွန်​ဘဝကို​ယုံကြည်​သော ဘာသာ​တရား​ကိုင်းရှိုင်း​ပုံ​ရသူ​များစွာ​သည် သေလွန်​သောအခါ ဘာမျှ​မတည်ရှိ​သော အခြေအနေ​သို့​ရောက်ရှိ​သွား​မည်​ကို ကြောက်လန့်​ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ စိတ်ဝင်စားစရာ​မှာ ရှေးခေတ်​ရှင်ဘုရင် ရှောလမုန်​ရေးသားခဲ့​သော ကျမ်း​စာစောင်​များ​တွင် လူ့​သေခြင်းကို ကြောက်ရွံ့​သူ​အချို့ ယူဆကြ​သည့်​အတိုင်း အဆုံးသတ်ခြင်း​ဟု ဖော်ပြ​ထားခြင်း​ဖြစ်သည်။

“မြေမှုန့်”—ခရီးလမ်း​ဆုံး​လော

အနှစ် ၃,၀၀၀ သက်တမ်း​ရှိ ဒေ.ကျမ်း​တွင် ရှောလမုန် ဤသို့​ရေးသား​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်– “အသက်ရှင်​သော​သူသည် မိမိ​သေရ​မည်​ကို​သိ​၏။ သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ အကျိုးအပြစ်​ကိုလည်း​မခံရ။ သူ့ကိုလည်း မေ့လျော့​တတ်ကြ​၏။ သူ၏​ချစ်ခြင်း၊ မုန်း​ခြင်း၊ ငြူစူ​ခြင်း​လည်း ပျောက်ပျက်​၏။” ဤသို့​လည်း ထပ်​ရေးခဲ့​သည်– “ဆောင်ရွက်စရာ​အမှု​ရှိသမျှကို ကြိုးစား​အားထုတ်​၍ ဆောင်ရွက်​လော့။ အကြောင်း​မူ​ကား သင် ယခု​သွား​၍ ရောက်​ရ​လတ္တံ့​သော​အရပ်​တည်း​ဟူသော မရ​ဏာ​နိုင်ငံ​၌ လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။”—ဒေ. ၉:၅၊ ၆၊ ၁၀

“လူသား​တွေ့ ကြုံ​သော​အမှုကို တိရစ္ဆာန်​တွေ့ ကြုံ​တတ်၏။ ထို​နှစ်ဦး​တို့သည် တစ်ပါး​တည်း​သော​အမှုကို တွေ့ ကြုံ​လျက် တစ်ဦး​သေ​သကဲ့သို့ တစ်ဦး​သေတတ်​၏။ . . . လူသည် တိရစ္ဆာန်​ထက် ထူးမြတ်​သော​အကြောင်း​မရှိ။ . . . အလုံးစုံ​တို့သည် တစ်ခု​တည်း​သော​အရပ်သို့ ရောက်​တတ်ကြ​၏။ အလုံးစုံ​တို့သည် မြေမှုန့်​ထဲ​က​ဖြစ်သည်​နှင့်​အညီ မြေမှုန့်​ထဲ​သို့ ပြန်သွား​တတ်ကြ​၏” ဟု​လည်း ရှောလမုန်​မိန့်ဆိုခဲ့​သေး​သည်။—ဒေ. ၃:၁၉၊ ၂၀

အထက်ပါ​စကား​များ​ကို ဘုရင်​ရှောလမုန်​ရေးသားခဲ့​သော်လည်း ဘုရားသခင် မှုတ်သွင်း​ခဲ့​ခြင်း​ဖြစ်​ပြီး ယင်း​တို့ကို သမ္မာကျမ်းစာ​၏ အစိတ်အပိုင်း​ဖြစ်စေ​ခဲ့​သည်။ အဆိုပါ​ကျမ်းချက်​များ​အပြင် သမ္မာကျမ်းစာ​ရှိ အခြားသော​ကျမ်းချက်​များစွာက ကျွန်ုပ်​တို့​အထဲ​ရှိ တစ်စုံတစ်ရာ​သည် သေ​ပြီး​နောက် ပုံစံ​တစ်မျိုး​မျိုး​ဖြင့် အသက်ဆက်ရှင်​နေသည် ဟူသော ရေပန်းစား​နေသည့် ယုံကြည်ချက်ကို မထောက်ခံ​ချေ။ (ကမ္ဘာဦး ၂:၇; ၃:၁၉; ယေဇကျေလ ၁၈:၄) သို့​ဆိုလျှင် “မြေမှုန့်” သို့​မဟုတ် “ဘာမျှ​မတည်ရှိခြင်း” က လူသား​အားလုံး​၏ ဘဝ​နိဂုံး​ဖြစ်သည်ဟု ဘုရားသခင် မိန့်ဆို​တော်​မူ​သလော။ လုံးဝ မ​မိန့်ဆိုခဲ့​ချေ။

လူ့​ကိုယ်ခန္ဓာ​၏ အစိတ်အပိုင်း​တစ်ခုခု​သည် သေလွန်​ပြီး​နောက် အသက်ဆက်ရှင်​သည်​ဟု သမ္မာကျမ်းစာ​က မသွန်သင်​ချေ။ သို့သော် သေလွန်သူ​များ​အတွက် သေချာ​သော​မျှော်လင့်ချက်​တစ်ခု ပေး​ထား​ပါ​သည်။ သေခြင်း​သည် လူ့​ဘဝ၏​နိဂုံး​ဖြစ်သည်​ဟူသော​အချက်​ကို သင် အဘယ်ကြောင့် ကြောက်ရွံ့​စ​ရာ​မလို​ကြောင်း နောက်​ဆောင်းပါး​တွင် တင်ပြ​ပါ​မည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

ရှောင်တိမ်း​၍​မရ​သော ရန်သူ

သေခြင်းကို လူ့​ရန်သူ​ဟု ခေါ်ဆို​ခဲ့​ကြပြီ။ ယင်းသည် တကယ့်​ရန်သူ​တစ်ပါး​ဖြစ်​ပြီး ကျွန်ုပ်​တို့​ပတ်ပတ်လည်​တွင် သက်သေ​အထောက်အထား​များစွာ​ရှိ၏။ ခန့်မှန်းချက်​တစ်ခု​အရ တစ်စက္ကန့်​လျှင် ပျမ်းမျှ လူ ၂ ဦး​နှုန်း​ဖြင့် နှစ်စဉ်​လူ ၅၉ သန်း​ခန့် သေဆုံး​နေ​၏။ မည်သည့်​နည်းများဖြင့် လူ​တို့ သေဆုံး​နေကြ​သနည်း။ ကျေးဇူးပြု​၍ သေခြင်းနှင့်​ပတ်သက်သော အောက်ပါ​ကိန်း​ဂဏန်း​များ​ကို သတိပြု​ကြည့်​ပါ။

▪ ၁၀၂ စက္ကန့်​တိုင်း​တွင် စစ်​ကြောင့် လူတစ်ဦး​သေဆုံး​နေ​၏။

▪ ၆၁ စက္ကန့်​တိုင်း​တွင် လူတစ်ဦး အသတ်ခံ​နေရ​၏။

▪ ၃၉ စက္ကန့်​တိုင်း​တွင် လူတစ်ဦး မိမိကိုယ်ကို​သတ်​သေနေ​၏။

▪ ၂၆ စက္ကန့်​တိုင်း​တွင် ယာဉ်တိုက်မှု​ကြောင့် လူတစ်ဦး​သေဆုံး​နေ​၏။

▪ သုံး​စက္ကန့်​တိုင်း​တွင် မွတ်သိပ်ခြင်း​နှင့်​ဆက်နွှယ်​နေသော အကြောင်းရင်း များ​ကြောင့် လူတစ်ဦး​သေဆုံး​နေ​၏။

▪ သုံး​စက္ကန့်​တိုင်း​တွင် အသက်​ငါး​နှစ်​အောက်​ကလေး​တစ်ဦး သေဆုံး​နေ​၏။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

အကျိုးမရှိ​သော​ရှာဖွေမှု

၁၉၄၉၊ နိုဝင်ဘာ​လ ၉ ရက်​တွင် အသက် ၇၀ အရွယ် ကြေးနီ​သတ္တုတွင်း​လုပ်သား ဂျိမ်းစ်​က​စ်ဒ်​သည် အမေရိကန်​နိုင်ငံ၊ အ​ရီ​ဇိုး​နား​ပြည်နယ်​ရှိ တောင်တန်း​များ​တွင် ပျောက်ဆုံး​သွားခဲ့​၏။ နှစ်ပေါင်း​အတော်ကြာ​မှ သူ သေဆုံး​သွားပြီ​ဟု တရားဝင်​ကြေညာ​ခဲ့​ပြီး​နောက် ၎င်း​၏​ခဲ​လက်ရေး​သေတမ်းစာ​နှင့် ဒေါ်လာ​ထောင်ပေါင်း​များစွာ​တန်​သော ၎င်း​ပိုင်ဆိုင်​သည့် ရင်းနှီး​မြှုပ်နှံ​မှုများ​ကို ရှာဖွေ​တွေ့ရှိ​ခဲ့​ကြသည်။ သေတမ်းစာ​တွင် က​စ်ဒ်​က ၎င်း​၏​ငွေ​များ​ကို “လူသေ​ပြီး​နောက် ဝိညာဉ်​စိုးလ် အသက်ဆက်ရှင် နေသည်​ဟူသော သိပ္ပံ​ဆိုင်ရာ​အထောက်အထား​တချို့” ရှာဖွေ သုတေသန​ပြု​ရေး​တွင် အသုံးပြုပါ​ဟု ဖော်ပြ​ထား​၏။

ယင်း​နောက် များ​မကြာမီ သုတေသီ​များ၊ သိပ္ပံ​ပညာရှင်​များ ဟု​ဆို​သော လူ​အ​ယောက် ၁၀၀ ကျော်​တို့သည် ယင်း​ငွေ​များ​ကို ရရှိရန် လျှောက်ထား​ခဲ့​ကြသည်။ တရားရုံး​တွင် လ​နှင့်​ချီ​၍ အမှု ကြားနာ​စစ်ဆေး​ခဲ့​ပြီး ထောင်ပေါင်း​များစွာက မမြင်နိုင်​သော ဝိညာဉ်​စိုးလ်​ရှိကြောင်း အဆိုပြု​ခဲ့​ကြသည်။ နောက်ဆုံး​၌ တရားသူကြီး​က အဆိုပါ​ငွေ​များ​ကို ယုံကြည်​စိတ်ချ​ရသော သုတေသန​အဖွဲ့​နှစ်​ဖွဲ့​အား ပေးအပ်​လိုက်​သည်။ ရာစုနှစ်​ဝက်​ကျော် ကြာပြီးနောက်​တွင်​လည်း အဆိုပါ​သုတေသီ​များသည် “လူသေ​ပြီး​နောက် ဝိညာဉ်​စိုးလ် အသက်ဆက်ရှင်​နေသည်​ဟူသော သိပ္ပံ​ဆိုင်ရာ​အထောက်အထား” ကို မ​တွေ့ရှိ​ကြ​သေး​ချေ။