မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တံငါရွာလေးတစ်ရွာမှ ရွှေမြို့တော်ကြီးအဖြစ်သို့

တံငါရွာလေးတစ်ရွာမှ ရွှေမြို့တော်ကြီးအဖြစ်သို့

တံငါရွာလေးတစ်ရွာမှ ရွှေမြို့တော်ကြီးအဖြစ်သို့

ဂျပန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ဂျပန်နိုင်ငံ၏ ပထမ တိုကူဂါဝါ ရှိုဂန် * ဖြစ်လာသူ အီယောစု တိုကူဂါဝါ (ညာဘက်) သည် ၁၅၉၀၊ ဩဂုတ်လ၏ သာယာသော နွေရက်တစ်ရက်တွင် ဂျပန်နိုင်ငံအရှေ့ဘက်ရှိ အဲဒိုတံငါရွာလေးပေါ်တွင် ခြေချခဲ့သည်။ ထိုအချိန်တွင် “အဲဒို၌ လယ်သမားများနှင့် တံငါသည်များ၏တဲစုတ် ရာဂဏန်းမျှသာရှိသည်” ဟု The Shogun’s City—A History of Tokyo စာအုပ်ကဆိုသည်။ ယင်း၏ဝန်းကျင်တွင် လွန်ခဲ့သောအနှစ်တစ်ရာကျော်က တည်ဆောက်ခဲ့သည့် ခံတပ်ဟောင်းတစ်ခုရှိသည်။

ရာစုနှစ်ပေါင်းများစွာ တိမ်မြှုပ်နေခဲ့သော ဤရွာကလေးသည် ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုဖြစ်လာရုံမက လူ ၁၂ သန်းကျော် မှီတင်းနေထိုင်သော ကြက်ပျံမကျစည်ကားလှသည့် တိုကျိုမြို့တော်စီရင်စုနယ်အဖြစ် ဖွံ့ဖြိုးတိုးတက်လာသည်။ တိုကျိုမြို့သည် နည်းပညာ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့်ပတ်သက်လာလျှင် ကမ္ဘာပေါ်တွင် ထင်ရှားသောမြို့ကြီးဖြစ်ပြီး ငွေကြေးဆိုင်ရာ အထင်ကရအဖွဲ့အစည်းကြီးများတည်ရှိရာ ဌာနချုပ်လည်းဖြစ်သည်။ ဤမျှကြီးကျယ်သောပြောင်းလဲမှု မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။

တံငါရွာလေးမှ ရှိုဂန်မြို့တော်ကြီးအဖြစ်သို့

၁၄၆၇ ခုနှစ်နောက်ပိုင်း ရာစုနှစ်တစ်ခုတွင် မြေရှင်များအချင်းချင်း စစ်ဖြစ်ပွားခဲ့ကြရာ ဂျပန်နိုင်ငံသည် မြေရှင်များအုပ်ချုပ်သည့် နယ်မြေများအဖြစ် အစိတ်စိတ်အမြွှာမြွှာကွဲပြားသွားသည်။ နောက်ဆုံးတွင် သာမန်လယ်သမားဘဝမှ မြေရှင်ဖြစ်လာသူ ဟီဒေယိုရှီ တိုယိုတိုမီသည် နိုင်ငံတစ်စိတ်တစ်ဒေသကို ပြန်လည်စုစည်း၍ ၁၅၈၅ ခုနှစ်တွင် ဧကရာဇ်ကိုယ်စား အုပ်ချုပ်ခဲ့သည်။ အစပိုင်းတွင် အီယောစုသည် အင်အားကြီး ဟီဒေယိုရှီအား ဆန့်ကျင်တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပူးပေါင်းခဲ့သည်။ သူတို့သည် အင်အားကြီးဟိုကျို မျိုးနွယ်စု၏ခိုလှုံရာ အိုဒါဝါရာရဲတိုက်ကို ဝိုင်းရံပိတ်ဆို့ ပြီး ဂျပန်နိုင်ငံအရှေ့ပိုင်း ကန်တိုဒေသကို သိမ်းပိုက်လိုက်ကြသည်။

ဟီဒေယိုရှီသည် ယခင်ဟိုကျိုအုပ်ချုပ်မှုနယ်မြေမှ နယ်မြေကြီးရှစ်ခုကို အီယောစုအား ပေးအပ်၍ ၎င်း၏ မူလအုပ်စိုးရာဒေသမှ အရှေ့ဘက်သို့ ပြောင်းရွှေ့စေခဲ့သည်။ အကြောင်းမှာ အီယောစုအား ဂျပန်ပြည်၏ ရုပ်ပြမျှသာဖြစ်သော ဧကရာဇ်နေထိုင်သည့် ကျိုတိုမြို့နှင့် ဝေးလံသောဒေသတွင် နေစေလို၍ဖြစ်သည်။ ယင်းကို အီယောစု သဘောတူခဲ့သော်လည်း အစပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း သူသည် အဲဒိုသို့ ရောက်ရှိလာသည်။ သူသည် ဤနိမ့်ကျသောတံငါရွာလေးကို သူ့အုပ်ချုပ်မှုဗဟိုမြို့တော်အဖြစ် ပြောင်းလဲလိုက်သည်။

ဟီဒေယိုရှီကွယ်လွန်ပြီးနောက် အီယောစုသည် အများစုမှာ ဂျပန်နိုင်ငံအရှေ့ပိုင်းမှဖြစ်သော သူ၏ညွှန့်ပေါင်းစစ်တပ်ကို ဦးဆောင်ကာ ၁၆၀၀ ပြည့်နှစ်တွင် အနောက်ပိုင်းသို့ ချီတက်ခဲ့ပြီး တစ်ရက်တည်းဖြင့် အောင်မြင်ခဲ့သည်။ ၁၆၀၃ ခုနှစ်တွင် အီယောစုသည် ရှိုဂန်အဖြစ် ခန့်အပ်ခံရပြီး နိုင်ငံ၏ တစ်ဦးတည်းသောအုပ်စိုးရှင်ဖြစ်လာသည်။ ယခု အဲဒိုသည် ဂျပန်နိုင်ငံ၏ စီမံအုပ်ချုပ်မှုအသစ်၏ဗဟို ဖြစ်လာသည်။

အီယောစုသည် ကြီးမားသောရဲတိုက်ကြီးတစ်ခုတည်ဆောက်ရန် လူအင်အားနှင့် ပစ္စည်းများထောက်ပံ့ဖို့ မြေရှင်များအား အမိန့်ထုတ်ဆင့်ခဲ့သည်။ တစ်ခါက သင်္ဘောအစီး ၃,၀၀၀ ခန့်သည် တောင်ပိုင်းရှိ မိုင် ၆၀ ခန့်ကွာဝေးသည့် အီဇူကျွန်းဆွယ်၏ ချောက်ကမ်းပါးမှ တူးဖော်ရရှိသော လိပ်သည်းကျောက်တုံးကြီးများသယ်ဆောင်ရန် ခိုင်းစေခံရသည်။ ဆိပ်ကမ်းသို့ရောက်သောအခါ လူတစ်ရာ သို့မဟုတ် ထိုထက်မကပါဝင်သောအဖွဲ့သည် ကျောက်တုံးကြီးများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အထိရောက်အောင် ဆွဲတင်ခဲ့ကြရသည်။

အနှစ် ၅၀ ကျော်ကြာပြီးနောက် တတိယရှိုဂန်လက်ထက်တွင် ဂျပန်နိုင်ငံ၌ အကြီးမားဆုံးရဲတိုက်ကြီး ဆောက်လုပ်ပြီးစီးသွားရာ ယင်းသည် အင်အားကြီးမားသော တိုကူဂါဝါအုပ်စိုးမှု၏ ထူးခြားသည့်အမှတ်သင်္ကေတဖြစ်လာသည်။ ရှိုဂန်ထံတွင် အမှုထမ်းသော ဆာမူရိုင်းခေါ် ရဲမက်များသည် ရဲတိုက်ဝန်းကျင်တွင် နေထိုင်ကြသည်။ ရှိုဂန်သည် မြေရှင်များအား သူတို့၏နယ်မြေရှိ ရဲတိုက်များအပြင် အဲဒိုရှိ စံအိမ်ကြီးများကို ထိန်းသိမ်းစေခဲ့သည်။

ဆာမူရိုင်းများ၏လိုအပ်ရာများကို ဖြည့်ဆည်းရန် ကုန်သည်လူစုနှင့် လက်မှုပညာသည်များသည် နိုင်ငံတစ်ဝန်းမှ စုရုံးရောက်ရှိလာကြသည်။ ထိုဒေသသို့ အီယောစုရောက်ရှိပြီး ရာစုနှစ်တစ်ခုခန့်ဖြစ်သည့် ၁၆၉၅ ခုနှစ်တွင် အဲဒို၏လူဦးရေမှာ တစ်သန်းအထိ တိုးများလာသည်။ ၎င်းသည် ထိုအချိန်က ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ ဖြစ်ခဲ့သည်။

ဓားမှ ပေသီးသို့

ရှိုဂန်အုပ်ချုပ်ချိန်တွင် အလွန်ငြိမ်သက်အေးချမ်းသောကြောင့် ရဲမက်များမှာ လုပ်စရာအလုပ်နည်းပါးလှသည်။ သို့သော် ဆာမူရိုင်းများသည် သူတို့၏အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ဂုဏ်ယူလျက်ရှိသည်၊ သို့သော် ဓား၏သြဇာမှာ တဖြည်းဖြည်းကျဆင်းလာပြီး အရှေ့တိုင်းတွင် ရေပန်းစားသော တွက်ချက်နည်းဖြစ်သည့် ပေသီးမှာ နေရာရလာသည်။ အနှစ် ၂၅၀ ကျော် ငြိမ်သက်အေးချမ်းသောကာလဖြစ်ခဲ့သည်။ အထူးသဖြင့် ကုန်သည်များဖြစ်သော သာမန်ပြည်သူများမှာ ရုပ်ပစ္စည်းကြွယ်ဝလာပြီး လွတ်လပ်ပျော်ရွှင်မှုကို ပို၍ခံစားကြရသည်။ တစ်မူထူးခြားသောယဉ်ကျေးမှု ထွန်းကားလာသည်။

တိုင်းသူပြည်သားများသည် နာမည်ကျော် ကဘူကီပြဇာတ် (သမိုင်းဝင်ပြဇာတ်)၊ ဘွန်ရာကူ (ရုပ်သေးပွဲ) နှင့် ရာကူဂို (ဟာသပုံပြောခြင်း) တို့ကို ကြည့်ရှုခံစားကြသည်။ ပူပြင်းသောနွေရာသီ ညနေခင်းများတွင် လူတို့သည် အဲဒိုတည်ရှိရာ အေးမြသည့် စူမီဒါမြစ်ကမ်းဘေး၌ စုရုံးကြသည်။ သူတို့သည် မီးရှူးမီးပန်းများလွှတ်သည်ကိုလည်း ကြည့်ရှုခံစားကြသည်။ ထိုဓလေ့သည် ယနေ့ထိတိုင် လူကြိုက်များလျက်ရှိသည်။

သို့သော် အဲဒိုကို အခြားကမ္ဘာ့နိုင်ငံများက မသိရှိသေးချေ။ ဂျပန်သည် ဒတ်ခ်ျ၊ တရုတ်၊ ကိုရီးယားတို့နှင့် အဆက်အသွယ်အနည်းငယ်ရှိသည်မှလွဲ၍ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံခြင်းကို အနှစ် ၂၀၀ ကျော်မျှ ပိတ်ပင်ခဲ့သည်။ သို့သော် တစ်နေ့တွင် မမျှော်လင့်သောဖြစ်ရပ်တစ်ခုက မြို့တော်နှင့် နိုင်ငံ၏အခြေအနေကို ပြောင်းလဲစေခဲ့သည်။

အဲဒိုမှ တိုကျိုသို့

အဲဒိုကမ်းခြေအနီးတွင် မီးခိုးများတလူလူမှုတ်ထုတ်နေသော သင်္ဘောများ ရုတ်တရက်ပေါ်လာသည်ကို ထူးဆန်းစွာ တွေ့ရှိလိုက်ရသည်။ အံ့အားသင့်နေသောတံငါသည်များက ယင်းတို့ကို မျောနေသော မီးတောင်များဟု ထင်မှတ်ခဲ့ကြသည်။ အဲဒိုတွင် ကောလာဟလသတင်းများ ပျံ့နှံ့သွားပြီး လူများစွာမှာ မြို့တွင်းမှ ထွက်ပြေးခဲ့ကြသည်။

ထိုသင်္ဘောများမှာ အမေရိကန်ရေတပ်မှ ရေတပ်ဗိုလ် မက်သရူး စီ. ပယ်ရီ ဦးဆောင်သော သင်္ဘောလေးစင်းဖြစ်ပြီး ၁၈၅၃၊ ဇူလိုင် ၈ ရက်နေ့တွင် အဲဒိုပင်လယ်အော်သို့ ဆိုက်ရောက်လာသည် (ဘယ်ဘက်)။ ပယ်ရီသည် ဂျပန်နိုင်ငံနှင့် မိမိနိုင်ငံကို ကုန်သွယ်ခွင့်ပြုပါရန် ရှိုဂန်အုပ်ချုပ်သူများထံ တောင်းဆိုခဲ့သည်။ ဂျပန်လူမျိုးသည် ပယ်ရီရောက်ရှိလာခြင်းကြောင့် အခြားသောကမ္ဘာ့နိုင်ငံများ၏ စစ်ရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနှင့် နှိုင်းယှဉ်လျှင် မိမိတို့ မည်မျှတိုင်နောက်ကျကျန်ရစ်နေသည်ကို သဘောပေါက်လာ၏။

ဤအဖြစ်အပျက်များက တိုကူဂါဝါအုပ်စိုးမှုကို ဆုတ်ယုတ်ကျဆင်းစေပြီး ဧကရာဇ်အုပ်ချုပ်မှုကို ပြန်လည်အသက်ဝင်စေခဲ့သည်။ ကျိုတိုမြို့၏အရှေ့ဘက်တွင် တည်ရှိသောကြောင့် ၁၈၆၈ ခုနှစ်တွင် အဲဒိုကို “အရှေ့ပိုင်းမြို့တော်” ဟုအဓိပ္ပာယ်ရသည့် တိုကျိုဟု အမည်ပြောင်းလဲလိုက်သည်။ ဧကရာဇ်သည် ကျိုတိုတွင်တည်ရှိသော ၎င်း၏နန်းတော်ကို နောက်ပိုင်းတွင် နန်းတော်နေရာအသစ်ဖြစ်လာသည့် အဲဒိုရဲတိုက်သို့ ပြောင်းရွှေ့လိုက်သည်။

အစိုးရသစ်သည် အနောက်တိုင်းယဉ်ကျေးမှု၏လွှမ်းမိုးမှုအောက်တွင် ခေတ်မီဂျပန်နိုင်ငံတည်ထောင်ရေးစီမံကိန်းကို စတင်ခဲ့၏။ ယင်းကြောင့် လုပ်ဆောင်စရာ များစွာရှိခဲ့သည်။ အချို့က ဤကာလကို အံ့ဖွယ်ကာလဟု ရည်ညွန်းခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် တိုကျိုနှင့် ယိုကိုဟားမားမြို့နှစ်မြို့၏ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းကို ဖွင့်လှစ်ခဲ့သည်။ မကြာမီတွင် ဤမြို့နှစ်မြို့ကို ဆက်သွယ်ထားသော ပထမဦးဆုံးမီးရထားလမ်းကို စတင်ဖောက်လုပ်ခဲ့သည်။ သစ်သားအိမ်များကြားတွင် အုတ်ဖြင့်ဆောက်ထားသောအဆောက်အအုံများ အစီအရီ ပေါ်ပေါက်လာသည်။ ဘဏ်များ၊ ဟိုတယ်များ၊ စတိုးဆိုင်ကြီးများနှင့် စားသောက်ဆိုင်များကို တည်ဆောက်ခဲ့ကြသည်။ ပထမဆုံးသောတက္ကသိုလ်ကြီးများကို တည်ဆောက်ခဲ့ကြသည်။ မြေသားလမ်းများအစား ကျောက်ခင်းလမ်းများ နေရာယူလာသည်။ ရေနွေးငွေ့ ဖြင့် မောင်းသောစက်လှေများသည် စူမီဒါမြစ်အတွင်း စုန်ဆန်သွားလာလျက်ရှိသည်။

လူများပင် ပြောင်းလဲလာကြသည်။ အများစုမှာ ရိုးရာကီမိုနိုကို ဝတ်ဆင်ခဲ့ကြသော်လည်း အနောက်တိုင်းအဝတ်အစားများကို ကြိုးစားဝတ်ဆင်လာသည့် ဂျပန်လူမျိုး ပို၍များပြားလာသည်။ အမျိုးသားများသည် နှုတ်ခမ်းမွှေးများထားကာ ဦးထုပ်ရှည်နှင့် လမ်းလျှောက်တုတ်များကို အသုံးပြုလာကြပြီး အမျိုးသမီးအချို့မှာ ကြော့ကြော့မော့မော့ဝတ်ဆင်၍ ဝေါ့ဇ်အကကို သင်ယူခဲ့ကြသည်။

ဆာကေအပြင် ဘီယာသည် လူကြိုက်များလာပြီး ဘေ့စ်ဘောကစားနည်းသည် စူမိုနပန်းကဲ့သို့ပင် နိုင်ငံ၏ အနှစ်သက်ဆုံးကစားနည်း ဖြစ်လာသည်။ တိုကျိုသည် ရေမြှုပ်ကြီးတစ်ခုပမာ ထိုအချိန်က ယဉ်ကျေးမှုနှင့် နိုင်ငံရေးအတွေးအခေါ်များကို စုပ်ယူပြီး ယင်းတို့ကို မိမိတို့၏ ဘဝပုံစံဖြစ်စေခဲ့သည်။ မြို့တော်ကြီးသည် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာရာ ရုတ်တရက် ဘေးဆိုးကျရောက်ခဲ့သည့်နေ့အထိပင်ဖြစ်သည်။

ပြာပုံဘဝမှ တိုးတက်လာ

၁၉၂၃၊ စက်တင်ဘာ ၁ ရက်နေ့၌ လူအများစု နေ့လယ်စာပြင်ဆင်နေချိန်တွင် ကန်တိုဒေသ၌ ငလျင်ကြီးတစ်ခုလှုပ်ခဲ့ရာ ၂၄ နာရီကြာပြီးသည့်နောက်ပိုင်းတွင် ပြင်းထန်သောတုန်ခါမှုတစ်ခုအပါအဝင် နောက်ဆက်တွဲငလျင်ငယ်များ ရာချီ ဆက်ဖြစ်ပွားခဲ့သည်။ ငလျင်ကြီးကိုယ်နှိုက်က အပျက်အစီးများစွာ ဖြစ်ပွားစေခဲ့သော်လည်း ငလျင်ကြောင့်ဖြစ်သော မီးလောင်မှုက တိုကျိုမြို့၏ အစိတ်အပိုင်းများစွာကို ပို၍ပင် ပျက်စီးစေခဲ့သည်။ စုစုပေါင်းလူ ၁၀၀,၀၀၀ ကျော်သေကျေခဲ့ပြီး ယင်းအထဲတွင် တိုကျိုမြို့မှ ၆၀,၀၀၀ ပါဝင်သည်။

တိုကျိုမြို့သားများသည် မြို့တော်ကြီး ပြန်လည်တည်ဆောက်ခြင်းကို အကြီးအကျယ် စတင်လုပ်ဆောင်ခဲ့ကြ၏။ အတော်အတန် ပြန်လည်ပြုပြင်တည်ဆောက်ပြီးသောအခါ မြို့တော်သည် ဒုတိယကမ္ဘာစစ်အတွင်းတွင် လေကြောင်းတိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြန်သည်။ အထူးသဖြင့် အကြီးအကျယ်ပျက်စီးခဲ့ရခြင်းမှာ ၁၉၄၅၊ မတ် ၉/၁၀ ညသန်းခေါင်မှ မနက်သုံးနာရီအတွင်း ခန့်မှန်းခြေဗုံးအလုံးပေါင်း ၇၀၀,၀၀၀ ကြဲချခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ အများစုမှာ သစ်သားအဆောက်အအုံများဖြစ်ပြီး လူခြေစိပ်သည့် မြို့လယ်ဧရိယာများသို့ မဂ္ဂနီဆီယမ်နှင့် ဓာတ်ဆီပျစ်များဖြင့်ပြုလုပ်ထားသော မီးလောင်ဗုံးများ ကြဲချခဲ့ရာ လူ ၇၇,၀၀၀ ကျော် သေကျေပျက်စီးခဲ့ရသည်။ ယင်းသည် သမိုင်းတွင် နျူကလီးယားမဟုတ်သော ဗုံးကြောင့်ဖြစ်သည့် အကြီးမားဆုံးအပျက်အစီးဖြစ်သည်။

အပျက်အစီးကြားမှ စစ်ပြီးခေတ်တိုကျိုသည် ပြာပုံဘဝတွင် မြို့တော်တည်ဆောက်ရေးလုပ်ငန်းကို အထူးခြားဆုံးနည်းဖြင့် ပြန်လည်လုပ်ကိုင်ခဲ့သည်။ ယင်းနောက် အနှစ် ၂၀ မပြည့်မီ ၁၉၆၄ ခုနှစ်တွင် တိုကျိုမြို့တော်သည် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို လက်ခံကျင်းပနိုင်သည့်အထိ ပြန်လည်နာလန်ထူလာသည်။ လွန်ခဲ့သော ဆယ်စုနှစ်လေးခုတွင် မြို့ပြဧရိယာများ၌ လမ်းမကြီးများနှင့် ကွန်ကရစ်အဆောက်အအုံများ အပြည့်ဖြစ်လာပြီး မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင် ပေါ်ထွက်လာသည်။

တိုကျိုမြို့သားများ၏စိတ်ဓာတ်က အောင်မြင်စေ

သက်တမ်း အနှစ် ၄၀၀ ရှိပြီဖြစ်သော ယခုတိုကျိုဟုခေါ်သည့်မြို့တော်ကြီးသည် အခြားကမ္ဘာ့မြို့ကြီးများနှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်ရစ်သည့် အနေအထားတွင်မရှိတော့ပါ။ မြို့တော်၏အချို့နေရာများတွင် ရှေးဟောင်းအငွေ့အသက်များရှိနေသေးသော်လည်း အဆောက်အအုံများနှင့် ဖွဲ့စည်းတည်ဆောက်ပုံအများစုမှာမူ ရှေးဟောင်းပုံစံမရှိတော့ချေ။ သို့သော် မြို့တော်ကို အသေးစိတ်လေ့လာကြည့်ပါက ယင်းသည် ရှေးဟောင်းအဲဒိုမှ အစပြုခြင်းဖြစ်ကြောင်း မြင်သာသည်။

မြို့လယ်ခေါင်တွင် စိမ်းလန်းသော မြေကွက်ကျယ်ကြီးတစ်ခုတည်ရှိသည်။ ယခု ဧကရာဇ်နန်းတော်နှင့် ယင်း၏ပတ်ဝန်းကျင်သည် မူလအဲဒိုရဲတိုက်တည်ရှိရာနေရာတွင်ပင် တည်ရှိသည်။ အဓိကလမ်းမကြီးများသည် ဤနေရာမှတစ်ဆင့် မြို့ကြီး၏အခြားနေရာများသို့ ယှက်ဖြာထွက်လျက်ရှိရာ အဲဒိုမြို့၏ အခြေခံပုံစံအတိုင်းပင်ဖြစ်သည်။ မြို့တော်တစ်ခွင်တွင်ရှိသည့် စနစ်တကျမရှိသော လမ်းများ၏ဖွဲ့စည်းပုံက အဲဒိုမြို့ဟောင်းကို ပြန်လည်သတိရစေသည်။ အမှန်ဆိုရလျှင် လမ်းအများစုတွင် အမည်ပင်မရှိချေ။ တိုကျိုမြို့တွင် အခြားကမ္ဘာ့မြို့တော်ကြီးများ၌ တွေ့ရသော လေးထောင့်ပုံစံမြေကွက်များအစား ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိ နံပါတ်တပ်ထားသော အကွက်များကို တွေ့ရသည်။

သို့သော် မြေငလျင်များ၊ ရေရှည်စီးပွားရေးကျဆင်းမှုများနှင့် လူဦးရေထူထပ်သောစိန်ခေါ်ချက်များကြားမှ အထူးသဖြင့် တိုင်းတစ်ပါး၏ အသစ်သောအတွေးအခေါ်များကို သင်ယူလိုသည့်သဘောနှင့် ရှေ့သို့ တွန်းကန်တိုးတက်လိုသော တိုကျိုမြို့သားများ၏ စိတ်ဓာတ်မှာ ရှေးအချိန်မှ ကျန်ရစ်သည့် အထူးခြားဆုံးအရာဖြစ်သည်။ မထင်မရှား တံငါရွာလေးအဖြစ်မှ နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော မြို့တော်ဖြစ်ခဲ့သည့် အားမာန်အပြည့်ဖြင့် တက်ကြွနေသောတိုကျိုကို ကိုယ်တိုင် လာရောက်ကြည့်ရှုပါလေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ရှိုဂန်သည် ဂျပန်စစ်သေနာပတိ၏ အရိုက်အရာကိုဆက်ခံသူဖြစ်ပြီး ဧကရာဇ်၏အုပ်ချုပ်မှုအောက်တွင် အကြွင်းမဲ့အာဏာကို ကျင့်သုံးသူဖြစ်သည်။

[စာမျက်နှာ ၁၉ ပါမြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဂျပန်

တိုကျို (အဲဒို)

ယိုကိုဟားမား

ကျိုတို

အိုဆာကာ

[စာမျက်နှာ ၂၀ ပါပုံ]

ယနေ့ တိုကျို

[Credit Line]

Ken Usami/​photodisc/​age fotostock

[Picture Credit Line on page 20]

© The Bridgeman Art Library

[Picture Credit Line on page 21]

The Mainichi Newspapers